ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင်ဆန္ဒပြမှုကိစ္စ Cathay Pacific လေကြောင်းကုမ္ပဏီအကြီးအကဲ နုတ်ထွက်
ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကနေ အကြောင်းပြုခဲ့တဲ့ အချေအတင် အငြင်းပွားမှုတွေမှာ Cathay Pacific လေကြောင်းကုမ္ပဏီ ပါဝင်ဆက်နွယ်ခဲ့အပြီး အခုအခါ ကုမ္ပဏီ အမှုဆောင်ချုပ် ရာထူးကနေ နုတ်ထွက်သွားပါပြီ။
Cathay Pacific လေကြောင်းကုမ္ပဏီ ဝန်ထမ်းတချို့ ဆန္ဒပြမှုတွေမှာ ပါ၀င်ခဲ့ကြရာမှာ ဆန္ဒပြဝန်ထမ်းတွေကို တာဝန်ကနေ ဆိုင်းငံ့ထားဖို့ ကုမ္ပဏီကို တရုတ်အစိုးရက အမိန့်ပေးခဲ့ပါတယ်။
အခုချိန်ဟာ ယုံကြည်စိတ်ချမှု ပြန်တည်ဆောက်နိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့သစ်တစ်ခု ပြန်ခန့်ဖို့ အချိန် ရောက်ပြီလို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန် ဆလိုဆာ က ပြောပါတယ်။
ခရီးသည်နဲ့ စီးပွားရေး အရာရှိချုပ် ပေါလ် လူး လည်း ရာထူးကနေ နုတ်ထွက်ဖို့ ရှိပါတယ်။
Cathay Pacific လေကြောင်းကုမ္ပဏီအနေနဲ့ သီတင်းပတ်နဲ့ချီ စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ကုမ္ပဏီ အကြီးအကဲတွေဖြစ်တဲ့ သူနဲ့ ပေါလ် တို့က ဒါကို ခေါင်းခံ တာဝန်ယူတဲ့ အနေနဲ့ ရာထူးကနေ နုတ်ထွက်မှာ ဖြစ်တယ်လို့ မစ္စတာ ဟော့ဂ် က ပြောပါတယ်။
တိုးပွားလာနေတဲ့ ဖိအားတွေ
ဟောင်ကောင်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့ ကုမ္ပဏီ ဝန်ထမ်းတွေကို Cathay Pacific လေကြောင်းကုမ္ပဏီက တားဆီးမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ တနင်္လာနေ့တုန်းကတော့ တရားမဝင် ဆန္ဒပြမှုတွေကို ထောက်ခံအားပေးတာမျိုး၊ ပါဝင်တာမျိုး လုပ်ရင် အလုပ်ထုတ်ခံရမယ်လို့ မစ္စတာ ဟော့ဂ်က ဝန်ထမ်းတွေကို သတိပေးခဲ့ပါတယ်။
Cathay Pacific လေကြောင်းကုမ္ပဏီအနေနဲ့ တရုတ်ပြည်မကြီးထဲ ဝင်လာတဲ့ ဒါမှမဟုတ် တရုတ် လေကြောင်းပိုင်နက်ထဲကနေ ဖြတ်သွားတဲ့ လေယာဉ်ခရီးစဉ်တွေမှာ အလုပ်လုပ်နေတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ အမည်စာရင်းကို တရုတ်ရဲ့ အရပ်ဘက် လေကြောင်း အုပ်ချုပ်ရေး အဖွဲ့ CAAC ထံ တင်ပြဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ကုမ္ပဏီတွင်း ထိန်းချုပ်မှု တိုးမြှင့်ရေးနဲ့ လေယာဉ်ခရီးစဉ် ဘေးကင်းလုံခြုံမှုတွေ တိုးတက်ကောင်းမွန်အောင် လုပ်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတစ်စောင် တင်ပြရမှာ ဖြစ်ပါတယ်။
မစ္စတာ ဟော့ဂ် နေရာမှာ တန်ကင်ဝင်း အောဂပ်စ်တပ်စ်၊ မစ္စတာ လူး နေရာမှာ ရော်နယ် လမ်းမ်ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ Cathay Pacific လေကြောင်းကုမ္ပဏီက ပြောပါတယ်။
Cathay Pacific လေကြောင်းကုမ္ပဏီကို လောလောဆယ်မှာ Swire ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးက အများစု ပိုင်ဆိုင်ထားပြီး Air China လေကြောင်းကုမ္ပဏီက အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါဝင်ထားပါတယ်။ Qatar Airways ကလည်း ရှယ်ယာ ထည့်ဝင်ထားပါတယ်။
Cathay Pacific လေကြောင်းကုမ္ပဏီက အသစ်ခန့်လိုက်တဲ့ အမှုဆောင်ချုပ် မစ္စတာတန်းဟာ Hong Kong Aircraft Engineering ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်ပြီး အဲဒီကုမ္ပဏီကို Swire ကုမ္ပဏီကလည်း ပိုင်ပါတယ်။ မစ္စတာ လမ်းမ် ဟာလည်း Cathay Pacific လေကြောင်းကုမ္ပဏီရဲ့ တန်ဖိုးနည်း လေကြောင်း Hong Kong Express မှာ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
