ကိုရိုနာဗိုင်းရပ်စ် - အီးယူမှာ ဆိုင်တချို့ပြန်ဖွင့်၊ ထိုင်းမှာတော့ ဖွင့်ခွင့်ပေးမယ်ပြောပြီးမှ ပြန်ပိတ်
အီးယူမှာ ဖြေလျှော့တာတွေကို နိုင်ငံအားလုံး ညှိလုပ်ဖို့ ကော်မရှင်တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ လက်ရှိကျင့်သုံးနေတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ လုပ်မယ်ဆိုရင် အားလုံးညှိနှိုင်းပြီးလုပ်ကြဖို့ ဥရောပကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
ဖြေလျှော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အရောင်းဆိုင်တွေနဲ့ ကျောင်းတွေကို အရင်ဆုံးပြန်ဖွင့်သင့်တယ်၊ ဒါပေမယ့် ဆိုရှယ်ဒစ်စတန့်ဆင်းလို့ခေါ်တဲ့ လူချင်းခပ်ခွာခွာနေဖို့ စည်းကမ်းတွေတော့ ဆက်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။
ဒုတိယအဆင့်အနေနဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ဘားတွေ ပြန်ဖွင့်နိုင်ပေမယ့် ဖွင့်ချိန်နဲ့ ဧည့်သည်အရေအတွက်ကိုတော့ ကန့်သတ်ထားရဦးမယ်လို့ ဆိုပါတယ်။
ဒီလို အဆင့်လိုက် ဖြေလျှော့ပေးတာမျိုး လုပ်တာတောင်မှ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနိုင်သေးတယ်လို့လည်း ကော်မရှင်က သတိပေးပါတယ်။ အခုဆို အီတလီ၊ ဒိန်းမတ်နဲ့ သြစတီးယားတို့မှာ ယာယီအားဖြင့် ကန့်သတ်ချက်တချို့ကို လျှော့ပြီး ပိတ်ဆို့ထားတာတွေကို ပြန်ဖွင့်ပေးနေပါတယ်။ ငါးပတ်ကြာ အားလုံးပိတ်ထားခဲ့တဲ့ အီတလီမှာ စျေးဆိုင်တချို့ ပြန်ဖွင့်ပြီးသြစတီးယားမှာတော့ ကုန်မာဆိုင်တွေ၊ ပန်းခြံပစ္စည်းအရောင်းဆိုင်တွေ၊ လက်မှု ကိရိယာဆိုင်တွေ ပြန်ဖွင်ခဲ့ပါတယ်။
ဆိုင်တွေပြန်ဖွင့်နိုင်တယ်ပြောပြီးမှ ထိုင်းအုပ်ချုပ်ရေးမှူး အမိန့်ကိုပြန်ပြင်

ဓာတ်ပုံ ရင်းမြစ်, NurPhoto
ထိုင်းနိုင်ငံက ခရိုင်ကြီးတခုမှာ ကိုရိုနာ ဗိုင်းရပ် ထိန်းချုပ်ရေးအတွက် ပိတ်ထားတဲ့ ဆိုင်တချို့ကို ပြန်ဖွင့်ဖို့ အမိန့်ပေးခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ဆံသဆိုင်၊ ထီဆိုင်နဲ့ ပရိဘောဂဆိုင်လိုမျိုး လုပ်ငန်းတချို့ကို ပြန်ဖွင့်ခွင့်ပေးမယ်ဆိုပြီး ဆူဂျင် ချိုင်ချုမ်ဆတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့တော်နားက နုန်သဘူရီ ခရိုင်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ် ဗိုင်းရပ် လူနာ တတိယ အများဆုံး တွေ့ရတဲ့ နယ်မြေ ဖြစ်နေတဲ့အတွက် ဒီအမိန့်ကို ထိုင်းလူမှုကွန်ရက်တွေမှာ ဝေဖန်တာတွေ များခဲ့ပါတယ်။ အဲဒီခရိုင်မှာ ကိုဗစ် ကူးစက်ခံရသူ ၁၅ဝ ရှိနေပြီ လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါရှင် ၂၆ဝဝ ကျော် ရှိနေပြီး ဆေးစစ်တဲ့ ပစ္စည်း အကန့်အသ ရှိတ်နေတဲ့ အတွက် ဗိုင်းရပ်က ဘယ်လောက်ပြန့်နေတယ် ဆိုတာ မသိနိုင်ဘဲ ဖြစ်နေပါတယ်။
