အာရှ-ပစိဖိတ်မှာ အမေရိကန် ဒုံးတွေလာထားရင် တုံ့ပြန်မယ်လို့ တရုတ်ပြော အပါအဝင် နိုင်ငံတကာ သတင်းများ
အာရှ-ပစိဖိတ်မှာ အမေရိကန် ဒုံးတွေလာထားရင် တုံ့ပြန်မယ်လို့ တရုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်က အာရှ-ပစိဖိတ် ဒေသမှာ တာလတ်ပစ် ဒုံးပျံတွေ တပ်ဆင်မယ့်ကိစ္စ ဆက်လုပ်နေမယ်ဆိုရင် လိုအပ်တဲ့ တုံ့ပြန်မှုတွေလုပ်မယ်လို့ တရုတ်က သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်နက် ထိန်းချုပ်ရေးဌာနက တာဝန်ရှိသူက အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် မဟာမိတ်တွေထဲမှာ အထူးသဖြင့် သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့နဲ့ အမေရိကန် ဒုံးကျည်တွေကို သူတို့ ပိုင်နက်တွေမှာ လက်မခံဖို့ ပြောတာဖြစ်ပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ အကြား တာလတ်ပစ် နျူးကလီးယား လက်နက် ဆိုင်ရာ သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်သွားပြီး ရက်ပိုင်းအကြာမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အဲဒီလို ဒုံးကျည်တွေကို အာရှ-ပစိဖိတ်ဒေသမှာ ထားလိုတယ်လို့ ပြောလိုက်ပါတယ်။ ဒါကို လပိုင်းအတွင်း ဆောင်ရွက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ သြစတြေးလျကတော့ သူတို့ဆီမှာ ဒီလိုမျိုးထားရှိတာကို လက်ခံမှာ မဟုတ်ဘူးလို့ တနင်္လာနေ့က ပြောပါတယ်။

ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေး ကူးစက်ပြန့်ပွား

ဓာတ်ပုံ ရင်းမြစ်, EPA
ဖိလစ်ပိုင်မှာ အခုနှစ်အတွင်း လူ ၆၂၂ ယောက် ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးခဲ့လို့ နိုင်ငံလုံးချီ ကူးစက်ရောဂါ ပြန့်ပွားမှု အဖြစ် ကြေညာလိုက်ပါတယ်။
ဇန်နဝါရီလကနေစပြီး ရောဂါ ဖြစ်ပွားမှု တစ်သိန်းလေးသောင်းကျော် ရှိခဲ့ပြီး အဲဒါဟာ မနှစ်ကထက်စာရင် ၉၈ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်တယ်လို့ ကျန်းမာရေး ဌာနက ပြောပါတယ်။
ရောဂါပြန့်ပွားမှု ကြေညာလိုက်တဲ့အတွက် တာဝန်ရှိသူတွေဟာ အရေးပေါ် အခြေအနေ စောင့်ကြည့်ကုသရမယ့် နေရာတွေကို ရှာဖွေသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ကူးစက်ခံရသူတွေဟာ တုပ်ကွေးလို ရောဂါလက္ခဏာတွေ ဖြစ်စေပြီး ပိုဆိုးတဲ့ အခြေအနေ တွေ ဖြစ်လာတတ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အဆိုအရ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုဟာ အခုနှစ်ပိုင်းတွေမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ရုတ်တရက် မြင့်တက်လာတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်မှာ အခုလို နိုင်ငံအဆင့် သတိပေးနှိုးဆော်မှုကို ဇူလိုင်ကတည်းက ကနဦးကြေညာချက်လည်း ထုတ်ခဲ့ပါတယ်။

ဟောင်ကောင် ဆန္ဒပြသမားတွေကို မီးနဲ့မကစားနဲ့လို့ တရုတ်အစိုးရ သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို မကျေနပ်ကြရာကနေစတဲ့ ဟောင်ကောင်က ဆန္ဒပြမှုမှာ ပါသူတွေကို မဆင်မခြင်လုပ်ရပ်တွေ လုပ်ရင် ဘေးတွေ့လိမ့်မယ်လို့ တရုတ် အစိုးရက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ဆန္ဒပြမှုတွေဟာ သီတင်းကိုးပတ် ဆက်တိုက်ရှိနေပြီ ဖြစ်ပြီး တနင်္လာနေ့က ဆန္ဒပြမှုတွေကြောင့် လေယာဉ်ခရီးစဉ် ၂၀၀ လောက်လည်း ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကို ရဲက ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းတာတွေကို စုံစမ်းစစ်ဆေးပေးဖို့၊ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို လုံးဝရုပ်သိမ်းလိုက်ဖို့ နဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း နုတ်ထွက်ပေးဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆိုနေကြပါတယ်။
တရုတ် အစိုးရရဲ့ ဟောင်ကောင်နဲ့ မကာအိုဆိုင်ရာ ပြောခွင့်ရသူက ဆန္ဒပြသူတွေဟာ တရုတ် ပြည်မကြီးက အစိုးရရဲ့ အင်အားနဲ့ ပြဿနာ ဖြေရှင်းတဲ့နည်းလမ်းတွေ အပေါ် လျှော့မတွက်သင့်ဘူးလို့လည်း ပြောလိုက်ပါတယ်။
ဆန္ဒပြပွဲတွေဟာ ဟောင်ကောင်ရဲ့ စီးပွားရေးနဲ့ တည်ငြိမ်မှုကို ပျက်စီးအောင်လုပ်နေတာဖြစ်တယ်လို့ တရုတ်အစိုးရ ပြောခွင့်ရ ယန်ဂေါင်းက မီဒီယာတွေကို ဘေဂျင်းမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
အခုလတ်တလောမှာတော့ အခြေအနေတွေကို ဟောင်ကောင် အစိုးရက သူ့ဘာသာ ဖြေရှင်းနိုင်တယ်လို့ တရုတ်အစိုးရက ယုံကြည်ထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ဟောင်ကောင်ကို အကျပ်အတည်း ဖြစ်အောင် ဝင်စွက်နေတဲ့ နိုင်ငံတွေကိုလည်း သတိပေးလိုက်တယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယား ဒုံးကျည် နှစ်စင်း ထပ်ပစ်လွှတ်

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယားဟာ နှစ်ပတ်အတွင်း လေးကြိမ်မြောက် ဒုံးကျည် ပစ်လွှတ်မှု အဖြစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒီတစ်ခါ ပစ်တဲ့ ဒုံးကျည် အမျိုးအစားကတော့ ဘယ်လို ဒုံးကျည်မှန်း မသိရသေးပါဘူး။
အဲဒီ ဒုံးကျည်တွေကို တောင် ဟွမ်ဟေး ခရိုင် ကနေ ပြီး အရှေ့ဘက် ပင်လယ်ထဲကို ပစ်တယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။
ဒါဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ တနင်္လာနေ့မှာ စတင်ခဲ့တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မနှစ်မြို့ကြောင်း မြောက်ကိုရီးယား ထပ်မံ ပြသလိုက်တာ ဖြစ်ပါတယ်။
အဲဒါဟာ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ သဘောတူထားတာတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဓိက စစ်ရေးလေ့ကျင့်မှုတွေက သြဂုတ်လ ၁၁ ရက်မှာမှ စမှာ ဖြစ်ပေမဲ့ စစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်တာတွေကတော့ စနေပြီ ဖြစ်ပါတယ်။
အမေရိကန်ကတော့ အခြေအနေတွေကို စောင့်ကြည့်နေပြီး တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။








