ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးအကြိမ်သေဆုံး
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖဝါရီလ ၂ ရက်နေ့က လူတစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒီလိုသေဆုံးတာ ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးအကြိမ် သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အဲဒီလူနာဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်က အသက် ၄၄ နှစ်အရွယ်တရုတ်လူမျိုးဖြစ်ပြီး သူဟာ ဖိလစ်ပိုင်ကို မရောက်လာခင်ကတည်းက ရောဂါကူးစက်ခံထားရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး ယင်းဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကဆေးရုံမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီရောဂါကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပြီး လူပေါင်း ၁၄၀၀၀ ကျော်ကူးစက်ခံထားရတယ်။
အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေမှာလည်း ကူးစက်မှုက မြှင့်တက်နေပြီး တရုတ်နိုင်ငံက လာတဲ့လေကြောင့်ခရီးစဉ်တွေကို တားမြစ်ထားရတဲ့အခြေအနေကို ရောက်ရှိကာ၊ ကူးစက် ခံရတဲ့ နိုင်ငံသားတွေကိုလည်း စောင့်ကြည့်ကုသမှုတွေလုပ်ပေးနေကြရပါတယ်။
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ဟာ၂၀၀၃ ခုနှစ်တွင်နိုင်ငံပေါင်းနှစ်ဒါဇင်ကျော်သို့ပျံ့နှံ့ခဲ့တဲ့ SARS ရောဂါ ကူးစက်မှုထက် အခုအခါ မှာ အကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
မနီလာမှာသေဆုံးခဲ့သူဟာ ၃၈ နှစ်အရွယ်တရုတ်အမျိုးသမီးတစ် ဦး နဲ့အတူ ဝူဟန်က နေ ဖိလစ်ပိုင်နိုင်ငံကို ခရီးထွက်လာခဲ့တာလို့ ဖိလစ်ပိုင်ကျန်းမာရေးဌာန ကပြောပါတယ်။
အခုလိုသေဆုံးမှုဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ်သေဆုံးတာဖြစ်ပေမယ့် ဒီလူနာဟာဒီရောဂါ စတင်ဖြစ်ပွားတဲ့နေရာကလာတဲ့သူဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောကြားခဲ့ ပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်နိမိတ် မိုင်နှစ်ထောင်ကျော်ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း ဇန်နဝါရီ ၃၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယလူနာကို စတင်တွေ့ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဒီဇင်ဘာလက စတင်ပျံ့နှံ့ခဲ့တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပျံနှံ့မှုကို ဇန်နဝါရီ ၇ ရက်မှာ တရုတ်အစိုးရက အတည်ပြုလိုက်ပြီး ၃၀ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကျန်းမာရေး အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက်အထိ သေဆုံးသူ ၂၁၃ ဦးရှိခဲ့ပြီး အခုတော့ ၃၀၀ ကျော်ရှိသွားပါပြီ။ ကူးစက်သူအများစုက တရုတ်နိုင်ငံက ဖြစ်ပါတယ်။
အခုဆိုရင် တခြားနိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ကူးစက်မှု ၁၀၀ ကျော် ရှိနေပါပြီ။
၂၀၀၃ ခုနှစ် ဆားစ် (ကူးစက်မြန် အဆုတ်ရောင် ရောဂါ) ဖြစ်ပွားစဉ် ရှစ်လတာအတွင်းမှာ ကူးစက်မှု ၈၀၀၀ ကျော် ရှိခဲ့ပြီး လူ ၇၇၄ ယောက် သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ လေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပြီး တော့ သံသယလူနာ ၅ ဦးတွေ့ထားတယ်လို့ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။