ယူကေမှာ ကိုဗစ်ကြောင့်သေဆုံးသူ ကြေညာတာထက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်္ဂလန်နဲ့ ဝေလပြည်နယ်က နောက်ဆုံးရရှိတဲ့ တရားဝင် ကိန်းဂဏန်းတွေအရ ဗြိတိသျှအစိုးရက နေ့စဉ် ထုတ်ပြန်တဲ့ စာရင်းထက် လူတွေ အများကြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေရတယ်လို့ ယူဆနိုင်စရာ တွေ့ရပါတယ်။
ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူတွေအထဲက ဆယ်ရာခိုင်နှုန်းဟာ နေအိမ်တွေ၊ စောင့်ရှောက်ရေးဂေဟာတွေမှာ သေဆုံးခဲ့တာဖြစ်ပြီး အစိုးရက ထုတ်ပြန်တဲ့ နေ့စဉ်သေဆုံးသူ အရေအတွက်ကတော့ ဆေးရုံကိုရောက်လာပြီး ဆေးရုံမှာ သေဆုံးသူတွေကိုပဲ ရေတွက်ထားတာ ဖြစ်ပါတယ်။
လူနာတွေကို စောင့်ရှောက်နေရသူတွေကတော့ သေဆုံးသူအရေအတွက်က အများကြီး ပိုနိုင်တယ်လို့ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ ထိန်းမနိုင်လောက်အောင် ပျံ့နေလို့ လူတွေကို ပိုပြီး ဆေးစစ်ပေးဖို့နဲ့ ပြုစုရသူ ဆေးဝန်ထမ်းတွေကို အကာအကွယ် ကိရိယာတွေ ပိုပေးဖို့ သူတို့က တောင်းဆိုကြပါတယ်။
ဧပြီလ ပထမအပတ်အတွင်းမှာ အရင်နှစ်တွေက ပျမ်းမျှသေဆုံးသူတွေထက် လူ ၆၀၀၀ ကျော်ပိုသေဆုံးခဲ့တယ်လို့ ဗဟိုစာရင်းရုံးရဲ့ ကောက်ယူချက်အရ တွေ့ခဲ့ရပါတယ်။ ဒီအထဲက တဝက်လောက်ပဲ ကိုရိုနာနဲ့ သေဆုံးခဲ့တာ ဖြစ်နိုင်ပေမယ့် စာရင်းကောက်ယူတဲ့အခါ အားနည်းချက်ကို တွေ့ရတာ ဖြစ်ပါတယ်။
မရှိတဲ့ နှာခေါင်းစည်း ဒေါ်လာနှစ်သန်းခွဲဖိုးရောင်းပြီး လိမ်လည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပက နှာခေါင်းစည်းတွေ ရောင်းပေးမယ်ဆိုပြီး အစိုးရ ကျန်းမာရေးအရာရှိတွေဆီက ဒေါ်လာသန်းချီ လိမ်လည်ဖို့ ကြိုးစားမှု တစ်ခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ဥရောပရဲတပ်ဖွဲ့ ယူရိုပိုလ်က ပြောပတယ်။
စပိန်နဲ့ နယ်သာလန်အခြေစိုက်ကုမ္ပဏီတွေရဲ့ ဝက်ဆိုက်တွေလို့ အယောင်ဆောင်ထားတဲ့ ဝက်ဆိုက်တွေဆီက ဂျာမန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဝယ်တော်တွေက ဒေါ်လာနှစ်သန်းခွဲကျော်ဖိုး နှာခေါင်းစည်းတွေ မှာယူခဲ့တာပါ။ အခုတော့ ပေးထားတဲ့ ပိုက်ဆံတွေ ပြန်ရခဲ့ပြီလို့ ရဲတွေက ပြောပါတယ်။
အဲဒီငွေတွေထဲက တချို့ကို ဗြိတိန်ကတဆင့် လွှဲပြောင်းပြီး နိုင်ဂျီးရီးယားနိုင်ငံက ဘဏ်စာရင်းတွေဆီပို့ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအယောင်ဆောင်လိမ်လည်မှုနဲ့ လူနှစ်ယောက်ကို နယ်သာလန်မှာ ဖမ်းခဲ့ပါတယ်။
ဒီလို လိမ်လည်မှု ထောင်ချောက်ထဲ ကျခဲ့သူတွေ ထပ်ရှိဦးမလားဆိုပြီး ရဲက ဆက် စုံစမ်းနေပါတယ်။








