ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီ နုတ်ထွက်သွားပြီ၊ ဂျပန်နိုင်ငံက မိုးသည်းထန်မှု

ရေးသားခဲ့သည်။

ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီ နုတ်ထွက်သွားပြီ

အိန္ဒိယနိုင်ငံမှာ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူး ဂန္ဒီ ရာထူးကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သူ့ပါတီ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာအပေါ် တာဝန်ခံဖို့ အခုလို နုတ်ထွက်လိုက်တာပါ။

ကွန်ဂရက်ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၀ ရာခိုင်နှုန်းတောင် မရခဲ့ပါဘူး။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ BJP အစိုးရပါတီ အပေါ် သူ့အနေနဲ့ အမုန်းစိတ် မထားကြောင်း၊ ဒါပေမဲ့ အိန္ဒိယနိုင်ငံအပေါ် ထားရှိတဲ့ BJP ပါတီရဲ့ သဘောထားမူဝါဒတွေကိုတော့ သူ့အသွေးအသားထဲက ခါးခါးသီးသီး ဆန့်ကျင်ကြောင်း ရာဟူး ဂန္ဒီက ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

သူရာထူးကနေ နုတ်ထွက်ဖို့ ရည်ရွယ်ထားတယ် ဆိုတာကို ပါတီ အစည်းအဝေး တစ်ခုမှာ မေလတုန်းက ထုတ်ဖော် ကြေညာခဲ့တာ ဖြစ်ပေမဲ့ သူစိတ်ပြောင်းသွားဖို့ ကွန်ဂရက်ပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေက မျှော်လင့်ထားခဲ့ကြတာပါ။

ရာဟူး ဂန္ဒီရဲ့ ဖခင်၊ အဖွားနဲ့ အဘိုး ဖြစ်သူတို့ဟာ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကြပါတယ်။

ဂျပန်နိုင်ငံက မိုးသည်းထန်မှု

ဂျပန်နိုင်ငံ တောင်ပိုင်း ကျူရှူးကျွန်းမှာ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေပြီး ရေကြီး မြေပြိုမှု အန္တရာယ်တွေ တိုးလာနေတဲ့အတွက် ဒေသခံ တစ်သန်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားရပါတယ်။

ကျူရှူးကျွန်း အနောက်တောင်ပိုင်းက ကာဂိုရှီးမား၊ ကီရီရှီးမားနဲ့ အိုင်ရာ စတဲ့ မြို့ ၃ မြို့က ဒေသခံတွေ အားလုံးကို နေအိမ်တွေကနေ စွန့်ခွာကြဖို့ ပန်ကြားထားပါတယ်။

အဲဒီမှာ ကြာသပတေးနေ့အထိ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းဖို့ ရှိတယ်လို့ ဂျပန် မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

တောင်ကိုရီးယား ပိုင်နက်ရေပြင်ထဲ ရောက်လာတဲ့ မြောက်ကိုရီးယားလှေငယ်

ပြီးခဲ့တဲ့ ဇွန်လတုန်းက တောင်ကိုရီးယား ပိုင်နက် ရေပြင်မှာ ဘယ်သူမှ သတိမပြုမိဘဲ မြောက်ကိုရီးယား လှေငယ်တစ်စင်း ၅၂ နာရီကြာ

ခုတ်မောင်း နေပြီး ဒေသခံ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ခွင့်ရခဲ့တဲ့ လုံခြုံရေး ချိုးဖောက်မှုအတွက် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် တောင်းပန်လိုက်ပါတယ်။

အဲဒီငါးဖမ်းလှေပေါ်မှာ မြောက်ကိုရီးယားလူမျိုး ၄ ဦး ပါလာပြီး အဲဒီထဲက ၂ ဦးဟာ တောင်ကိုရီးယားမှာ ခိုလှုံခွင့် တောင်းခဲ့ပါတယ်။ ကျန်တဲ့ ၂ ဦးကတော့ မြောက်ကိုရီးယားကို ပြန်ခွင့် တောင်းခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဂျီယောင် ကျီယောင်ဒူး က အခုလို လုံခြုံရေးအရ လစ်ဟာခဲ့တာဟာ မဟာ အမှားကြီး တရပ် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို ဖုံးကွယ်ဖို့ လုပ်ခဲ့တယ် ဆိုတာကိုတော့ သူက ငြင်းဆိုခဲ့ပါတယ်။

အဲဒီလှေကို တောင်ကိုရီးယားစစ်တပ်က သတိမပြုမိဘဲ တောင်ကိုရီးယား ဒေသခံရွာသားတွေဆီက မြောက်ကိုရီးယား ငါးဖမ်းသမားတွေ မိုဘိုင်းဖုန်း ငှားတဲ့အခါကျမှ ရွာသားတွေက ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ကို လှမ်းအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။