"မစ္စတာ ဟော့ဂ်နဲ့ သူ့အဖွဲ့က ကုမ္ပဏီ ပြင်ဆင်ပြောင်းလဲရေး ၃ နှစ်စီမံကိန်းတခုကို ဆောင်ရွက်နေစဉ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကြောင့် လေယာဉ်ခရီးစဉ်တွေ ဘေးကင်းလုံခြုံရေးအပေါ် ကုမ္ပဏီ ချမှတ်ဆောင်ရွက်မှုတွေအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပြီး ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာအပေါ် ဖိအားတွေ ကျရောက်လာတယ်"လို့ မစ္စတာ ဆလိုဆာ က ပြောပါတယ်။
Cathay Pacific လေကြောင်းကုမ္ပဏီအနေနဲ့ လေယာဉ် ခရီးစဉ်တွေ ဘေးကင်းလုံခြုံရေးကို အမြဲ အဓိကထား ဦးစားပေး ဆောင်ရွက်ခဲ့တာမို့ ဒါဟာ စိတ်မကောင်းစရာပဲလို့ သူက ပြောပါတယ်။
အခု ကုမ္ပဏီအကြီးအကဲသစ်တွေဟာ လေကြောင်း ပျံသန်းရေးဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတ ရင့်ကျက်သူဖြစ်တယ်၊ ဒီလို အတိမ်းအစောင်းမခံတဲ့ အချိန်အခါမျိုးမှာ Cathay Pacific ကုမ္ပဏီ အကြီးအကဲတွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေအနေနဲ့ စိတ်ဓာတ်ခိုင်မာ ထိရောက်ဖို့ လိုတယ်လို့ မစ္စတာ ဆလိုဆာ က ပြောပါတယ်။
အာရှဒေသရဲ့ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေး အချက်အချာ နေရာ တစ်ခုဖြစ်တဲ့ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကို အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေ ဝင်ရောက် နေရာယူထားတာကြောင့် အခု သီတင်းပတ် အစောပိုင်းက ပိတ်ထားခဲ့ရပါတယ်။
ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ဟာ ကမ္ဘာပေါ်မှာ လေယာဉ်အဝင်အထွက် အများဆုံး လေဆိပ် တစ်ခု ဖြစ်ပြီး တချို့နေရာတွေထဲ ဆန္ဒပြသူတွေ ဝင်ရောက် ဆန္ဒပြတာကို တားမြစ်ထားတဲ့ ယာယီအမိန့်တစ်ခုကို လေဆိပ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရပါတယ်။
တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ခွင့်ပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟောင်ကောင်အပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု တိုးလာနေတာအပေါ် စိုးရိမ်တဲ့အတွက် ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရုတ်အစိုးရက ဟောင်ကောင်ကို တစ်နိုင်ငံ၊ စနစ်နှစ်ခု မူဝါဒနဲ့ အုပ်ချုပ်နေတာအပေါ် Cathay Pacific ကုမ္ပဏီအနေနဲ့ အပြည့်အဝ လိုက်နာထောက်ခံတယ်လို့ မစ္စတာ ဆလိုဆာ ကပြောပါတယ်။
ဒါဟာ တရုတ်ရဲ့ တစိတ်တပိုင်း ဖြစ်ပေမဲ့ ဟောင်ကောင်ဟာ နိုင်ငံခြားရေးရာနဲ့ ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်တွေကလွဲလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ အချက်ကို ရည်ညွှန်းပြောခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင်ဟာ ကောင်းမွန်တဲ့ အနာဂါတ်ကို ပိုင်ဆိုင်ထားတယ် ဆိုတာကို အပြည့်အဝ ယုံကြည်တယ်လို့ သူက ဖြည့်စွက် ပြောသွားပါတယ်။
ရာထူးကနေ နုတ်ထွက်သွားတဲ့ မစ္စတာ ဟော့ဂ်ဟာ ယူကေနိုင်ငံ ပို့စ်မောက်မြို့မှာ မွေးဖွားခဲ့ပြီး အီဒင်ဘာရာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ Swire အစုစပ် ကုမ္ပဏီ ရဲ့ ကုမ္ပဏီခွဲ ဖြစ်တဲ့ John Swire & Sons ကုမ္ပဏီမှာ အလုပ်စဝင်ခဲ့ပါတယ်။ သူဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှ ဒေသတွေမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။