အမေရိကန်-တာလီဘန်သဘောတူချက်အရ တာလီဘန်အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ အာဖဂန်သမ္မတ အက်ရှ် ရက်ဖ် ဂါနီ ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန်နဲ့ တာလီဘန်တို့ သဘောတူညီမှုရလိုက်တဲ့ အချက်တွေထဲမှာ ပါဝင်တဲ့ တာလီဘန်စစ်သွေးကြွ ၅၀ဝ၀ ပြန်လွှတ်ပေးရေးကိစ္စကို အာဖဂန် အစိုးရက လုပ်မယ်လို့ ကတိမပေးခဲ့ကြောင်း အာဖဂန်နစ္စတန် သမ္မတ အက်ရှ် ရက်ဖ် ဂါနီက ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကာတာနိုင်ငံအတွင်း ပြုလုပ်နေတဲ့ အမေရိကန်-တာလီဘန် ဆွေးနွေးပွဲအတွင်း လာမယ့် မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တာလီဘန်တွေဘက်က အာဖဂန် အစိုးရဝန်ထမ်း တထောင်အထိ လွှတ်ပေးမယ်ဆိုရင် ဖမ်းထားတဲ့ တာလီဘန် ငါးထောင်ကို အာဖဂန်အစိုးရဘက်က ပြန်လွှတ်ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
အခုလို တာလီဘန်အကျဉ်းသား လွှတ်ပေးရမယ့် ကိစ္စဟာ အာဖဂန် အစိုးရပိုင်းနဲ့ တာလီဘန်တို့ တိုက်ရိုက်မဆွေးနွေးခင် လုပ်ပေးရမယ့်ကိစ္စ ဖြစ်လို့မရပေမယ့် နှစ်ဖက်ဆွေးနွေးမှုတခုလုံးရဲ့ အစိတ်အပိုင်းတော့ ဖြစ်သင့်တယ်လို့ မစ္စတာ ဂါနီက ပြောပါတယ်။
အမေရိကန်-တာလီဘန် သဘောတူချက်မှာ အာဖဂန်နစ္စတန် နိုင်ငံကနေ အမေရိကန်တပ်တွေ ဖြည်းဖြည်းချင်း ရုတ်သိမ်းပေးဖို့ အချက်လည်း ပါဝင်နေပါတယ်။
တာလီဘန်ကလည်း အပြန်အလှန် အနေနဲ့ အာဖဂန် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။
တာလီဘန်တွေအနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အယ်လ်ကိုင်းဒါးနဲ့တကွ တခြား အစွန်းရောက်အုပ်စုတွေကို လှုပ်ရှားခွင့် မပေးဖို့အချက်လည်း အမေရိကန်-တာလီဘန် သဘောတူချက်ထဲမှာ ပါဝင်ပါတယ်။
၂၀ဝ၁ ခုနှစ် စက်တင်ဘာလ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အယ်လ်ကိုင်းဒါး အဖွဲ့က ကျူးလွန်အပြီး ရက်သတ္တပတ်အတွင်းမှာပဲ အမေရိကန်က အဲဒီအဖွဲ့ အခြေစိုက်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ အာဖဂန်နစ္စတန် နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေကို အမေရိကန်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်းမှာတော့ သူပုန်တပ်ဖွဲ့ဖြစ်သွားခဲ့ပြီး ၂၀၁၈ လောက်မှာ နိုင်ငံနယ်မြေရဲ့ သုံးပုံ နှစ်ပုံ လောက်မှာ လှုပ်ရှားနိုင်တဲ့ အထိ အင်အားကြီးလာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မစ္စတာ ဂါနီရဲ့ ပြောကြားချက် အပြည့်အစုံ
