ယောဂ ကျင့်ရာမှာ သုံးတဲ့ ဘောလုံးကို သုံးပြီး သတ်

ဓာတ်ပုံ ရင်းမြစ်, HANDOUT
ဟောင်ကောင်မှာ မေ့ဆေးဆရာဝန် တယောက်က ဇနီးနဲ့ ၁၆ နှစ် အရွယ် သမီးကို ယောဂ ကျင့်ရာမှာ သုံးတဲ့ ဘောလုံးကို သုံးပြီး သတ်တယ်လို့ တရားရုံးမှာ ကြားနာခဲ့ပါတယ်။
ဘောလုံးထဲ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ထည့်ထားတာလည်း ဖြစ်ပါတယ်။
ဒေါက်တာ ခေါခင်ဆန်းဟာ ဘောလုံးကို ကားနောက်ဖုံးထဲ ထည့်ပြီး ဓာတ်ငွေ့ယိုစိမ့်လာချိန်မှာ သားအမိ နှစ်ယောက်ကို သေအောင် လုပ်ခဲ့တာလို့ အစိုးရ ရှေ့နေတွေက ဆိုပါတယ်။
ကားထဲမှာ တံခါးပိတ်မိပြီး သေဆုံးနေတာကို ၂ဝ၁၅ က တွေ့ခဲ့တာ ဖြစ်ပါတယ်။
အစကတော့ ရဲတွေအတွက် အစ ရှာမရ ဖြစ်ခဲ့ရပါတယ်။
ဒီ လူသတ်မှု နှစ်ခု အတွက် ဒေါက်တာ ခေါက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။
ရင်ခွဲစစ်ဆေးချက်အရလည်း ဆရာဝန်ရဲ့ ဇနီးနဲ့ သမီးအကြီးဆုံးတို့ဟာ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့် သေဆုံးတာလို့ သိရပါတယ်။
အလောင်းတွေ ရှာတွေ့တဲ့ အဝါရောင် ကားနောက်ဖုံးထဲမှာ ပြားကပ်နေတဲ့ ယောဂ ဘောလုံးကို ရဲက တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါက်တာ ခေါဟာ မိန်းမတယောက်နဲ့ ငြိစွန်းပြီး မယားကြီးက ကွာမပေးလို့ ရုတ်တရက် သတ်ဖြတ်ဖို့ ကြံစည်တာလို့ ဟောင်ကောင် တရားလွှတ်တော်မှာ အစိုးရ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သမီးကိုတော့ သတ်လိုပုံ မရကြောင်းလည်း သူတို့က ဆိုပါတယ်။
ဆရာဝန်က သမီးငယ်ကို အိမ်စာလုပ်ဖို့ အိမ်မှာပဲ နေဖို့ ပြောတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
ဟောင်ကောင် တရုတ် တက္ကသိုလ်က လက်ထောက် ပါမောက္ခ ဒေါက်တာခေါ ဘောလုံး နှစ်လုံးကို ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ဖြည့်နေတာ တွေ့ရကြောင်း ထွက်ဆိုတဲ့ မျက်မြင် သက်သေတွေလည်း ရှိပါတယ်။
သူ ယုန်တွေကို ဓာတ်ငွေ့နဲ့ သတ်ဖို့ လုပ်နေတယ်လို့ သူ့လုပ်ဖော်ကိုင်ဘက်တွေကို ဆရာဝန်က ပြောခဲ့ပါတယ်။
အိမ်က ကြွက်တွေကို သတ်ရာမှာ ဒီဓာတ်ငွေ့ကို သုံးချင်တယ်လို့ သူက ရဲကို ပြောတယ် ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။
အမှုကို ဆက်စစ်နေတုန်း ဖြစ်ပါတယ်။








