ဒေါ်စုဒါလီအောင်အမှု ၃ ကြိမ်မြောက် ရုံးချိန်းမှာ ဘာဖြစ်လာနိုင်သလဲ

ရေးသားခဲ့သည်။

နေပြည်တော်က မူကြိုကျောင်းတစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှု သံသယ တရားခံအဖြစ် ရုံးတင်စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီး ဘက်က လိုက်ပါဆောင်ရွက်ပေးနေသူ တစ်ဦး ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် ကို နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆို ထားတဲ့ အမှုအတွက် တတိယမြောက် ရုံးချိန်းကို ဒီနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မှာ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေးဖို့ ရှိပါတယ်။

ဒီနေ့ ရုံးချိန်းမှာ စွပ်စွဲသူ တရားလို ဒေါ်ဥမ္မာလှိုင် ဘက်က တင်သွင်းထားတဲ့ မီဒီယာ ဖော်ပြချက် ဗီဒီယို တစ်ခုနဲ့ ပတ်သက်ပြီး သက်သေ အဖြစ် ထွက်ဆိုချက် ပေးဖို့ ဘီဘီစီမြန်မာပိုင်းရဲ့ နေပြည်တော် သတင်းထောက် ကို တရားရုံးက ဆင့်ခေါ်ထားပါတယ်။ ဒီနေ့ ရုံးချိန်းမှာ တခြား ထွက်ဆိုဖို့ ရှိတဲ့ သက်သေ စာရင်းမှာတော့ ပုဗ္ဗသီရိမြို့နယ်ထဲက ရာအိမ်မှူး နှစ်ဦးလည်း ပါဝင်ပါတယ်။

ဒီအမှုရဲ့ ပြီးခဲ့တဲ့ ဒုတိယမြောက် ရုံးချိန်းမှာတော့ တရားလို ဖြစ်သူ ဒေါ်ဥမ္မာလှိုင် ကိုယ်တိုင် တရားရုံးမှာ အစစ်ဆေးခံခဲ့ပါတယ်။

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးငယ် တစ်ဦး လိင် အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခု မှာ ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ပတ္တာနယ်ရဲစခန်းမှာ ပုဒ်မ ၂ ခုနဲ့ ဒေါ်ဥမ္မာလှိုင်ဘက်က စတင် အမှုဖွင့်ခဲ့တာပါ။

အဲဒီ ပုဒ်မ ၂ ခု အနက် နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး (နိုင်လွတ်လုံ) နဲ့ အမှုစွဲချက်ကို ပုဗ္ဗသီရိမြို့နယ် တရားရုံးက ပယ်ချခဲ့ပြီး ကျန် တစ်ခု ဖြစ်တဲ့ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ဥပဒေ နဲ့ စွဲချက်မှာတော့ ပုဒ်မ ခွဲ ပြောင်းကာ ကလေးသူငယ် ဆိုင်ရာ ပုဒ်မ ၁၀၁ (က-၂) နဲ့ လက်ခံထားတဲ့ အတွက် ဒီအမှုကို တရားရုံးမှာ ဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရားလို ဖြစ်သူ ဒေါ်ဥမ္မာလှိုင်ဘက်က တရားရုံးမှာ သက်သေ အဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်ကတော့ ဗစ်တိုးရီးယား အမှု ၄ ကြိမ်မြောက် ရုံးချိန်းဖြစ်တဲ့ သြဂုတ်လ ၁၄ရက်နေ့ ရုံးချိန်းမှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ရုပ်သံဖိုင်တစ်ခုကို သက်သေအဖြစ် တရားရုံးကို တင်သွင်းတုန်းက ထွက်ဆိုချက်တွေကို အဲဒီနေ့ တရားခွင်အပြီး ရှေ့နေ ဒေါ်စုဒါလီအောင်က မီဒီယာကို ပြန်ပြောထားတဲ့ ဗီဒီယို ဖိုင် ဖြစ်ပါတယ်။

