ရေကူးကန်ကြီးနဲ့ဇိမ်ခံသင်္ဘောက ကင်ဂျုံအွန်းရဲ့လျှို့၀ှက်အပန်းဖြေနေရာလား

ဓာတ်ပုံ ရင်းမြစ်, Vantor/BBC
- ရေးသားသူ, ဆိုရမ် ချွန်
- ရာထူးတာဝန်, BBC ကိုရီးယား
- ရေးသားသူ, အာဂ်နီယာ အက်ဇ်ကီယာ
- ရာထူးတာဝန်, အရှေ့အာရှ Visual Journalism
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
မီတာ ၈၀ (ပေ ၂၆၀ ကျော်) ရှည်တဲ့ ဇိမ်ခံရေယာဉ်တစ်စီးကို မြောက်ကိုရီးယားနိုင်ငံ၊ ၀မ်ဆန်ကမ်းရိုးတန်းအလွန်မှာ ဒီနှစ် ဇူလိုင်လကနေ အောက်တိုဘာလလယ်အထိ ဂြိုဟ်တုဓာတ်ပုံတွေထဲ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။
ထူးခြားတာကတော့ ရေယာဉ်ကုန်းပတ်တလျှောက် မီတာ ၅၀ (ပေ ၁၆၀ ကျော်) ရှည်တဲ့ ရေကူးကန်ရှိပြီး အစွန်းတစ်ဖက်မှာ ရေလျှောတွေ စုစည်းတပ်ဆင်ထားတာ ဖြစ်ပါတယ်။
သင်္ဘောကျင်းမှာ လနဲ့ချီကြာအောင် ကျောက်ချထားခဲ့ပြီးတဲ့နောက် ဇူလိုင်လအစောပိုင်းမှာ ကယ်မာကျွန်းဆွယ်လို့ သိကြတဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသဆီ ဒီသင်္ဘော ရောက်သွားပါတယ်။
ဒီနေရာဟာ ပင်လယ်ကမ်းခြေအပန်းဖြေမြို့ ဝမ်ဆန်နဲ့ နီးပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သူ့မိသားစု အသုံးပြုတဲ့ ၀င်းကျယ်ကျယ် စံအိမ်ကြီးတစ်လုံးလည်း အဲဒီမှာ ရှိပါတယ်။
ဒါပေမဲ့ ဟိုဟိုဒီဒီ ခုတ်မောင်းနေတဲ့ ဒီရေယာဉ်ကြီးမျိုးက ဒီတစ်စင်းမက ရှိနေပါတယ်။ ဘီဘီစီက လေ့လာခဲ့တဲ့ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တခြားရေယာဉ်တချို့ကိုလည်း ကင်ရဲ့ စံအိမ်ကြီးအနီးမှာ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။
ဒီရေယာဉ်တွေကို ကင်နဲ့ သူ့မိသားစုက အသုံးပြုတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။
မြောက်ကိုရီးယား အစိုးရခေါင်းဆောင်ပိုင်းနဲ့ ဆက်နွှယ်မှု မရှိဘူးဆိုရင် ဒီလောက်အရွယ်အစားရှိတဲ့ရေယာဉ်တွေကို လူတစ်ယောက်က ပိုင်ဆိုင်ဖို့ ဒါမှမဟုတ် လွတ်လွတ်လပ်လပ် အသုံးပြုဖို့ဆိုတာ ခက်ခဲမယ်လို့ ဆိုကြပါတယ်။ ဒီလိုမှတ်ချက်ပေးကြသူတွေက မြောက်ကိုရီးယား အရာရှိဟောင်းတွေ၊ ဘက်ပြောင်းခိုလှုံလာသူတွေနဲ့ ကျွမ်းကျင်သူတွေဖြစ်ပါတယ်။

"ဆောင်းရာသီမှာ ဒီရေယာဉ်တွေကို သင်္ဘောကျင်းမှာ ထားပါတယ်။ နွေရောက်လာရင်တော့ အပြင်ကို ထုတ်ပြီး ကင်ဂျုံအွန်းရဲ့စံအိမ် ဒါမှမဟုတ် ကယ်မာဘက်ကို ရွှေ့ပြီး ရေကူးတာနဲ့ အပန်းဖြေတာတွေအတွက် အသုံးပြုကြပါတယ်" လို့ ရီဂျုံဟိုက ပြောပါတယ်။
