ထိုင်ဝမ် ဗိုလ်ချုပ်ကြီး ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်ဝမ် စစ်တပ်က အရာရှိကြီးတွေ လိုက်ပါလာတဲ့ ရဟတ်ယဉ်တစ်စင်း ရာသီဥတု ဆိုးရွားလို့ ထိုင်ဝမ်က တောင်ထူထပ်တဲ့ နေရာမှာ အရေးပေါ်ဆင်းခဲ့ရရာက ဗိုလ်ချုပ်ကြီး တစ်ဦးအပါအဝင် လူရှစ်ယောက် သေဆုံးခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ရှန်ယီမင်းနဲ့ တခြား လူ ၁၂ ဦး ဟာ ပျက်ကျခဲ့တဲ့ Black Hawk ရဟတ်ယာဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ အဲဒီနောက် ရာသီဥတု ဆိုးရွားလာလို့ မြို့တော် တိုင်ပေနားမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အစောပိုင်း ထုတ်ပြန်ချက်တွေအရ လူတချို့ကို အသက်ရှင်လျက် တွေ့ခဲ့ပြီး တချိုကတော့ ရဟတ်ယာဉ် အပျက်အစီး အပိုင်းအစတွေကြားမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီးက စစ်တပ်အခြေစိုက်စခန်းရှိတဲ့ ထိုင်ဝမ် အရှေ့မြောက်ပိုင်းကို သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီရဟတ်ယာဉ်မှာ တခြား ထိပ်တန်း အရာရှိကြီးတွေလည်း ပါသွားတယ်လို့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အခုတော့ ထိုင်ဝမ်လေတပ်က နောက်ထပ် Black Hawk ရဟတ်ယာဉ် နှစ်စင်းနဲ့ တပ်ဖွဲ့ဝင် ၈၀ ကို အဲဒီ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ နေရာကို လွှတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီ ရဟတ်ယာဉ်ဟာ တိုင်ပေက ဆောင်ရှန်း လေတပ် အခြေစိုက်စခန်းကနေ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အဲဒီကနေ တခြား စစ်စခန်းတစ်ခုကို စစ်ဆေးရေး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မနက် ၈ နာရီ ၂၂ မိနစ်မှာ လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်နေပေမဲ့ မြေအနေအထားအရ ကယ်ဆယ်ရေးလုပ်ငန်းက ရှုပ်ထွေးခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
အမေရိကန်က ထိုင်ဝမ်ကို ၂၀၁၀ မှာ UH-60M Black Hawk အစင်း ၆၀ ရောင်းထားပါတယ်။ အခုပျက်ကျတဲ့ အစင်းကတော့ အဲဒီ ရဟတ်ယာဉ်တွေမှာ ပါမပါ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP
ဇန်နဝါရီ ၁၁ ရွေးကောက်ပွဲကနေ အာဏာပြန်ရလာဖွယ်ရှိတဲ့ ထိုင်ဝမ် သမ္မတ ချိုင်အင်ဝမ်လည်း ရွေးကောက်ပွဲ မဲဆွယ် ခရီးကို ဖျက်သိမ်းလိုက်ပါတယ်။
ဒီမိုကရက်တစ် တိုးတက်ရေးပါတီက မစ္စ ချိုင်ဟာ ကူမင်တန်ပါတီက တရုတ်ပြည်မကြီးကိုထောက်ခံတဲ့ ဟန်ကောင်းယုနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
တရုတ်ပြည်တွင်းစစ် ၁၉၄၉မှာ ပြီးကတည်းက ထိုင်ဝမ်ကို သီးခြားအုပ်ချုပ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရကတော့ ထိုင်ဝမ်ကျွန်းကို ဖိအားပေးပြီးပဲဖြစ်စေ တရုတ်ပြည်မကြီးနဲ့ တစ်ချိန်မှာ ပြန်ပေါင်းစည်းနိုင်မယ့် ပြည်နယ်တစ်ခုလို့ ရှုမြင်နေပါတယ်။








