ဆီးဂိမ်းစ် ဘောလုံးပွဲ မြန်မာနဲ့ မလေးရှား ကစားမယ်

ဓာတ်ပုံ ရင်းမြစ်, MFF
အကြိမ် ၃၀မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာ ဘောလုံး အသင်း ကတော့ အုပ်စုပွဲတွေ ကစားဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အသက် ၂၃နှစ် အောက် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဆီးဂိမ်းစ် အားကစား ပြိုင်ပွဲမှာ မြန်မာ ဘောလုံးအသင်းဟာ အရင်က ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ၁၉၅၉ခုနှစ်မှာ စတင်ခဲ့တဲ့ ကျွန်းဆွယ် အားကစား ပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲတွေမှာ မြန်မာဟာ ၅ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့ဖူးတာပါ။ ပြိုင်ပွဲစတင်ကျင်းပပြီး တတိယ အကြိမ်မှာ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီတုန်းက ထိုင်းအသင်းနဲ့ ပူးတွဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ၁၉၆၁ ဒုတိယအကြိမ်မှာ မလေးရှားကို ဖိုင်နယ်မှာ ရှုံးပြီး ဒုတိယပဲ ရခဲ့တဲ့ မြန်မာအတွက် ပြိုင်ပွဲ သမိုင်းတစ်လျောက် ၁၉၆၅ကနေ ၁၉၇၃ခုနှစ် အထိ ၅ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၇၇ခုနှစ်မှာ ကျွန်းဆွယ် အားကစားပြိုင်ပွဲကနေ ဆီးဂိမ်းစ်အဖြစ် ပြောင်းလဲ ပြီး နောက် မြန်မာဟာ ချန်ပီယံ လုံး၀ မဖြစ်တော့တာ လက်ရှိ အချိန်အထိပါ။ ၂၀၀၁ခုနှစ်က ကွာလာလမ်ပူမှာ လုပ်ခဲ့တဲ့ မလေးရှား ဆီးဂိမ်းစ်မှာ မြန်ဟာ ယူ-၂၃အသင်းဟာ ဆီမီးအထိ တက်ရောက်ခဲ့ပြီး တတိယ ရခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်တိုက် ယှဉ်ပြိုင်လာတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ၈ကြိမ်မှာ ဆီမီးဖိုင်နယ်ကို ၅ကြိမ် တက်ခဲ့ပြီးနောက် ဗိုလ်လုပွဲအဆင့်ကို ၂ကြိမ် တက်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ထိုင်း ဆီးဂိမ်းစ်နဲ့ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းစ် ပြိုင်ပွဲတွေမှာပါ။ ဒါပေမယ့် အဲ့ဒီ နှစ်ကြိမ်စလုံး ထိုင်းယူ -၂၃အသင်းကိုချည်း ရှုံးပြီး ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

