မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကနေ အနာဂတ်ကိုမျှော်ကြည့်ရရင်

North Korean leader Kim Jong-un and his wife Ri Sol-ju as they prepare to leave for China from Pyongyang, North Korea, 7 January 2019

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မစ္စတာ ကင် က သူ့ ဇနီး လီဆိုကျူ နဲ့ အတူ တရုတ်ခရီးစဉ် လာခဲ့တဲ့အကြောင်း တရုတ်နဲ့ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာတွေက ထုတ်ပြန်
ရေးသားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ တရုတ်သမ္မတ ရှီကျင်ပင်းရဲ့ ဖိတ်ကြားချက်အရ ဘေဂျင်းကိုရောက်ရှိလာပါတယ်။

မစ္စတာ ကင်နဲ့ အတူ ဒီခရီးစဉ်မှာ သူ့ဇနီး လီဆိုကျူလည်း ပါဝင်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြသလို ခရီးစဉ်က ဇန်နဝါရီလ ၁ဝ ရက်နေ့အထိ ကြာမြင့်မယ်လို့ ဆိုပါတယ်။မစ္စတာ ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်နိုင်ငံကြားတိုင်ပင်တာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်နဲ့ မစ္စတာကင်ရဲ့ အခုတရုတ်ခရီးစဉ်က တိုက်ဆိုင် နေပါတယ်။

A vehicle that is part of a motorcade that is believed to be carrying North Korean leader Kim Jong Un makes its way through central Beijing

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားခေါင်းဆောင်ကို တင်ဆောင်ထားတယ်လို့ ယူဆနိုင်တဲ့ ယာဉ်တန်း ဘေဂျင်းမြို့လယ်မှာ တွေ့ရစဉ်

မစ္စတာကင်ဟာ မနှစ်က တရုတ်ကိုခရီး သုံးကြိမ်ထွက်ခဲ့ပြီး အခုနှစ်သစ် အစမှာ ဒါ ပထမဆုံးခရီးအဖြစ် တရုတ်ကို သူသွားတာပါ။ ဇန်နဝါရီ ၈ ရက်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ၃၅ နှစ်မြောက်မွေးနေ့ဖြစ်တယ်လို့ ဆိုကြပေမယ့် သူ့မွေးနေ့က ဘယ်နေ့လဲဆိုတာကို မြောက်ကိုရီးယားအစိုးရက ဘယ်တော့မှ အတည်ပြုပြောဆိုတာ မရှိပါဘူး။

နိုင်ငံအတွက် ကုန်သွယ်ရေးနဲ့ အကူအညီရယူနိုင်ရေးတွေ အတွက် အားကိုးရတဲ့နိုင်ငံတွေထဲက အဓိကတခုဖြစ်တဲ့ တရုတ်ဟာ မြောက်ကိုရီးယားအဖို့ အရေးကြီးတဲ့ မဟာမိတ်နိုင်ငံပါ။Centre for the National Interest ရဲ့ ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဌာန ဒါရိုက်တာ ဟယ်ရီ ဂျေ ကာဇီယန်နစ် က မစ္စတာ ကင်အနေနဲ့ သူတို့ဆီမှာ အမေရိကန်နဲ့ တောင်ကိုရီးယားက ကူညီကမ်းလှမ်းမှုကို ဘေးထားပြီး သူတို့မှာ ရွေးချယ်စရာ သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ ရွေးချယ်စရာတွေရှိတယ်ဆိုတာကို ထရမ့်အစိုးရကို အသိပေးလိုတဲ့ စိတ်ထက်သန်နေတာ လို့ ရိုက်တာသတင်းဌာန ကို ပြောပါတယ်။

A train believed to be carrying North Korean leader Kim Jong Un arrives at Beijing Railway Station in Beijing, China January 8, 2019.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစိမ်းနဲ့အဝါရောင်ဆေးချယ်ထားတဲ့ သူ့ရဲ့ သီးသန့်ရထားနဲ့ မစ္စတာကင်နဲ့ အဖွဲ့ တရုတ်ခရီးစဉ် ထွက်ခဲ့တာဖြစ်

