ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်း ၂ကြိမ်ဆက် ချန်ပီယံဖြစ်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, AFP
ယူရို ချန်ပီယံ ပေါ်တူဂီ အသင်းဟာ ခြေစစ်ပွဲ နောက်ဆုံးပွဲမှာ လတ်ဇင်ဘတ် အသင်းကို ၂ဂိုးပြတ် နိုင်ခဲ့ပြီးနောက် ယူရို ၂၀၂၀ ပြိုင်ပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ယူရို ၂၀၀၄မှာ ဖိုင်နယ်တက်ခဲ့ပြီးမှ ဂရိကို ရှုံးခဲ့တဲ့ ပေါ်တူဂီဟာ ၂၀၁၆မှာတော့ အားလုံး အံ့အားသင့်အောင် စွမ်းဆောင်ပြပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
ယူရိုပြိုင်ပွဲ သမိုင်းတစ်လျောက်ကိုကြည့်ရင် ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေ ရှိကြပေမယ့် စပိန်ကလွဲပြီး ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ အသင်းမရှိခဲ့တာပါ။ ၂၀၀၈ တုန်းက ဂျာမနီကို ၁ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ စပိန်ဟာ ၄နှစ်အကြာ ၂၀၁၂မှာ အီတလီကို ၄ဂိုးပြတ်နဲ့ နိုင်ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါဟာ ယူရို ပြိုင်ပွဲသမိုင်းတစ်လျောက် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လည်းဖြစ်ပြီး ဘယ်ချန်ပီယံ အသင်းကမှ ချန်ပီယံဆုကို ပြန်မရခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၁၆ ယူရို ချန်ပီယံ ပေါ်တူဂီကတော့ ခြေစစ်ပွဲ အုပ်စုအတွင်းမှာ ဒုတိယသာ ရခဲ့ပေမယ့် လက်ရှိမှာတော့ ရော်နယ်လ်ဒိုအပြင် ဘင်နာဒိုဆေးလ်ဗားနဲ့ ကစားသမား ကောင်းတွေ များစွာနဲ့ စုဖွဲ့ထားတဲ့ အသင်းပါ။ အသင်းတိုက် ကစားပုံကောင်းသလို အရည်အသွေးမြင့်တဲ့ ကစားသမားတွေ များစွာ ရှိလာပြီ ဖြစ်လို့ ပေါ်တူဂီတို့ ယူရို ချန်ပီယံဆုကို ကာကွယ်နိုင်မလား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
အသင် ၃၄နှစ်ကျောအထိ အကောင်းဆုံး ခြေစွမ်းပြပြီး နိုင်ငံတကာ သွင်းဂိုး ၉၉ဂိုး အထိသွင်းထားတဲ့ ရော်နယ်လ်ဒိုရဲ့ ဦးဆောင်မှုနဲ့ လာမယ့် ယူရို ၂၀၂၀မှာ ပေါ်တူဂီ အသင်း ဘာလုပ်ပြနိုင်မလဲ၊ ရေပန်းစားနေတဲ့ ပြင်သစ်၊ အင်္ဂလန်၊ ဘယ်ဂျီယံနဲ့ အသင်းကြီးတွေကို ကျော်ပြီး သူတို့ရဲ့ ချန်ပီယံဆုကို ပြန်ကာကွယ်နိုင်မလား။ စပိန်လိုမျိုး ၂နှစ်ဆက် ရတဲ့ အသင်းအဖြစ် ပေါ်တူဂီ မှတ်တမ်းတင်နိုင်မလား…..?

ဓာတ်ပုံ ရင်းမြစ်, AFP
ပေါ်တူဂီရဲ့ ယူရို ပြိုင်ပွဲ မှတ်တမ်း
ခြေစစ်ပွဲ အောင်မြင်မှု - ၈ကြိမ် ( ၁၉၈၄၊ ၈၆၊ ၂၀၀၀၊ ၀၄၊ ၀၈၊ ၁၂၊ ၁၆၊ ၂၀၂၀)
အောင်မြင်မှု - ၂၀၁၆ ချန်ပီယံ၊ ၂၀၀၄ ဒုတိယ
နောက်ဆုံး ပြိုင်ပွဲ ၅ကြိမ် မှတ်တမ်း
၂၀၀၀ - ဆီမီးဖိုင်နယ်
၂၀၀၄ - ဖိုင်နယ်
၂၀၀၈ - ကွာတားဖိုင်နယ်
၂၀၁၂ - ဆီမီးဖိုင်နယ်
၂၀၁၆ - ချန်ပီယံ

ဓာတ်ပုံ ရင်းမြစ်, AFP
ပေါ်တူဂီရဲ့ ဂိုးအများဆုံး သွင်းထားသူများ
၁) ရော်နယ်လ်ဒို - ၉၉ဂိုး ( ၁၆၄ပွဲ)
၂) ပေါ်လက်တာ - ၄၇ဂိုး ( ၈၈ပွဲ)
၃) အူဆီဘီယို - ၄၁ဂိုး ( ၆၄ပွဲ)
၄) ဖီဂို - ၃၂ဂိုး ( ၁၂၇ပွဲ)
၅) နူနိုဂိုးမက်စ် - ၂၉ဂိုး ( ၇၉ပွဲ)
၆) ပေါ်စတီဂါ - ၂၇ဂိုး ( ၇၁ပွဲ)
၇) ရူအီကော်စတာ - ၂၆ဂိုး - ၉၄ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ပေါ်တူဂီရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ရလဒ်များ
၁) ပေါ်တူဂီ ဝ-၀ ယူကရိန်း
၂) ပေါ်တူဂီ ၁-၁ ဆားဘီးယား
၃) ဆားဘီးယား ၂-၄ ပေါ်တူဂီ
၄) လစ်သူယေးနီးယား ၁-၅ ပေါ်တူဂီ
၅) ပေါ်တူဂီ ၃-၀ လတ်ဇင်ဘတ်
၆) ယူကရိန်း ၂-၁ ပေါ်တူဂီ
၇) ပေါ်တူဂီ ၆-၀ လစ်သူယေးနီးယား
၈) လတ်ဇင်ဘတ် ဝ-၂ ပေါ်တူဂီ








