၅၈ ဦးသေပြီးနောက် ဂါဇာမှာ ဆက်တင်းမာနေ

ဓာတ်ပုံ ရင်းမြစ်, EPA
အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း ၅၈ ဦးရဲ့ ဈာပနအခမ်းအနားကို ဂါဇာမှာ ကျင်းပခဲ့ပါတယ်။
မေ ၁၄ ရက်က ဆန္ဒပြပွဲကို အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတာ ဖြစ်ပြီး ဒီသေဆုံးမှုဟာ ၂ဝ၁၄ နောက်ပိုင်း ပဋိပက္ခကြောင့် သေဆုံးမှုအများဆုံးနေ့တနေ့ ဖြစ်လာခဲ့ပါတယ်။
အသုဘအခမ်းအနားကို နှစ် ၇၀ ပြည့် ပါလက်စတိုင်းတွေရဲ့ နက္ကဘာ နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ တချိန်တည်း ကျင်းပခဲ့တာဖြစ်ပြီး အဲဒီနေ့အခမ်းအနားဟာ အစ္စရေးကြောင့် ပါလက်စတိုင်းတွေ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့တဲ့ရတဲ့ အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။
အစ္စရေး စစ်တပ်ဘက်ကတော့ ဒါဟာ အတိုက်အခံ ဆန့်ကျင်မှုတွေ ပိုမိုလုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေတာလို့ ပြောပါတယ်။
ဒါပေမယ့် ပါလက်စတိုင်းတွေဘက်ကတော့ ဆန္ဒပြမှုတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့ ရည်ရွယ်ချက်မျိုးရှိနေတာကို ပြသခဲ့ပါတယ်။
အမေရိကန်သံရုံးကို ဂျေရုဆလင်ကို ပြောင်းရွှေ့ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က ဆူပူအုံကြွမှုတွေနဲ့ ပဋိပက္ခတွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ မြို့တော်ကို အစ္စရေးအနေနဲ့ တမြို့လုံး ထိန်းချုပ်စေနိုင်ဖို့အတွက် ပြုလုပ်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ပါလက်စတိုင်းတွေက စောဒက တက်ခဲ့ကြပါတယ်။
သေဆုံးသူတွေအပြင် ဒဏ်ရာရသူ ၂၇ဝဝ လောက်ရှိခဲ့တဲ့အဲဒီ ဖြစ်စဉ်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ် ဆိုပြီး ပါလက်စတိုင်းအာဏာပိုင်တွေက ပြောဆို ရှုတ်ချခဲ့ကြပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု ကတော့ အစ္စရေး ကိုဖျက်ဆီးချင်နေတဲ့ ဂါဇာကို အုပ်ချုပ်သူ အစ္စလာမ္မစ် ဟားမတ်စ်တွေရဲ့ရန်ကို ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ရတာလို့ ပြောပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာရုံးကတော့ အစ္စရေး အနေနဲ့ အင်အား အလွန်အကျွံသုံးခဲ့မှုအပေါ် အကြီးအကျယ်ဝေဖန်ထားပါတယ်။








