လက်ရှိချန်ပီယံ ဗီယက်နမ် ရွှေရပြီး မြန်မာ အမျိုးသမီး အသင်း ကြေး ၅ကြိမ်ဆက် ရခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP
အကြိမ် ၃၀မြောက် အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ လက်ရှိချန်ပီယံ ဗီယက်နမ် အသင်းက ထိုင်းအသင်းကို အနိုင်ယူပြီး ၂ကြိမ်ဆက် ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။ ဗီယက်နမ်ဟာ ဆီးဂိမ်းပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အသင်း ဖြစ်ပြီး ဗိုလ်လုပွဲမှာ ထိုင်းကို အကြိတ်အနယ် ကစားခဲ့ရတာပါ။ တစ်ဖက်နဲ့ တစ်ဖက် မိနစ် ၉၀အတွင်း ဂိုးမသွင်းနိုင်ကြလို့ အချိန်ပို ၁၅မိနစ်စီ ထပ်ကစားခဲ့ရပြီး ၉၃မိနစ်မှာ ဗီယက်နမ်က အနိုင်ဂိုး ရခဲ့တာပါ။
Pham Hai Yen က သွင်းပေးခဲ့တာဖြစ်ပြီး အဲ့ဒီ တစ်ဂိုးထဲကိုပဲ မိနစ် ၃၀လုံး ထိန်းကစားနိုင်ခဲ့လို့ ဗီယက်နမ်အသင်း ထိုက်ထိုက်တန်တန် ချန်ပီယံ ထပ်ဖြစ်ခဲ့တာပါ။ အုပ်စုပွဲတုန်းက တစ်ဖက် တစ်ဂိုးစီ သရေဖြစ်ခဲ့ကြတဲ့ ဒီနှစ်သင်းဟာ ဆီးဂိမ်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင်မှာ ၅ကြိမ်မြောက် ရင်ဆိုင်ရတာဖြစ်ပြီး ဗီယက်နမ်က ၃ကြိမ်နိုင်ပြီး ထိုင်းက ၂ကြိမ် နိုင်ထားတာပါ။ ဗီယက်နမ် အသင်းအတွက်တော့ ဆီးဂိမ်းပြိုင်ပွဲသမိုင်းတစ်လျောက် ၆ကြိမ်မြောက် ရွှေတံဆိပ်ရခဲ့တာဖြစ်ပြီး ထိုင်းအတွက်တော့ ၄ကြိမ်မြောက် ငွေတံဆိပ်ရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MFF
ဆီမီးဖိုင်နယ်မှာ ရှုံးခဲ့တဲ့ မြန်မာအသင်းကလည်း တတိယနေရာလုပွဲမှာ အိမ်ရှင် ဖိလစ်ပိုင်းအသင်းကို ၁ဂိုးရှုံးနေပြီးမှ နောက်ကလိုက်ကစားပြီး ၂-၁ဂိုးနဲ့နိုင်ခဲ့ပါတယ်။ မိနစ် ၇၇အထိ အိမ်ရှင် ဖိလစ်ပိုင်းအသင်းက အသာရနေခဲ့တာပါ။ ဒါပေမယ့် ၇၈မိနစ်မှာ ဂျူလိုင်ကျော်နဲ့ ၈၀မိနစ်မှာ ရီရီဦးတို့က တစ်ဂိုးစီ သွင်းခဲ့ပြီး ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒါဟာ မြန်မာ အမျိုးသမီး အသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲ သမိုင်းတစ်လျောက် ၇ကြိမ်မြောက် ကြေးတံဆိပ်ရတာဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲ ၅ကြိမ်ဆက် တတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
မြန်မာအသင်းက ရီရီဦးကတော့ အမျိုးသမီး ပြိုင်ပွဲရဲ့ ဂိုးအများဆုံး သွင်းသူအဖြစ် ၄ဂိုးနဲ့ ရခဲ့ပေမယ့် နည်းပြ ဦးဝင်သူမိုးရဲ့ အသင်းကတော့ နောက် တစ်ကြိမ် ကြေးတံဆိပ်နဲ့သာ အဆုံးသတ်ခဲ့တာပါ။
ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ သမိုင်းတစ်လျောက်မှာတော့ ဗီယက်နမ် အမျိုးသမီးအသင်းက ရွှေတံဆိပ် ၆ခု၊ ငွေတံဆိပ် ၂ခု၊ ကြေးတံဆိပ် ၁ခု ရခဲ့ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်ရှိနေပါတယ်။ ထိုင်းအမျိုးသမီး အသင်းကတော့ ရွှေတံဆိပ် ၅ခု၊ ငွေတံဆိပ် ၄ခု၊ ကြေးတံဆိပ် ၂ခုရခဲ့ကာ ဒုတိယ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး မြန်မာအမျိုးသမီး အသင်းကတော့ ငွေတံဆိပ် ၃ခု၊ ကြေးတံဆိပ် ၇ခုနဲ့ အဆင့် ၃နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အမျိုးသား ပြိုင်ပွဲမှာလည်း မြန်မာ ယူ-၂၂ အသင်းက ဆီမီးဖိုင်နယ်မှာ အင်ဒိုးနီးရှားကို နောက်ကလိုက်ကစားပြီး မိနစ် ၉၀မှာ ၂ဂိုးစီ သရေကျခဲ့ပေမယ့် အချိန်ပိုမှာ ၂ဂိုးဆက်ပေးရပြီး ၄-၂ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဒုတိယ ဆီမီးဖိုင်နယ်ပွဲမှာတော့ ရေပန်းစားနေတဲ့ ဗီယက်နမ် ယူ- ၂၂က ကမ္ဘောဒီးယား ယူ-၂၂အသင်းကို ၄ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ ယူ-၂၂အသင်းက အုပ်စုတုန်းက ပြိုက်ဖက် ကမ္ဘောဒီးယားနဲ့ တတိယနေရာလုပွဲ ကန်ရမှာ ဖြစ်ပြီး ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့က ရွှေတံဆိပ်လုပွဲ ကန်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးဂိမ်းပြိုင်ပွဲမှတ်တမ်း
အုပ်စု A
ဖိလစ်ပိုင်း ဝ-၀ မြန်မာ
မလေးရှား ဝ-၀ ဖိလစ်ပိုင်
မြန်မာ ၅-၀ မလေးရှား
အုပ်စု B
ဗီယက်နမ် ၁-၁ ထိုင်း
အင်ဒိုနီးရှား ဝ-၆ ဗီယက်နမ်
ထိုင်း ၅-၁ အင်ဒိုနီးရှား
ဆီမီးဖိုင်နယ်
မြန်မာ ဝ-၁ ထိုင်း
ဖိလစ်ပိုင် ဝ-၂ ဗီယက်နမ်
ဗိုလ်လုပွဲ
ဗီယက်နမ် ၁-၀ ထိုင်း ( အချိန်ပို အနိုင်ရ)
တတိယနေရာလုပွဲ
ဖိလစ်ပိုင် ၁-၂ မြန်မာ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးဂိမ်းအောင်မြင်မှုများ
၁၉၈၅
ရွှေ - ထိုင်း၊ ငွေ - စင်ကာပူ၊ ကြေး - ဖိလစ်ပိုင်
၁၉၉၅
ရွှေ - ထိုင်း၊ ငွေ - မလေးရှား၊ ကြေး - မြန်မာ
၁၉၉၇
ရွှေ - ထိုင်း၊ ငွေ - မြန်မာ ၊ ကြေး - ဗီယက်နမ်
၂၀၀၁
ရွှေ - ဗီယက်နမ်၊ ငွေ - ထိုင်း ၊ ကြေး - မြန်မာ
၂၀၀၃
ရွှေ - ဗီယက်နမ် ၊ ငွေ - မြန်မာ ၊ ကြေး - ထိုင်း
၂၀၀၅
ရွှေ - ဗီယက်နမ် ၊ ငွေ - မြန်မာ ၊ ကြေး - ထိုင်း
၂၀၀၇
ရွှေ - ထိုင်း ၊ ငွေ - ဗီယက်နမ် ၊ ကြေး - မြန်မာ
၂၀၀၉
ရွှေ - ဗီယက်နမ် ၊ ငွေ - ထိုင်း ၊ ကြေး - မြန်မာ
၂၀၁၃
ရွှေ - ထိုင်း ၊ ငွေ - ဗီယက်နမ် ၊ ကြေး - မြန်မာ
၂၀၁၇
ရွှေ - ဗီယက်နမ် ၊ ငွေ - ထိုင်း ၊ ကြေး - မြန်မာ
၂၀၁၉
ရွှေ - ဗီယက်နမ် ၊ ငွေ - ထိုင်း ၊ ကြေး - မြန်မာ