ဆိုးလ်မှာရှိတဲ့ ဘီဘီစီ သတင်းထောက် လော်ရာ ဘက်ကာ က သူ့ရဲ့အရင်တရုတ်ခရီးစဉ် နှစ်ခုကိုကြည့်ရင် အဲဒီခရီးစဉ်တခုပြီးသွားတိုင်းနောက် မကြာမီမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲတွေ ဖြစ်ခဲ့တယ်၊ မစ္စတာ ကင်နဲ့ တောင်ကိုရီးယား ခေါင်းဆောင် မွန်ဂျေအင်း၊ မစ္စတာ ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စတဲ့ ထိပ်သီးဆွေးနွေးပွဲတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် အခု သူ့ရဲ့ တရုတ်ခရီးစဉ်ပြီးရင် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဒုတိယအကြိမ်မြောက်ထိပ်သီးညီလာခံ မကြာခင်မှာ ဖြစ်လာတော့မယ်လို့ မှန်းဆမှုတွေကို အခုခရီးစဉ်က မီးထိုးပေးနေပါတယ်လို့ ပြောပါတယ်။ဒီသီတင်းပတ် အစောပိုင်းတုန်းကလည်း မစ္စတာထရမ့်က ၂ နိုင်ငံကြား နောက်ထပ်ဆွေးနွေးပွဲ လုပ်မယ့် နေရာကို သိပ်မဝေးတဲ့ အနာဂတ်မှာ ကြေညာမယ်လို့ ပြောခဲ့ပါသေးတယ်။

Images of Xi Jinping with Kim Jong Un, are displayed at a newspaper stand in Beijing on March 28, 2018

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မနှစ်တုန်းက မစ္စတာ ကင်ရဲ့ တရုတ်ခရီးစဉ်

မစ္စတာထရမ့်က မြောက်ကိုရီးယားနဲ့ သူတို့ ကောင်းမွန်တဲ့ ဆွေးနွေးတိုင်ပင် ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်၊ ဒါပေမဲ့ ပြုံယမ်းအပေါ် ပိတ်ဆို့အရေးယူတာတွေ ကတော့ ဆက်ပြီး ရှိနေဦးမှာ လို့လည်း သူက ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက နှစ်သစ်ကူးမိန့်ခွန်းထဲမှာတော့ မစ္စတာကင်က သူ့အနေနဲ့ နျူကလီယား လက်နက်ဖျက်သိမ်းရေး အတွက် သေသေချာချာပိုင်းဖြတ်ဆောင်ရွက်သွားမှာဖြစ်တယ်၊ ဒါပေမဲ့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့ထားတာတွေဆက်ရှိနေမယ်ဆိုရင်တော့ သူလည်း လမ်းကြောင်းကို ပြောင်းကောင်းပြောင်းရလိမ့်လို့ သတိပေးခဲ့ပါတယ်။

အခု မစ္စတာ ကင် ဘေဂျင်းကို ရောက်တဲ့နေ့ဟာ အမေရိကန်နဲ့တရုတ်အကြားဖြစ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာပဋိပက္ခကို ဖြေရှင်းကြဖို့ရည်ရွယ်တဲ့ ဆွေးနွေးပွဲ အဲဒီမြို့မှာပဲ စတာ နှစ်ရက်မြောက်နေ့ပါ။

Centre for the National Interest က မစ္စတာ ဟယ်ရီ ကာဇီယန်နစ် က သမ္မတရှီအနေနဲ့ မစ္စတာကင်နဲ့ဆွေးနွေးပွဲ က အကျိုးဖြစ်မှာဖြစ်ပြီး ဒီထက်ကောင်းတဲ့ အချိန်ကိုက်တာမျိုးမရှိနိုင်ဘူး လို မှတ်ချက်ပေးပါတယ်။ကုန်သွယ်ရေးဆိုင်ရာ အမေရိကန်နဲ့ဆွေးနွေးပွဲမှာ တရုတ်က သူတို့ကောင်းကျိုးထွက်လာအောင်တို့မှာ မြောက်ကိုရီးယား ကဒ် ရှိတယ်ဆိုတာကို သွယ်ဝိုက်ပြီး အမေရိကန်ကို ပြချင်တာလို့ သူက ဆိုလိုပုံပါ။

ဒါပေမဲ့ တရုတ်တို့ဘက်ကတော့ အဲဒီယူဆပြောဆိုချက်ကို ခပ်ပြတ်ပြတ်ပဲ ပယ်ချထားပါတယ်။