ယူကရိန်း ဗိုလ်စွဲပြီး တောင်ကိုရီးယား ဒုတိယရခဲ့တဲ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ဥရောပနဲ့ တောင်အမေရိက အသင်းတွေသာ အမြဲ ချန်ပီယံ ဖြစ်လေ့ရှိသလို လူငယ်ပြိုင်ပွဲတွေမှာလည်း အစဉ်လာရှိတဲ့ အသင်းတွေသာ အောင်မြင်မှု ရဆဲ ဖြစ်ပါတယ်။စနေနေ့က ကျင်းပပြီးစီးသွားတဲ့ အသက် ၂၀အောက် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဥရောပက အစဉ်လာမရှိတဲ့ ယူကရိန်းအသင်း ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ယူကရိန်းဘောလုံး လောကအတွက် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သလို ဖိုင်နယ်ကို ဘောလုံး ပရိသတ်တွေ ထင်မထားတဲ့ နှစ်သင်း တက်ရောက် နိုင်ခဲ့တာပါ။ အာရှတိုက်ရဲ့ ဘောလုံး အင်အာကြီး နိုင်ငံဖြစ်ပြီး ၂၀ဝ၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အထိ တက်ခဲ့တဲ့ တောင်ကိုရီးယားဟာ နောက်ထပ် လူငယ် မျိုးဆက်သစ် တစ်ခုနဲ့အတူ ဖိုင်နယ်ကို တက်လာခဲ့ပါတယ်။
ယူကရိန်းအတွက်တော့ လူငယ် ကမ္ဘာ့ဖလားမှာ အမြင့်ဆုံး ရှုံးထွက်အဆင့်သာ တက်ခဲ့ပြီးမှ ဒီနှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။ လက်ရွေးစင်အဆင့် မှာ နာမည်ကျော် ကစားသမား အလုံအလောက် မရှိတဲ့ ယူကရိန်းအတွက် နောက်ထပ် မျိုးဆက်သစ်တစ်ခုကို ရခဲ့တာလည်း ဖြစ်ပါတယ်။ ယူကရိန်းဟာ ၂၀၁၅ ပြိုင်ပွဲတုန်းက အုပ်စုအဆင့်မှာ မြန်မာ လူငယ်အသင်းကို ၆ဂိုးပြတ်နဲ့ နိုင်ခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပြီး ၄နှစ် အကြာမှာ ချန်ပီယံ ဆုဖလားကို ရခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
တစ်ခါ ဘောလုံး ပရိသတ်တွေကို မထင်မှတ်တာတွေ လုပ်ခဲ့ပြီးမှ ဖိုင်နယ်အထိ တက်ခဲ့တဲ့ တောင်ကိုရီးယားအသင်းကလည်း သူတို့ ဘောလုံးလောကအတွက် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ် မြန်မာလူငယ်အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်ခဲ့တဲ့ ကိုရီးယား လူငယ်အသင်းကလည်း ၄နှစ်ကြာမှာ လူငယ် ကမ္ဘာ့ဖလား ဖိုင်နယ်အထိ တက်လှမ်း နိုင်ခဲ့ပါတယ်။ ကိုရီးယားအသင်းဟာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျောက် ရှုံးထွက်အဆင့်ကနေ မကျော်နိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဗိုလ်စွဲလုနီးပါအထိ ဖြစ်ခဲ့တာပါ။ ဖိုင်နယ်မှာ ယူကရိန်းကို ၁ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီးမှ ၃-၁ဂိုးနဲ့ ရှုံးခဲ့ပေမယ့် တောင်ကိုရီးယား တစ်နိုင်ငံလုံး သူတို့ အသင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူနေကြပါတယ်။
လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်းက အင်္ဂလန် ဖြစ်ပေမယ့် ဥရောပဇုန်မှာ ခြေစစ်ပွဲမအောင်ခဲ့လို့ ချန်ပီယံ မပါဘဲ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆီမီးဖိုင်နယ် အဆင့်ကို ယူကရိန်း၊ အီတလီ၊ အီကွေဒေါနဲ့ တောင်ကိုရီးယားတို့ တက်ရောက်ခဲ့ကြပါတယ်။ ဆီမီးမှာ ယူကရိန်းက အီတလီ၊ တောင်ကိုရီးယားက အီကွေဒေါတို့ကို ၁ဂိုး-ဂိုးမရှိ ရလဒ်တွေနဲ့ နိုင်ခဲ့ကြပါတယ်။ ဖိုင်နယ်မှာတော့ ပြိုင်ပွဲ သမိုင်းတစ်လျောက် ချန်ပီယံ မဖြစ်ဖူးသေးတဲ့ နှစ်သင်း အကောင်းဆုံး ကစားခဲ့ကြပြီး ယူကရိန်း ၃-၁ဂိုးနဲ့ နိုင်ခဲ့တာပါ။ အီကွေဒေါကလည်း အီတလီကို အချိန်ပိုမှာ နိုင်လို့ တတိယရခဲ့ပါတယ်။
ဖီဖလား လူငယ် ကမ္ဘာ့ဖလား အောင်မြင်မှု
၁) အာဂျင်တီးနား - ၆ကြိမ်
၂) ဘရာဇီးလ် - ၅ကြိမ်
၃) ပေါ်တူဂီ - ၂ကြိမ်
၄) ဆားဘီးယား - ၂ကြိမ်
၅) ဂါနာ - ၁ကြိမ်
၆) စပိန် - ၁ကြိမ်
၇) ဆိုဗီယက်ယူနီယံ - ၁ကြိမ်
၈) ဂျာမနီ - ၁ကြိမ်
၉) အင်္ဂလန် - ၁ကြိမ်
၁၀) ပြင်သစ် - ၁ကြိမ်
၁၁) ယူကရိန်း - ၁ကြိမ်