ကာတာနိုင်ငံ ဒိုဟာမြို့မှာ အမေရိကန်-တာလီဘန် သဘောတူချက် လက်မှတ်ထိုးကြအပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ အပြည့်အဝ အပစ်အခတ် ရပ်စဲဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက် အကြမ်းဖက်မှုတွေ ဆက်ပြီး လျှော့ချသွားမယ်လို့ အာဖဂန်သမ္မတက မြို့တော် ကဘူးလ်မှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် တာလီဘန်အကျဉ်းသား ငါးထောင် လွှတ်ပေးဖို့တော့ ကတိပေးတာ မရှိဘူးလို့ သူက ဆက်ပြောခဲ့ပါတယ်။
ဒါဟာ အာဖဂန် ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ကိုယ်ပိုင်ဆန္ဒ ဖြစ်ပါတယ်။ အာဖဂန် ပြည်တွင်း ဆွေးနွေးမှုတွေမှာ အကျဉ်းသားလွှတ်ဖို့ ကိစ္စလည်း ဆွေးနွေးနိုင်ပေမယ့် မဆွေးနွေးခင် လုပ်ရမယ့် အချက်တော့ ဖြစ်လို့ မရပါဘူး။
အကျဉ်းသား လွှတ်တဲ့ကိစ္စတိုင်းဟာ အာဖဂန် အစိုးရရဲ့ အမိန့်အာဏာနဲ့ လုပ်မှာဖြစ်ပြီး အမေရိကန် အမိန့်အာဏာအရ လုပ်မှာ မဟုတ်ဘူးလို့ လည်း သူက ပြောပါတယ်။
အာဖဂန်ထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တာလီဘန် အကျဉ်းသား တသောင်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဘီဘီစီသတင်းထောက် စီကွန်ဒါ ကာမန်နီရဲ့ သုံးသပ်ချက်
အာဖဂန် ငြိမ်းချမ်းရေး ခရီးကြမ်း
အာဖဂန်ထောင်တွေထဲရောက်နေတဲ့ တာလီဘန် အကျဉ်းသားတွေ အရေး ဘယ်လို ဖြစ်လာမလဲဆိုတာက လွယ်လွယ်ကူကူ အဖြေထွက်မလာနိုင်တဲ့ ကိစ္စဆိုတာ သေချာပြီးသားပါ။ တာလီဘန်တွေ အတွက်တော့ အကျဉ်းသားပြန်လွှတ်ရေးက အဓိက ပန်းတိုင်တခု ဖြစ်ပါတယ်။ အာဖဂန် အစိုးရအတွက်ကလည်း ဒါကို သိပြီး ကြီးကြီးမားမား တခုခု ပြန်မရပဲ သူတို့ဘက်က ကစားလို့ရတဲ့ ကိစ္စတခုကို ချက်ချင်း အသုံးချလိုက်ဖို့ လက်တွန့်နေပါတယ်။
အာဖဂန် အစိုးရ အရာရှိတဦးကဆိုရင် သူတို့ဘက်က အကျဉ်းသားလွှတ်ပေးဖို့ လိုလားသလို၊ ကျွန်တော်တို့ ဘက်ကလည်း အပစ်ရပ်ရေး လိုလားပါတယ်လို့ ကျွန်တော့ကို ပြောခဲ့ပါတယ်။
တာလီဘန် အကျဉ်းသားတွေရဲ့ ရှေ့ရေးနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ဖြစ်ရတဲ့ နောက်ခံ အကြောင်းအရာတွေထဲမှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အမေရိကန်က ကဘူးလ်မြို့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ပါ စာသားနဲ့ အမေရိကန်-တာလီဘန် ပူးတွဲ ထုတ်ပြန်ချက်မှာ ပါတဲ့ စာသား မတူတာကလည်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။
ဒိုဟာမြို့မှာ သဘောတူညီချက်အရ အမေရိကန်က အကျဉ်းသားတွေ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လွတ်လာဖို့အတွက် သက်ဆိုင်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပြီး အာဖဂန်ပြည်တွင်း တွေ့ဆုံဆွေးနွေးမှု စတင်မယ့် လာမယ့် မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အကျဉ်းသားတွေ လွတ်လာမယ် လို့လည်း ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒီ သဘောတူညီချက်နဲ့ တနေ့တည်း ထုတ်ပြန်လိုက်တဲ့ အမေရိကန်-တာလီဘန် ပူးတွဲ ကြေညာချက်မှာတော့ အကျဉ်းသား လွှတ်ပေးရေး အလွယ်တကူ ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး အမေရိကန်က အာဖဂန်အစိုးရနဲ့ တာလီဘန်အကြား ဆွေးနွေးမှုတွေကို ကူညီပေးမယ်လို့ပဲ ဖြစ်ဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန်-တာလီဘန် သဘောတူချက် အမေရိကန်အတွက် အရေးပါမှု
အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်ချိန် ၂၀ဝ၁ ခုနှစ် ကစလို့ တိုက်ခိုက်မှုတွေ အတွင်း နိုင်ငံတကာ တပ်ဖွဲ့ဝင် ၃၅၀ဝ နီးပါးနဲ့တကွ အမေရိကန်တပ်သား ၂၄၀ဝ ကျော် သေဆုံးထားပြီး လက်ရှိအချိန်မှာ အမေရိကန်တပ်သား ၁၂၀ဝ၀ အာဖဂန်မှာ စခန်းချထားပါတယ်။
အာဖဂန် အရပ်သား၊ စစ်သွေးကြွနဲ့ အာဖဂန်အစိုးရတပ်ဖွဲ့ဝင် သေဆုံးမှု အရေအတွက်ကတော့ ခန့်မှန်းဖို့ ခက်ခဲနေပြီး ၂၀၁၉ ဖေဖော်ဝါရီလ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာတော့ အရပ်သား ၃၂၀ဝ၀ ကျော် သေဆုံးထားတယ်လို့ ဆိုပါတယ်။
အမေရိကန် အခြေစိုက် ဘရောင်းတက္ကသိုလ်ရဲ့ ဝက်ဆင် သုတေသနအဖွဲ့ကတော့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် ၅၈၀ဝ၀ နဲ့ ဆန့်ကျင်ဘက် စစ်သွေးကြွ ၄၂၀ဝ၀ တို့ သေဆုံးထားတယ်လို့ ဆိုပါတယ်။
တာလီဘန်တွေဘက်က သဘောတူညီချက်အတိုင်း လိုက်နာမယ်ဆိုရင် အမေရိကန်နဲ့တကွ သူ့ရဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ် နေတိုး အဖွဲ့ဝင် မဟာမိတ်တွေက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ၁၄ လအတွင်း ရုတ်သိမ်းပေးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။
အာဖဂန်ပြည်တွင်း ပဋိပက္ခတွေကို အဆုံးသတ်စေမယ်လို့ ကတိပေးထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူတို့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အချိန်ကျပြီလို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
အာဖဂန်ရောက် အမေရိကန်တပ်ဖွဲ့ဝင် ငါးထောင်ဟာ မေလ နောက်ဆုံးထားပြီး အာဖဂန်နစ္စတန်နိုင်ငံက ထွက်ခွာမှာ ဖြစ်ပြီး တာလီဘန် ခေါင်းဆောင်တွေနဲ့လည်း မကြာခင် အနာဂါတ်မှာ တွေ့ဆုံမယ်လို့ မစ္စတာ ထရမ့်က ပြောဆိုခဲ့ပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင်တွေက အာဖဂန်က စစ်သွေးကြွတွေ ထောင်ချီ သုတ်သင်ထားခဲ့ပြီး ဒီအလုပ်ကို တခြားသူတွေက လုပ်ဖို့ အချိန်ကျလာရာမှာ တာလီဘန်တွေက ဆက်လုပ်မှာ ဖြစ်သလို တခြား အိမ်နီးချင်းနိုင်ငံတွေလည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။