ရီဟာ ခေါင်းဆောင်ပိုင်းအတွက် နိုင်ငံခြားငွေ ရှာဖွေတာနဲ့ စီမံခန့်ခွဲတာတွေမှာ ပါဝင်တယ်လို့ ယုံကြည်ရတဲ့အလုပ်သမားပါတီရဲ့ ရုံးအမှတ် ၃၉ မှာ တစ်ချိန်က အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
လျှို့ဝှက်မှုများတဲ့မြောက်ကိုရီးယားအာဏာရှင်စနစ်ရဲ့ ထိပ်ပိုင်းကလူတွေ ချမ်းသာကြွယ်ဝမှုကို အတိအကျ သိနိုင်ဖို့က နိုင်ငံရဲ့စီးပွားရေးကိန်းဂဏန်းတွေလိုပဲ အသိရခက်ပါတယ်။
ခန့်မှန်းချက်တွေအပေါ် အခြေခံပြီး မြောက်ကိုရီးယားကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံမှာ စစ်ရေးအသုံးစရိတ်တွေရှိပြီး ပိတ်ဆို့အရေးယူခံထားရတဲ့ နျူကလီးယားအစီအစဉ်အတွက်လည်း ငွေကြေးသုံးစွဲနေပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြောက်ကိုရီးယားနိုင်ငံသားအများစုဟာ "စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ" အောက်မှာ နေထိုင်နေရပါတယ်လို့ ၂၀၂၅ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာက ဆိုပါတယ်။
နိုင်ငံတော်က အပြည့်အဝ ထိန်းချုပ်ထားသလို အဓမ္မလုပ်အားပေးစေခိုင်းမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ကာလရှည် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် လူဦးရေရဲ့ ခန့်မှန်းခြေ ၄၀ ရာခိုင်နှုန်းဟာ အာဟာရမပြည့်ဝဘဲ ဖြစ်နေပါတယ်။
ဒါပေမဲ့ အစိုးရခေါင်းဆောင်ပိုင်းဟာ ဇိမ်ခံဘဝနဲ့ နေထိုင်ကြတယ်လို့ အရင်ကတည်းက သိထားကြပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ မြင်ရတဲ့ ရေယာဉ်တွေရဲ့တန်ဖိုးကို မသိရပေမဲ့ အလားတူ ဇိမ်ခံရွက်လှေတွေက ဒေါ်လာ သန်းဆယ်နဲ့ချီကနေ ဒေါ်လာ သန်း ၁၀၀ ကျော်အထိ တန်ဖိုးရှိပါတယ်။ ကင်မ်ရဲ့ဒီထက်အများကြီး သေးငယ်တဲ့ မီတာ ၂၉ ရှည် Princess ရွက်လှေဟာ ဒေါ်လာ ၇ သန်းခန့် တန်ဖိုးရှိမယ်လို့ အရင်က ခန့်မှန်းထားပါတယ်။
ရေယာဉ်တွေရဲ့တည်နေရာတစ်ခုတည်းကို ကြည့်ပြီး ကင်တို့မိသားစု ဘယ်နေရာမှာရှိတယ်ဆိုတာ အတိအကျ သတ်မှတ်လို့မရပါဘူး။ ဒါပေမဲ့ ကင် လူမြင်ကွင်းမှာ မပေါ်လာတဲ့အချိန်ကာလတွေလည်း တိုက်ဆိုင်တာတွေ ရှိနေတာကြောင့် ဒီရေယာဉ်တွေ အရွေ့ကလည်း လူအများ မြင်နိုင်ဖို့ရာ မရှိဘူးဆိုတာလည်း ပြသပါတယ်။

အတ္ထုပ္ပတ္တိစာအုပ်တွေနဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေအရ ဝမ်ဆန်ဟာ ကင်ဂျုံအွန်း ငယ်စဉ်က သူ့မိခင်နဲ့အတူ အချိန်တစ်ပိုင်း နေထိုင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အကဲခတ်တစ်ဦးကတော့ ကင်ရဲ့ဖခင် ကင်ဂျုံအီ အုပ်ချုပ်ချိန်ကတည်းက ဒီမြို့ဟာ မိသားစုနဲ့ ဆက်နွှယ်နေခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဘက်ပြောင်းခိုလှုံလာသူတစ်ဦးကတော့ ဝမ်ဆန်တစ်ဝိုက်က စံအိမ်တွေကို အထက်တန်းလွှာတွေ အပန်းဖြေရာနေရာအဖြစ် အသုံးပြုခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ သူက ၁၉၉၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းအထိ ၁၃ နှစ်ကြာ အဲဒီအချိန်က ခေါင်းဆောင် ကင်ဂျုံအီ အသုံးပြုတဲ့နေအိမ်တွေကို စောင့်ရှောက်ရတဲ့ အမှတ် ၉၇၄ တပ်ဖွဲ့လို့ခေါ်တဲ့အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
နွေရာသီမှာ ကလေးတွေနဲ့ ဆယ်ကျော်သက် ဒါဇင်နဲ့ချီ ရေလွှာလျှောစီးနေတာကို မြင်ခဲ့ဖူးတယ်လို့လည်း သူက ပြန်ပြောပြပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေဟာ ကင် အားလပ်ရက်ခရီးထွက်တာနဲ့ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်ခဲပါတယ်။ အဲဒီလိုခရီးစဉ်တွေကို အားလပ်ရက်ခရီးအစား တရားဝင်စစ်ဆေးရေး ဒါမှမဟုတ် လမ်းညွှန်မှုပေးတဲ့ခရီးစဉ်တွေအဖြစ် ဖော်ပြလေ့ရှိပါတယ်။
ဒါပေမဲ့ အရင်က ဘီဘီစီက တွေ့ဆုံမေးမြန်းခဲ့တဲ့ ဘက်ပြောင်းခိုလှုံလာသူတွေဟာ ကင်မိသားစု ဝမ်ဆန်မှာ အားလပ်ရက် ကုန်ဆုံးတတ်တာကို သိထားပုံ ရပါတယ်။ ဒါဟာ အနည်းဆုံး မြောက်ကိုရီးယားနိုင်ငံသားတချို့ ဒီအကြောင်းကို သိထားကြတယ်ဆိုတာ ပြသနေပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေက ဝမ်ဆန်မှာ အထပ်မြင့်ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆိုင်တွေ၊ အားကစားအဆောက်အအုံတွေနဲ့ ရေပန်းဥယျာဉ်တွေရှိပြီး ဧည့်သည် ၂၀,၀၀၀ နီးပါး လက်ခံနိုင်တယ်လို့လည်း ပြောပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဖွင့်လှစ်ခဲ့တဲ့ ဝမ်ဆန် ကယ်မာ အပန်းဖြေစခန်းကို ရုရှားခရီးသွားအဖွဲ့ငယ်တွေ လာရောက်လည်ပတ်နေတဲ့ဓာတ်ပုံတွေကို နိုင်ငံပိုင်မီဒီယာတွေနဲ့ ရုရှားသတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။
ဒီအပန်းဖြေစခန်းကို နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ဖို့ တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ ပြည်တွင်းခရီးသွားတွေ အတွက်လည်း ဖွင့်ပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒေသခံတချို့ဟာ ဒေါ်လာ ၁၀၀ ခန့်နဲ့ လေးညအိပ် ခရီးစဉ် ထွက်ခဲ့တာမျိုးရှိတယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး တောင်ကိုရီးယားသတင်းတစ်ပုဒ်က ရေးပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံသားအများစုအတွက် များပြားတဲ့ငွေပမာဏ ဖြစ်ပါတယ်။
