အဓမ္မကျင့်ခံခဲ့ရတဲ့ စိတ်ဒဏ်ရာကို ယောဂကစားပြီး ကုစားခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, Natasha Noel
နာတာရှာ နိုဝယ်ရဲ့ စိတ်ပင်ပန်းဒဏ်ရာတွေကို ပြန်ကုစားတဲ့ ခရီး သူ့အသက် ၂၁ နှစ်မှာ စခဲ့တယ်။အဲဒီအချိန်က ချစ်သူက သူ့ကို ထားသွားချိန်ပေါ့။ဒဏ်ရာပြင်းပြင်းတွေနဲ့ ကမောက်ကမ ဖြစ်နေတဲ့ သူ့ဘဝကို ပြန်သုံးသပ်ဖို့ ဖြစ်လာတယ်။
သူအသက် သုံးနှစ်ခွဲမှာ အမေ သူ့ကိုယ်သူ မီးရှို့သတ်သေတာ သူမျက်စိရှေ့တင်ဖြစ်ခဲ့တယ်။စိတ်ကယောက်ကယက်ဖြစ်ခဲ့တဲ့ အဖေက သူ့ကို ကလေး ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာကို ပို့လိုက်တယ်။
နောက် အသက် ခုနစ်နှစ်ရောက်တော့ သူ မုဒိမ်းကျင့်ခံခဲ့ရတယ်။ဒီအကြောင်းသူ ဘယ်သူ့ကိုမှ တစ်ခွန်းမှ မဟခဲ့ဘူး။နောက်ပိုင်း သူ့ကိုယ်ခန္ဓာကို မတော်မတရား ထိတာ ကိုင်တာတွေ ခံခဲ့ရတာတွေကိုလည်း ဘယ်သူ့ကိုမှ သူမပြောခဲ့ပြန်ဘူး။
"ကျွန်မ ငယ်ဘဝက အပြစ်တွေနဲ့ချည်းပဲ။ နာကျင်စရာတွေလည်း အပြည့်နဲ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲ အပြစ်တင်ခဲ့တယ်"
"ကျွန်မ အနိုင်ကျင့်ခံရတာကိုပဲ ကြိုက်ခဲ့တယ်။ အဲဒါက နာကျင်မှုနဲ့ နီးစပ်တယ်လေ။ ကျွန်မက ဒါနဲ့ပဲတန်တယ်လို့ ထင်ခဲ့တာ"
နောက်နှစ်တွေ ကြာလာတော့ သီချင်းတွေနဲ့ ကရတာက သူ့ကို လွတ်လပ်ပေါ့ပါးသွားစေတယ် ဆိုတာကို သူ တွေ့သွားတယ်။
အကက သူ့ရဲ့ ယုံကြည်မှုတွေကို ဖော်ပြလို့ရတဲ့ အရာ တစ်ခု ဖြစ်လာတယ်။ဂျပ်ဇ်၊ဘဲလေးနဲ့ ခေတ်ပေါ်အကတွေကို မွမ်ဘိုင်းက အက သင်တန်းကျောင်းမှာ သူ လေ့ကျင့်ခဲ့တယ်။
ဒါပေမဲ့ ဒူး ဒဏ်ရာကြောင့် သူ ရှေ့မဆက်နိုင်ခဲ့ဘူး။ စာရေးစာဖတ်ခက်ခဲတဲ့ရောဂါကြောင့်လည်း စာသင်ခန်းနဲ့ ဝေးအောင် တွန်းပို့ခံရပြန်တယ်။
ဒါပေမဲ့ သူပညာ ဆက်သင်ခဲ့တယ်။ မွေးစား မိခင်က သူ့ဘဝ ရှေ့ရေးအတွက် ဆရာမတစ်ယောက်လုပ်ဖို့ အကြံပေးတယ်။
မွေးစားမိဘတွေနဲ့ မိသားစု အသစ်က သူတို့ တတ်နိုင်သလောက် ချစ်ပေးခဲ့တယ်လို့ နာတာရှာက ပြောတယ်။ဒါပေမဲ့ အဲဒါက သူ့အတွက် မထိရောက်ခဲ့ဘူး။
"ကျွန်မကိုက ဖြစ်နေတာ။ ကျွန်မက ဒါမျိုးတွေ လက်မခံတတ်သေးဘူး။ ကျွန်မ စိတ်ကို ဖွင့်မပေးတတ်ခဲ့ဘူး"
"အဲလို ပုံစံမျိုးနဲ့ ကျွန်မက ဆရာမတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"
ဒါပေမဲ့ ဒါတွေကိုပြောင်းပစ်ဖို့ အချိန်ရောက်လာတယ်။
"ပိုကောင်းကောင်း နေသင့်တယ်လို့ ကျွန်မ သိခဲ့တယ်"
ဖြည့်လို့မရတဲ့ ကွက်လပ်
'ကိုယ့်စိတ်ကိုယ်ကိုယ် အားရှိအောင်လုပ်၊ ဘာလို့လဲဆိုတော့ ဘယ်သူကမှ လုပ်ပေးမှာ မဟုတ်လို့' - ဒီစကားက သူ့ကို အများကြီး တွေးတတ်စေခဲ့တယ်။
နောက်တော့ နာတာရှာ သဘောပေါက်ခဲ့တာက နှစ်ပေါင်းများစွာ သူ့ကိုယ်သူနဲ့ သူ့ပုံစံကို သူ စိတ်ပျက် မုန်းတီးနေခဲ့တယ် ဆိုတာကိုပဲ။
