ဂါဇာက ဟားမတ်စ် နေရာတွေကို အစ္စရေး တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ နေရာတွေကို အစ္စရေးက တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ဘက်က ကြေညာပါတယ်။
စနေနေ့ အစောပိုင်းက အစ္စရေး စစ်တပ်ဘက်က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ် အဖွဲ့ဘက်က ရော့ကက်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ အစ္စရေး ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဂါဇာကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၃ လုံးဟာ အစ္စရေး နိုင်ငံထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အမေရိကန် သမ္မတထရမ့်က ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီးနောက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်း အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး အနေနဲ့ ဂျေရုဆလင် ကို သူတို့ရဲ့ မြို့တော်အဖြစ် အမြဲသဘောထားခဲ့တာ ဖြစ်ပြီး ၁၉၆၇ ခုနှစ် အာရပ် - အစ္စရေး စစ်ပွဲအပြီး သိမ်းပိုက်ခံခဲ့ရတဲ့ ဂျေရုဆလင် အရှေ့ပိုင်းကို ပါလက်စတိုင်း တို့ကလည်း အနာဂတ် ပါလက်စတိုင်း မြို့တော် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အစ္စရေး တပ်ဖွဲ့တွေဟာ ဟားမတ်စ်တွေရဲ့ နေရာအချို့ကိုလည်း သောကြာနေ့က စီးနင်းခဲ့ကြပြီး စနေနေ့ အစောပိုင်း မှာတော့ လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်လက်နက် ပစ္စည်းတွေ သိုလှောင် ထားတဲ့ နေရာတွေ ၊ ဂိုဒေါင်တွေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဦးတည် တိုက်ခိုက်ခဲ့တာလို့ အစ္စရေးလ် စစ်တပ်က ပြောပါတယ်။
ဂါဇာက ရှီဖာဆေးရုံ ကတော့ အပျက်အစီးတွေအကြားက ပါလက်စတိုင်းနှစ်ဦးရဲ့ အလောင်းကိုတွေ့ရပြီး အစ္စရေး လေယာဉ်တွေ တညလုံး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုတွေနဲ့ တင်းမာမှုတွေ ကြောင့် သေဆုံးမှု အရေအတွက်လည်း တိုးလာနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဒဏ်ရာရရှိသူ ၁၆၀ လောက်ရှိလာခဲ့ပါတယ်။
ဂါဇာက လူနေထူထပ်တဲ့ နေရာတွေကို အစ္စရေးဘက်က တိုက်ခိုက်ခဲ့တဲ့ သောကြာညပိုင်းမှာ အလောင်း နှစ်လောင်းဟာ ဆေးရုံကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ဂါဇာဘက်ကနေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တလုံးကို အစ္စရေးက ဒုံးခွင်းဒုံးစနစ်နဲ့ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အခြားတလုံးကတော့ ဆဒါရော့နယ်က လူမနေတဲ့ ကွင်းပြင်ထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ အစ္စရေးက ကြေညာပါတယ်။
သောကြာနေ့ အစောပိုင်းကတော့ ဟားမတ်စ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဖာတီဟမ်မတ်က ဂျေရုဆလင်ကို သံရုံးပြောင်းရွှေ့တဲ့ ဘယ်သူမဆို ပါလက်စတိုင်းရဲ့ ရန်သူအဖြစ် သတ်မှတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်း မီဒီယာတွေကတော့ အနည်းဆုံး ပါလက်စတိုင်း ၂၀ဝ ကျော်ဟာ ဒီ ဂျေရုဆလင် အရေး အငြင်းပွားဆန့်ကျင်မှုအတွင်း ဒဏ်ရာရခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။

ထောင်နဲ့ချီတဲ့ ပါလက်စတိုင်း လိုလားသူတွေဟာ ဂျော်ဒန် ၊ အီဂျစ် ၊ အီရတ် ၊ တူရကီ ၊ တူနီးရှား ၊ အီရန် စတဲ့ နိုင်ငံတွေမှာလည်း ဆန္ဒပြနေကြပါတယ်။
အရှေ့ဂျေရုဆလင်မှာ ပါလက်စတိုင်း ၃ သိန်းကျော် နေထိုင်ပြီး ဂျူး ၂ သိန်းကျော်လည်း နေထိုင်ကာ ဒါဇင်နဲ့ချီတဲ့ ဂျူးအခြေစိုက် အိမ်ရာတွေကိုလည်း အစ္စရေး ဘက်က အကောင်ထည်ဖော်နေတာ ဖြစ်ပါတယ်။
ဂျေရုဆလင်ဟာ အစ္စရေးကော ပါလက်စတိုင်းအတွက်ပါ အရေးကြီးတဲ့ နေရာဖြစ်ပြီး ဂျူး ၊ အစ္စလာမ်နဲ့ ခရစ်ယာန်တို့ရဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာလည်း ဖြစ်ပါတယ်။
အရင်က ဂျော်ဒန်က ထိန်းချုပ်ထားခဲ့တဲ့ အဲဒီနယ်မြေကို အစ္စရေးက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။