ကုလသမဂ္ဂအရ ၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ လူတစ်ဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးဟာ ဒေါ်လာ ၆၆၇ ခန့်သာရှိပါတယ်။ တောင်ကိုရီးယားက ဒေါ်လာ ၃၆,၂၂၇ ဖြစ်တာကြောင့် မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ ဒီ၀င်ငွေ ပမာဏဟာ မပြောပလောက်တဲ့အခြေအနေ ဖြစ်နေပါတယ်။
ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံသားအများစုဟာ အားလပ်ရက်ခရီးထွက်ဖို့ မတတ်နိုင်ကြပါဘူး။
လူလတ်တန်းစား အရေအတွက် တိုးလာနေပေမဲ့ သူတို့မှာလည်း အပန်းဖြေဖို့ အချိန်အများကြီး မရှိနိုင်ပါဘူး။
အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေနဲ့ သမဝါယမလယ်သမားတွေဟာ ဥပဒေအရ တစ်နှစ်ကို ခွင့်ရက် ၁၄ ရက် ခံစားခွင့်ရှိပေမဲ့ လက်တွေ့မှာ ဒီစည်းမျဉ်းကို လိုက်နာတာ နည်းတယ်လို့ ဘက်ပြောင်းခိုလှုံလာသူတွေက ဘီဘီစီကို ပြောပါတယ်။
ခရီးသွားဖို့ ရက်ဆက်တိုက် အလုပ်နားနိုင်ဖို့ ခက်ပါတယ်။ သတ်မှတ်ထားတဲ့ "နွေရာသီအားလပ်ရက်" အစား သီတင်းပတ်ကုန်ခရီးတွေ ဒါမှမဟုတ် နိုင်ငံတော်ရုံးပိတ်ရက်တွေမှာ ခရီးသွားလေ့ရှိကြပါတယ်။
ခွင့်ရတယ်ဆိုရင်တောင် ခရီးသွားလာမှုကို ကန့်သတ်ထားပြီး ကိုယ့်မြို့ ဒါမှမဟုတ် ခရိုင်ပြင်ပကို သွားဖို့ အာဏာပိုင်တွေရဲ့ခွင့်ပြုချက် လိုအပ်ပါတယ်။
လွတ်လွတ်လပ်လပ် သွားလာနိုင်တာဟာ တစ်ခါတလေ အားလပ်ရက်ခရီးလိုပဲ ရတောင့်ရခဲ ဇိမ်ခံမှုဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝမ်ဆန်တဝိုက်မှာ အလျား မီတာ ၅၀၊ ၅၅၊ ၆၀ နဲ့ ၈၀ ခန့်စီရှိတဲ့ရေယာဉ်ကြီးလေးစီးကို ဘီဘီစီက ခြေရာခံ လေ့လာခဲ့ပါတယ်။
ဒီနှစ်အတွင်း ရေယာဉ်လေး စီးစလုံးကို ကင်ရဲ့ဝမ်ဆန်စံအိမ်အနီးမှာ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။
အကြီးဆုံးရေယာဉ်ဟာ လှုပ်ရှားမှုက အရှင်းဆုံး ဖြစ်ပါတယ်။ သင်္ဘောကျင်းကနေ ကယ်မာကျွန်းဆွယ်အလွန် ပင်လယ်ပြင်ဆီ ရွှေ့ပြောင်းခဲ့ပြီး ဇူလိုင်လကတည်းက အဲဒီမှာ ရှိနေပါတယ်။

တခြားရေယာဉ်တွေထဲက မီတာ ၅၀ နဲ့ မီတာ ၅၅ ရှည်တဲ့ ရေယာဉ်နှစ်စီးကိုလည်း ဩဂုတ်လကုန်အထိ ဝမ်ဆန်အနီးက တယ်ကျွန်းနဲ့ ဆင်ကျွန်းတစ်ဝိုက်မှာ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေမှာ မီတာ ၅၀ ရှည်တဲ့ ရေယာဉ်ဘေးမှာ ပိုသေးတဲ့ လှေလေးစီးကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vantor