စိတ်ကျရောဂါကြောင့် အသက်မရှု နိုင်လောက်အောင် စားတဲ့အခါအစား၊ နောက် အကုန်ပြန်အန်ထုတ်၊ ဒါမှမဟုတ် လုံးဝ အငတ်နေတာတွေ သူလုပ်ခဲ့တယ်။

ဓာတ်ပုံ ရင်းမြစ်, Natasha Noel
တစ်ခါတလေ တစ်နေကုန် အိပ်ရင်အိပ်၊ လုံးဝ မအိပ်တဲ့အခါတွေလည်း မအိပ်တာမျိုးတွေ၊ ပုံမှန်မဟုတ်တဲ့ ပုံစံတွေ သူလျှောက်လုပ်ခဲ့တယ်။
စိတ်ကျန်းမာရေးက အိန္ဒိယမှာ အများအားဖြင့် မသိကျိုးကျွံလုပ်ထားတဲ့ ကိစ္စတစ်ခု။ လူတွေရဲ့ မသိနားမလည်မှုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာတွေကြောင့် ဒီလို ဖြစ်နေရတာ။
စိတ်ကျရောဂါဆိုတာ စိတ်ကျန်းမာရေးရဲ့ ထိပ်ဆုံးက ပြဿနာတစ်ခု ဖြစ်နေတယ်။
လူလေးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က စစ်တမ်းထုတ်ထားတယ်။
နာတာရှာလည်း ငယ်ငယ်တုန်းကတော့ စိတ်ကုထုံးတွေ ခံယူဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ကိုယ်သူ တခြားနည်းနဲ့ ကုမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
သူ့စိတ်ကျတာနဲ့ စိတ်ရှုပ်ထွေးရတာတွေကပဲ ဒါတွေကနေ ရုန်းထွက်ဖို့ သူ့ကို ခွန်အားတွေ ပေးခဲ့တယ်လို့ သူက ပြောတယ်။
"အဆိုးဆုံး အချိန်တွေမှာ ကျွန်မ တစ်နေ့စာ ဘာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပန်းတိုင်သေးသေးလေးတွေ ချလိုက်တယ်။ ဒီနေ့ ခေါင်းဖြီးပြီး ငါးမိနစ်လောက် အိမ်အပြင် ထွက်ဖြစ်အောင် ထွက်မယ်ဆိုတာမျိုးလောက်ကို လုပ်ခဲ့တယ်"
မလုပ်နိုင်ခဲ့တဲ့နေ့တွေဆိုလည်း သူ့ကိုယ်သူ ခွင့်လွှတ်ပေးဖို့ သူဆုံးဖြတ်ခဲ့တယ်။
ဆရာဝန်က သူ့ကိုယ်သူ ဘယ်လို စိတ်ထားရမယ်ဆိုတာ ပြောတာကိုလည်း သူသတိရခဲ့တယ်။

ဓာတ်ပုံ ရင်းမြစ်, Natasha Noel
တခြားသူတွေကိုတော့ ချစ်ပေးခဲ့တယ် ဒါပေမဲ့ ကိုယ့်ကိုယ့်ကိုယ် မချစ်ခဲ့ဘူးလို့ သူက အရင်က အကြောင်းတွေ ပြန်ပြောတယ်။
စိတ်ဒဏ်ရာမီးတွေကို ယောဂနဲ့ငြှိမ်း
သမာဓိကျင့် တရားထိုင်တာက စိတ်ကျတာနဲ့ တွေဝေရှုပ်ထွေးတာတွေကို ကုစားဖို့ အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့တယ်။
သူ့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ကျန်းမာသန်စွမ်းလာဖို့ ယောဂကစားတာနဲ့အတူ စိတ်တည်ငြိမ်အောင်လုပ်တဲ့ သမာဓိ လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်။
"ဒူး ဒဏ်ရာ ရခဲ့ပြီး ကတာတို့၊ များများစားစား လှုပ်ရှားတာတို့ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဆိုရှယ် မီဒီယာတွေမှာ တခြား အမျိုးသမီးတွေ ယောဂ ကစားနေတဲ့ ပုံတွေ တွေ့ရတာ အပျံစားပဲ" လို့ သူက ပြောတယ်။
သူလည်း အဲဒီလို လုပ်ချင်လာတယ်။ တဖြည်းဖြည်းချင်းပေါ့။

ဓာတ်ပုံ ရင်းမြစ်, Natasha Noel
