အီရန်ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့ လေကြောင်းတိုက်ခိုက်ခံရ၊ ရှစ်ဦးသေဆုံး

လေကြောင်း တိုက်ခိုက်ခံရလို့ အီရန်ဗိုလ်ချုပ်ကြီးနဲ့အတူ သေဆုံးသွားတဲ့ ရှီးယား လက်နက်ကိုင် ညွန့်ပေါင်းအဖွဲ့ ဒုတိယခေါင်းဆောင်ရဲ့ စျာပန

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, လေကြောင်း တိုက်ခိုက်ခံရလို့ အီရန်ဗိုလ်ချုပ်ကြီးနဲ့အတူ သေဆုံးသွားတဲ့ ရှီးယား လက်နက်ကိုင် ညွန့်ပေါင်းအဖွဲ့ ဒုတိယခေါင်းဆောင်ရဲ့ စျာပန
ရေးသားခဲ့သည်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ အီရန်ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးသွားတယ်လို့ ဆီးရီးယားက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ တစ်ခုက ဇန်နဝါရီ ၁၀ ရက် သောကြာနေ့မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားနဲ့ အီရတ် နယ်စပ်နားက အဘူ ကာမယ်လ် ဒေသမှာ ဖြစ်ခဲ့တာပါ။

အီရန်ထောက်ခံတဲ့ အီရတ် ညွန့်ပေါင်း လက်နက်ကိုင်အဖွဲ့ ဟာရှက် အယ်လ် ရှာဘီ ရဲ့ စစ်လက်နက်သိုလှောင်စခန်းကို အမျိုးအမည်မသိတဲ့ လေယာဉ်တစ်စင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ယူကေအခြေအနေစိုက် ဆီးရီးယားက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဆီးရီးယားက အမေရိကန် ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ အီရတ်ဘက်က ဒီတိုက်ခိုက်မှုကို သူတို့ မလုပ်ဘူးလို့ ပြောဆိုထားပြီး အဲဒီတိုက်ခိုက်မှုကို ဘယ်သူက လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

အဲဒီ ဟာရှက် အယ်လ် ရှာဘီ အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် အဘူ မာဒီ အယ်လ် မူဟန်ဒစ္စဟာ အီရတ်မှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ်ကြီးနဲ့ အတူ သေဆုံးသွားခဲ့ပါတယ်။

အခုပစ်ခတ်ခံရတဲ့ ဟာရှက် အယ်လ် ရှာဘီ အဖွဲ့ဟာ ရှီးယား မွတ်ဆလင်တွေ အများစု ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့ ၄၀ နဲ့ဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့ ဖြစ်ပါတယ်။

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ အဓိက နေရာက ပါဝင်ခဲ့တဲ့ အီရန်အထောက်အပံ့ခံ ရှီးယား လက်နက်ကိုင် ညွန့်ပေါင်းအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ အဓိက နေရာက ပါဝင်ခဲ့တဲ့ အီရန်အထောက်အပံ့ခံ ရှီးယား လက်နက်ကိုင် ညွန့်ပေါင်းအဖွဲ့

အီရန်ထောက်ခံတဲ့ အဲဒီလက်နက်ကိုင် အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ စောင့်ကြည့်ဖို့ အတွက် မောင်းသူမဲ့ ဒရုန်းတွေ အစောပိုင်းကတည်းက အဲဒီနေရာ တစ်ဝိုက်မှာ ပျံသန်းနေခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဒီအဖွဲ့အပေါ် အရင်တုန်းက တိုက်ခိုက်မှုတွေကိုတော့ အမေရိကန်နဲ့ အစ္စရေး ဘက်က တိုက်ခိုက်တယ်ပြီး စွပ်စွဲထားပါတယ်။

ဒီဇင်ဘာလတုန်းက အမေရိကန် လေကြောင်း တိုက်ခိုက်မှုမှာလည်း ဟာရှက် အယ်လ် ရှာဘီက တပ်ဖွဲ့ဝင် အနည်းဆုံး ၂၅ ယောက် သေဆုံးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေကို ဦးဆောင်နေတဲ့ အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီးကို အမေရိကန်က အီရတ်မှာ လေကြောင်းက လုပ်ကြံသတ်ဖြတ်လိုက်ပြီး သူနဲ့အတူ အီရန်ထောက်ခံတဲ့ စစ်သွေးကြွအဖွဲ့က ခေါင်းဆောင်အပါအဝင် လူခြောက်ဦးသေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို အီရန်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ထုတ်ပြောလိုက်ပြီးနောက် အီရတ်နိုင်ငံထဲမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက် စခန်းနှစ်ခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ခေါင်းဆောင်တွေ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ပြောထားပါတယ်။