ဂြိုဟ်တုဓာတ်ပုံ ကျွမ်းကျင်သူ ဂျောင်ဆောင်းဟတ်က ပိုသေးတဲ့လှေတွေဟာ လူတွေ၊ လောင်စာနဲ့ ရိက္ခာပစ္စည်းတွေကို ရေယာဉ်ကြီးဆီ ပို့ဆောင်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။
တယ်ကျွန်းနဲ့ ဆင်ကျွန်းလို ကျွန်းငယ်တွေဟာ "လူအများမြင်ကွင်းကနေ ဝေးကွာပြီး ကိုယ်ရေးလွတ်လပ်မှုကို ထိန်းသိမ်းထားနိုင်တဲ့သီးခြားပင်လယ်ပြင် အပန်းဖြေနေရာတွေ" ဖြစ်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
မီတာ ၆၀ ရှည်တဲ့ ရေယာဉ်ကို မကြာသေးခင်က ပြီးခဲ့တဲ့သီတင်းပတ်အထိ ကင်ရဲ့ ဝမ်ဆန်စံအိမ်အနီးမှာ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။

မြောက်ကိုရီးယားက ဒီရေယာဉ်တွေကို ဘယ်သူ တရားဝင်ပိုင်ဆိုင်တယ်ဆိုတာ တစ်ခါမှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။ ဒါပေမဲ့ ဂြိုဟ်တုဓာတ်ပုံဟောင်းတွေကို ဘီဘီစီက လေ့လာသုံးသပ်ရာမှာ ကင်မ်ဂျုံအီ မြောက်ကိုရီးယားကို အုပ်ချုပ်နေတဲ့ ၂၀၀၂ ခုနှစ်က ဝန်ဆန်မှာ အခုရေယာဉ်နဲ့ ထူးခြားတဲ့လက္ခဏာချင်း တူညီတဲ့ရေယာဉ်ကြီးတစ်စီးကို တွေ့ခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယားကို သွားရောက်ခဲ့တဲ့ NBA ကြယ်ပွင့်ဟောင်း ဒဲနစ် ရော့ဒ်မန်က သူ့ရဲ့ ၇ ရက်ကြာ ခရီးစဉ်အများစုကို ဝမ်ဆန်တစ်ဝိုက်မှာ ကင်မ်ဂျုံအွန်းနဲ့အတူ ကုန်ဆုံးခဲ့ပြီး ရေဂျက်စကီး စီးတာနဲ့ မြင်းစီးတာတွေ လုပ်ခဲ့တယ်လို့ The Sun သတင်းစာကို ပြောခဲ့ပါတယ်။
သူတို့ အသုံးပြုခဲ့တဲ့ မီတာ ၆၀ ရှည်တဲ့ရေယာဉ်ဟာ ဖယ်ရီလို ကြိုပို့ရေယာဉ်နဲ့ ဒစ္စနီလှေကို ပေါင်းစပ်ထားသလိုပဲလို့လည်း သူက ဖော်ပြခဲ့ပါတယ်။
ဒီရေယာဉ်ဟာ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တွေ့ရတဲ့ မီတာ ၆၀ ရှည် ရေယာဉ်နဲ့ တစ်စီးတည်းလားဆိုတာတော့ မရှင်းလင်းပါဘူး။
ကင်မိသားစုနဲ့ အစိုးရကို ထောက်ခံသူတွေရဲ့လူနေမှုဘဝဟာ မြောက်ကိုရီးယားနိုင်ငံသားအများစုအတွက်တော့ စိတ်ကူးလို့တောင် မရနိုင်တဲ့ဘဝမျိုး ဖြစ်နေပါလိမ့်မယ်။
အထူးသဖြင့် နိုင်ငံပိုင်ဝါဒဖြန့်ချိရေးက "နိုင်ငံ့ဦးသျှောင်ခေါင်းဆောင်" ကို နိုင်ငံ့အကျိုး အမြဲ ဦးစားပေးတဲ့ ကိုယ်ကျိုးမငဲ့သူတစ်ဦးအဖြစ် ပုံဖော်တင်ပြဖို့ ရည်ရွယ်ထားတာကြောင့် ဖြစ်ပါတယ်။
''ကင်ဂျုံအွန်းကို 'ပြည်သူ့ခေါင်းဆောင်' လို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ သာမန်ပြည်သူတွေဟာ တစ်နေ့ ထမင်းတစ်နပ်စားရဖို့တောင် ရုန်းကန်နေရချိန်မှာ သူ့မှာတော့ ဒီလို ဇိမ်ခံရေယာဉ် လေးစီးရှိနေပါတယ်" လို့ ရီဂျုံဟိုက ပြောပါတယ်။
ဂရပ်ဖစ် - အာဗင် ဆူပရီယာဒီ



