"ယောဂ ကစားတာက ကျွန်မကို စိတ်နဲ့ကိုယ်နဲ့ကပ်အောင် ဆင်ခြင်တုံတရားရှိအောင် လုပ်ပေးတယ်။ ကစားရတာက နှေးပါတယ်။ ဒါပေမဲ့ ကျွန်မကို ခွန်အားတွေရှိလာစေတယ်"
ငါးနှစ်ကြာပြီးတဲ့နောက် အရင်ထက် ပိုကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်လာတယ်ဆိုတာ သူ တွေ့လိုက်ရတယ်။
"အဲဒါကြောင့် အခုဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် မနက် စောစော ယောဂ ကစားဖြစ်အောင် ကစားတယ်။ နောက် အချိန်ခဏလောက်တော့ တရားထိုင်ဖြစ်တယ်" လို့ သူက ပြောတယ်။
တရားထိုင်တာက စိတ်ဖိစီးရတဲ့နေ့တွေမှာ ဖိစီးတာတွေ လျော့လာစေပြီး အရင် ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ သူ့ကိုယ်သူ ပြန်ချစ်တတ် လက်ခံလာတတ်အောင် လုပ်ပေးတယ်။
ဒါကို သူ့ရဲ့ နေ့စဉ်ဘဝမှာ အသုံးချတတ်အောင် ပြောင်းလဲ့ခဲ့ပြီးနောက် သူကိုယ်တိုင် ယောဂ ဆရာမ ဖြစ်လာခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ်ကယ်
သူအသက် ၂၇ နှစ်မှာတော့ ပင်ပန်းရတဲ့ နေ့တွေဆက်ကြုံနေရပေမဲ့ အဲဒီလိုနေ့တွေကို ရင်ဆိုင် ဖြတ်သန်းတတ်လာခဲ့ပြီ။
အခုဆိုရင် သူဟာ စိတ်ကျန်းမာရေး အသိပညာပေး လှုံ့ဆော်သူ၊ ဆိုရှယ်မီဒီယာမှာ လူသိများသူ ဖြစ်လာပြီ။
ဒီလို အခြေအနေ ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် လက်ခံလာနိုင်အောင် လုပ်ပြီး ခရီးစခဲ့တယ်လို့ သူကပြောပြတယ်။
သူများက ကိုယ့်အကြောင်းပြောတာထက် ကိုယ်က ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပါလို့ ထင်တဲ့ပုံစံက အများကြီး ပိုဆိုးတယ်လို့ သူ့ရဲ့ အင်စထရာဂရမ်မှာ သူက ပြောထားတယ်။
အဲဒီမှာ သူ့ပရိသတ် နှစ်သိန်းခွဲလောက်ရှိတယ်။ သူက အဲဒီမှာ ယောဂနဲ့ ပတ်သက်တာတွေ တင်တယ်။ ဒါ့အပြင် အဲဒီမှာ သူရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ သူ့ အဖြစ်အပျက်တွေကို ထင်ဟပ် ပြောပြတဲ့ နေရာလည်း ဖြစ်တယ်။
"စိတ်ထဲမှာ အနိုင်ကျင့်ခံရတဲ့သူ ပုံစံပဲ အထပ်ထပ်မြင်နေတယ်။ အဲဒါကို မေ့ပစ်ဖို့ပြောတယ်။ ဘယ်သူကမှ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ မကောင်းအောင်လုပ်နေတာ" လို့ ပြောတယ်။
လူသိများသူတစ်ယောက် ဖြစ်လာတော့ လူတွေက သူ့ကို စိတ်ဝင်စားစရာမကောင်းတဲ့သူ၊ အလကားလူ၊ သိပ်လည်းမလှဘူး စတာတွေနဲ့ လှောင်တာတွေလည်း ခံရတယ်။
အခုတော့ ဒီလို နာကျင်အောင် ပြောတာတွေထဲမှာ သူနစ်မွန်းမနေတော့ဘူး။
"ကျွန်မ အမြင်တွေ ပြောင်းလာပြီ။ အလုပ်ကိုပဲ ပိုကောင်းအောင်လုပ်တတ်ပြီ"
"အခုလို ဖြစ်အောင် အနှစ် ၂၀ အချိန်ယူခဲ့ရတယ်။ ဒဏ်ရာတွေ အားလုံးပျောက်သွားပြီတော့ မဟုတ်သေးဘူး။ ကုစားနေရတုန်းပါပဲ။ အသက် တစ်ခါ ရှုသွင်းတိုင်း တစ်ခါကုစားနေတာပေါ့"