ဓာတ်ပုံ ရင်းမြစ်, MFF
မြန်မာအသင်းဟာ လက်ရှိ ဘူဂေးရီးယားနည်းပြ ပိုပေါ့ဗ် လက်ထက်မှာ ပြင်ဆင်မှု များစွာ ရခဲ့ပြီး အတွေ့အကြုံရှိမယ့် ခြေစွမ်းပွဲတွေကို ပြင်ဆင်ခွင့်ရထားတာပါ။ ပြင်ဆင်မှု ကောင်းကောင်း ရထားတဲ့ မြန်မာ ယူ-၂၂အသင်းဟာ ပြီးခဲ့တဲ့ ၂ကြိမ်မှာ ဆီမီးဖိုင်နယ်အထိ တက်ခဲ့သလို တက်နိုင်မယ်လို့ ပရိသတ်တွေ ယုံကြည်နေကြတာပါ။
ဒီနှစ် ဆီးဂိမ်းစ် ပြိုင်ပွဲကတော့ အရင်တုန်းကလို မဟုတ်ဘဲ ထူးထူးခြားခြား လက်ရွေးစင်အဆင့် ကစားသမာ ၂ဦးအထိ ပါဝင်ခွင့် ပေးထားတာပါ။ မြန်မာအသင်းက အောင်သူနဲ့ လှိုင်းဘိုဘိုက်ု ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ခြေစစ်ပွဲတွေမှာ ဒဏ်ရာ ရခဲ့တဲ့ အောင်သူ မပါနိုင်လို့ သူ့အစား ဝါရင့် တောင်ပံလူ စည်သူအောင်ကို ပြန်ရွေးချယ်ခဲ့ပါတယ်။
လက်ရှိ မြန်မာ ယူ-၂၂အသင်းဟာ တိုက်စစ် ကစားပုံ ကောင်းပေမယ့် ခံစစ်ပိုင်းမှာတော့ အားနည်းမှုတွေရှိနေပါတယ်။ အုပ်စု အခြေအနေအရ မြန်မာအသင်းက ခက်ခဲမယ့် အုပ်စုတွင်းမှာ မဟုတ်ပေမယ့် အိမ်ရှင် ဖိလစ်ပိုင်း အသင်းပါဝင်တာကြောင့် လျော့တွက်လို့ မရတဲ့ အုပ်စုလို့ ပြောရမှာပါ။
မြန်မာယူ-၂၂အသင်းဟာ အုပ်စု A မှာ အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့နဲ့ အတူကျခဲ့ပါတယ်။ တစ်ဖက်မှာတော့ လက်ရှိ ချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနဲ့ ဘရူနိုင်းတို့ ၆သင်းပါဝင်မှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ထိပ်ဆုံး ၂သင်း ဆီမီးတက်ခွင့်ရမှာဖြစ်လို့ မြန်မာယူ-၂၂အသင်းအတွက် ၃ကြိမ်ဆက် ဆီမီးတက်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီကနေ့မှာ မလေးရှားအသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။ ဒေသစံတော်ချိန် ညနေ ၄နာရီ၊ မြန်မာစံတော်ချိန် ညနေ ၂နာရီခွဲမှာ ကန်မှာပါ။ အိမ်ရှင် ဖိလစ်ပိုင်က ကမ္ဘောဒီးယားနဲ့ ကစားရမှာပါ။
မြန်မာအသင်းရဲ့ ပွဲစဉ်များ
မလေးရှား - မြန်မာ ( နိုဝင်ဘာ ၂၅ရက်၊ ၂နာရီခွဲ)
မြန်မာ - ဖိလစ်ပိုင် ( နိုဝင်ဘာ ၂၇ရက်၊ ၂နာရီခွဲ)
အရှေ့တီမော - မြန်မာ ( နိုဝင်ဘာ ၂၉ရက်၊ ၂နာရီခွဲ )
မြန်မာ - ကမ္ဘောဒီးယား ( ဒီဇင်ဘာ ၂ရက်၊ ညနေ ၆နာရီခွဲ)

ဓာတ်ပုံ ရင်းမြစ်, MFF
မြန်မာ ယူ-၂၂ အသင်းလိုပဲ မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းကလည်း အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ အုပ်စု A မှာ အတူကျခဲ့ပါတယ်။ အုပ်စုတွင်းမှာ အခက်အခဲမရှိမယ့် မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်နဲ့ နိုဝင်ဘာ ၂၆ရက်နေ့မှာ ကစားရမှာပါ။ ဒီဇင်ဘာ ၂ရက်နေ့မှာတော့ မလေးရှားနဲ့ နောက်ဆုံးပွဲကန်ရမှာဖြစ်ပြီး ဆီမီးတက်နိုင်ဖွယ် ခက်ခဲဖွယ် မရှိတာပါ။
ဆီမီးဖိုင်နယ်မှာတော့ တက်ဖက်က တက်လာမယ့် ထိုင်းပဲဖြစ်ဖြစ်၊ ဗီယက်နမ်ပဲဖြစ်ဖြစ် အနိုင်ယူဖို့ လိုအပ်နေပါတယ်။
မြန်မာ အမျိုးသမီး ပွဲစဉ်များ
ဖိလစ်ပိုင် - မြန်မာ ( နိုဝင်ဘာ ၂၆၊ ၂နာရီခွဲ)
မြန်မာ - မလေးရှား ( ဒီဇင်ဘာ ၂ရက်၊ ၂နာရီခွဲ)

ဓာတ်ပုံ ရင်းမြစ်, MFF
ဆီးဂိမ်းစ်ပြိုင်ပွဲ အောင်မြင်မှု
၁) ထိုင်း - ၁၆ကြိမ်
၂) မလေးရှား - ၆ကြိမ်
၃) မြန်မာ - ၅ကြိမ်
၄) အင်ဒိုနီးရှား - ၂ကြိမ်
၅) ဗီယက်နမ် - ၁ကြိမ်
ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီး အောင်မြင်မှု
၁) ထိုင်း - ၅ကြိမ်
၂) ဗီယက်နမ် - ၅ကြိမ်
၃) မြန်မာ - ဒုတိယ ၃ကြိမ်၊ တတိယ ၆ကြိမ်








