တွန်သံ ဆူတယ်ဆိုပြီး တရားစွဲခံရတဲ့ ကြက်ဖကြီး ဆက်တွန်ခွင့်ရပြီ

ကြက်ဖကြီး မောရစ်

ဓာတ်ပုံ ရင်းမြစ်, XAVIER LEOTY/AFP/Getty Images

ဓာတ်ပုံ ပုံစာ, ကြက်ဖကြီး မောရစ်
ရေးသားခဲ့သည်။

ပြင်သစ်က ရွာတစ်ရွာမှာ ကြက်တွန်သံ ဆူတယ် ဆိုပြီး တရားစွဲခံထားရတဲ့ အမှုမှာ ကြက်ဖကြီး မောရစ်ကို တရားရုံးက အနိုင်ပေးလိုက်ပါတယ်။

မောရစ်ဟာ မနက်တိုင်း ထတွန်နေလို့ တွန်သံ ဆူတယ်ဆိုပြီး အိမ်နီးချင်း စုံတွဲက တရားစွဲခဲ့ပေမဲ့ စက်တင်ဘာ ၅ ရက် ကြာသပတေးနေ့မှာ တရားရုံးက သူ့ကို ဆက်ပြီး တွန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ပြင်သစ် အတ္တလန္တိတ် ကမ်းခြေမှာရှိတဲ့ အိုလေရွန်ကျွန်းက ရွာမှာ အနားယူနေထိုင်နေတဲ့ အငြိမ်းစား ဇနီးမောင်နှံက မောရစ်ရဲ့ တွန်သံက ဆူလွန်းတယ် ဆိုပြီး ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက တရားရုံးမှာ တိုင်ခဲ့တာပါ။

အခု ကြက်ဖကြီး တရားနိုင်သွားလို့ ဒီစုံတွဲကို တရားစရိတ် ဒေါ်လာ ထောင်ချီ ပေးဆောင်စေလိုက်ပါတယ်။

မောရစ်ရဲ့ပိုင်ရှင်(ဘယ်)နဲ့ မောရစ်ကို အားပေးသူတွေ

ဓာတ်ပုံ ရင်းမြစ်, XAVIER LEOTY/AFP/Getty Images

ဓာတ်ပုံ ပုံစာ, မောရစ်ရဲ့ပိုင်ရှင်(ဘယ်)နဲ့ မောရစ်ကို အားပေးသူတွေ

ကြက်တွန်သံ ဆူညံတယ် ဆိုပြီး တရားရုံး ရောက်လာတဲ့ ဒီအမှုဟာ လူအများ စိတ်ဝင်စားစရာ အမှု ဖြစ်ခဲ့ပါတယ်။

ရွာနားတစ်ဝိုက် ငြိမ်းငြိမ်းချမ်းချမ်း ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြစ်စေချင်တယ်ဆိုတဲ့ သူတွေက တစ်ဘက်၊ ကြက်တွန်သံလို တိရစ္ဆာန်အသံဟာလည်း ပြင်သစ်ကျေးလက်ရဲ့ သဘာဝ အသံပဲ ဆိုတဲ့သူတွေက တစ်ဘက် ငြင်းခုန်ခဲ့ကြပါတယ်။

မောရစ်နဲ့ သူ့ပိုင်ရှင်

ဓာတ်ပုံ ရင်းမြစ်, XAVIER LEOTY/AFP/Getty Images

ဓာတ်ပုံ ပုံစာ, မောရစ်နဲ့ သူ့ပိုင်ရှင်

ကြက်ဖကြီး မောရစ်ရဲ့ ပိုင်ရှင်ကတော့ မောရစ်ကို အဲဒီစုံတွဲက လွဲပြီး ဘယ်သူကမှ မကျေမနပ် ဖြစ်မနေကြဘူးလို့ ပြောပါတယ်။

ပြီးတော့ လူတစ်သိန်းခွဲ နီးပါးလောက်ကလည်း ကြက်ဖကြီး မောရစ်ကို ဆက်တွန်ခွင့် ပေးဖို့ အသနားခံစာမှာ လက်မှတ်ထိုးပြီး မောရစ်ကို အကာအကွယ် ပေးခဲ့ကြပါတယ်။