စွပ်စွဲခံရသူ ဒေါ်စုဒါလီအောင်ကတော့ သူ့အနေနဲ့ အများပြည်သူ နားထောင်လို့ ရတဲ့ တရားခွင်က ထွက်ဆိုချက်တွေကို မီဒီယာကို တရားဝင် ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် စွပ်စွဲသူ ဒေါ်ဥမ္မာလှိုင်ဘက်ကတော့ ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေတဲ့ အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မနဲ့ တရားစွဲဆို ရတာလို့ ပြောထားပါတယ်။

ဒါ့အပြင် ဒေါ်ဥမ္မာလှိုင်ဘက်က ဗစ်တိုးရီးယားအမှုမှာ ပါဝင် ပတ်သက်နေသူ နှစ်ဖက်ရှေ့နေတွေနဲ့ မိသားစု၊ မိသားစု မိတ်ဆွေ ဆရာဝန် တို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ က ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။ ဒါပေမယ့် အဲဒီ တိုင်ကြားချက်ကတော့ တရားရုံး အဆင့် အထိ ရောက်မလာသေးဘဲ ရဲတပ်ဖွဲ့က ဥပဒေရုံး အကူအညီနဲ့ စိစစ်နေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ဗစ်တိုးရီးယား အမှုကိုလည်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပြီး အခု အမှုမှာ စွပ်စွဲ ခံနေရသူ ရှေ့နေ ဒေါ်စုဒါလီအောင်ဟာ ဗစ်တိုးရီးယား အမှုက သံသယ တရားခံ ကိုအောင်ကြီး ဘက်ကနေ လိုက်ပါဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒေါ်စုဒါလီအောင်ကလည်း ဗစ်တိုးရီးယား အမှုမှာ နောက်မဆုတ်ဘဲ ကိုအောင်ကြီး ဘက်ကနေ ဆက်လိုက် လိုက်ပါဆောင်ရွက် သွားဖို့ ရှိတယ်လို့ ကြေညာထားပါတယ်။

"ဗစ်တိုးရီးယားမှာလည်း နိုင်ငံသား အခွင့်အရေး ရှိတယ်၊ ဗစ်တိုးရီးယားရဲ့ အခွင့်အရေးကို

ဖော်ထုတ်ကာကွယ်ရင်း နဲ့ ဖြစ်တဲ့ ကိစ္စ" လို့ ဒေါ်စုဒါလီအောင် တရားစွဲ ခံရတာနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားအမှုမှာ ဒေါ်စုဒါလီအောင်နဲ့ အတူ သံသယ တရားခံ ကိုအောင်ကြီးဘက်က အတူ ရှေ့နေလိုက်ပေးသူလည်းဖြစ်၊ အခု ဒေါ်စုဒါလီအောင်အမှုမှာလည်း ရှေ့နေ တစ်ဦး အဖြစ် ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောထားပါတယ်။

ဗစ်တိုးရီးယား အမှုက တော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ တုန်းက ၉ ကြိမ်မြောက် ရုံးချိန်းအဖြစ် သက်ဆိုင်ရာ နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ စစ်ဆေးခဲ့ရာမှာ သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေဘက်က တင်ထားတဲ့ အာမခံ လျှောက်ထားမှုကို တရားရုံးက ပယ်ချ ထားပါတယ်။

ဒေါ်စုဒါလီအောင် စွပ်စွဲခံထားရတဲ့ အမှုကိုတော့ ဗစ်တိုးရီးယား အမှု ရုံးချိန်းနဲ့ မတိုက်အောင် နှစ်ပတ် တခါ တနင်္လာနေ့တိုင်း စစ်ဆေးနေရာမှာ ဒီနေ့ ၃ ကြိမ်မြောက် ရုံးချိန်းအပြီးမှာတော့ သက်သေ တွေ စစ်ဆေးပြီးနိုင်ဖွယ်ရှိပြီး ရှေ့ရုံးချိန်းတွေ မှာတော့ တရားရုံးက စွဲချက် တင်သင့်၊ မတင်သင့် ဆုံးဖြတ် ဖွယ် ရှိပါတယ်။