အမ်ဘတ်ပေ ဦးဆောင်နေတဲ့ ဥရောပ ရွှေဖိနပ်ဆု

Atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဥရောပ ရွှေဖိနပ်ဆုကို အများဆုံး ရယူထားကြတဲ့ စူပါစတား ရော်နယ်လ်ဒို (၄ကြိမ်)နဲ့ မက်ဆီ (၅ကြိမ် )
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

၂၀၁၈-၁၉ ဥရောပ ဘောလုံးရာသီက လိဂ် ပွဲစဉ် ၁၂၊ ၁၃ အပြီးမှာတော့ အကြိတ်အနယ် ရှိနေတဲ့ လိဂ်တွေရှိသလို အမှတ်ဖြတ်ပြီး ဦးဆောင်နေကြတဲ့ လိဂ်တွေလည်း ရှိပါတယ်။ သက်ဆိုင်ရာ လိဂ်တွေမှာ ခြေစွမ်းပြနေတဲ့ထဲက ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားတွေလည်း များစွာရှိကြပါတယ်။ တစ်နှစ်တာအတွင်း အကောင်းဆုံး စွမ်ဆောင်ရည် ပြသခဲ့ပြီး၊ အောင်မြင်ခဲ့တဲ့ ကစားသမားတွေအတွက် ချီးမြှင့်တဲ့ ဖီဖာရဲ့ အကောင်းဆုံးဆု၊ ရွှေဘောလုံးဆုလိုပဲ ဂုဏ်သိက္ခာကြီးမားတဲ့ ဥရောပ ရွှေဖိနပ်ဆုကလည်း ဘောလုံးသမားတွေ၊ အထူးသဖြင့် တိုက်စစ်မှူးတွေ အားလုံး မက်မောတဲ့ ဆုတစ်ခု ဖြစ်ပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ်အတွင်းက လိဂ်ပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ပေးတဲ့ EGS(European Golden Shoe) လို့ခေါ်တဲ့ ဥရောပ ရွှေဖိနပ်ဆုကို ရာသီအကုန်မှာ ချီးမြှင့်တာ ဖြစ်ပါတယ်။

အစောပိုင်း ကာလ

ဥရောပ ရွှေဖိနပ်ဆုကို ၁၉၆၇-၆၈ ဘောလုံးရာသီကနေ နှစ်စဉ် ချီးမြှင့်လာခဲ့တာ ဖြစ်ပြီး ပထမဆုံး အကြိမ်မှာတော့ ပေါ်တူဂီ ဂန္ထဝင်တိုက်စစ်မှူး အူစီဘီယိုက သွင်းဂိုး ၄၂ဂိုးနဲ့ ရရှိပါတယ်။ ခေတ်ဦးကာလကနေ ၁၉၉၁ခုနှစ်အထိ ပြင်သစ်နာမည်ကြီး သတင်းစာ L'Equipe ကပေးတာ ဖြစ်ပြီးပါတယ်။ အဲ့ဒီတုန်းက နာမည်ကြီးတွေ ဖြစ်ကြတဲ့ အူစီဘီယိုနဲ့ ဂတ်မူလာတို့အပါအဝင် ကစားသမား ၄ယောက်က ၂ကြိမ်စီ ရခဲ့ကြပါတယ်။

ဆုပေးပုံ စည်းမျဉ်း

၁၉၆၈ကနေ ၁၉၉၁ခုနှစ်အထိ ဥရောပ ရွှေဖိနပ်ဆုကို ဥရောပ လိဂ်တွေထဲက ဂိုးအများဆုံး သွင်းနိုင်တဲ့ ကစားသမားကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆-၉၇ ရာသီကစလို့ အမှတ်ပေးပုံစံနဲ့ ပြောင်းလဲခဲ့ပြီး လိဂ်အဆင့်အတန်းပေါ်မူတည်ပြီး သွင်းဂိုးတွေကို ၂မှတ်၊ ၁မှတ်ခွဲ၊ ၁မှတ် နဲ့ မြှောက်ပြီး တွက်ချက် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဥရောပ အဆင့်အမြင့်ဆုံး အဖြစ်သတ်မှတ်ထားတဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လိဂ်တွေ က သွင်းဂိုးတွေ အားလုံးကို ၂နဲ့ မြောက်ပေးပြီး အဆင့် ၅ကနေ ၂၁အတွင်းလိဂ်တွေကို ၁မှတ်ခွဲ၊ ကျန်လိဂ်တွေကို ၁မှတ်နဲ့ မြှောက်ပြီး အမှတ်ပေးခဲ့ပါတယ်။

ခေတ်သစ် ရွှေဖိနပ်ဆု

၁၉၉၆-၉၇ ရာသီကစလို့ European Sports Media ကနေ ဦးဆောင်ပြီး ချီးမြှင့်တဲ့ ဥရောပ ရွှေဖိနပ်ဆုကို လက်ရှိ ဘာစီလိုနာနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယို မက်ဆီက အများဆုံး ရရှိထားပါတယ်။ မက်ဆီဟာ ဥရောပ ရွှေဖိနပ်ဆု သမိုင်းတစ်လျောက် ၅ကြိမ်နဲ့ အများဆုံး ရထားတဲ့သူဖြစ်သလို နောက်ဆုံး ၂ရာသီဆက်တိုက် ဆွတ်ခူးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ မက်ဆီရဲ့ ပြိုင်ဖက် ရော်နယ်လ်ဒိုက ၄ကြိမ်နဲ့ ဒုတိယ အများဆုံး ရထားသူဖြစ်ပြီး ကလပ် အသင်းအနေနဲ့ ဘာစီလိုနာက ကစားသမားတွေက ၈ကြိမ်နဲ့ အများဆုံး ရထားပါတယ်။ ၂၀၁၁-၁၂ ရာသီမှာ သွင်းဂိုး ၅၀အထိ သွင်းခဲ့ပြီး ရမှတ် ၁၀ဝအထိ ရခဲ့တဲ့ မက်ဆီရဲ့ စံချိန်ဟာ ဥရောပ ရွှေဖိနပ်ဆု သမိုင်းတစ်လျောက် အများဆုံးလည်း ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, PSGက တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာ ၁၀ဂိုး၊ အမ်ဘတ်ပေ ၁၁ဂိုး၊ ကဗာနီ ၈ဂိုး

အမ်ဘတ်ပေနဲ့ PSG

လက်ရှိ ဘောလုံးရာသီအတွင်း အကောင်းဆုံး ပုံစံရနေပြီး ပြည်တွင်း လိဂ်ပွဲ တွေ အားလုံးနိုင်ထားတဲ့ PSG အသင်းက ကစားသမားတွေဟာ ဥရောပ ရွှေဖိနပ်ဆု မှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ သူရဲ့ ကောင်းဖြစ် ခဲ့တဲ့ အမ်ဘတ်ပေဟာ ပြင်သစ်လိဂ် ၁၃ပွဲအပြီးမှာ ၁၁ဂိုးသွင်းထားပါတယ်။ အမ်ဘတ်ပေဟာ ဥရောပ ရွှေဖိနပ်ဆု ဦးဆောင် စာရင်းမှာ ၂၂မှတ်နဲ့ နန့်စ်အသင်းက အမီလီယာနို ဆာလာနဲ့ အတူရှိနေပါတယ်။ အမ်ဘတ်ပေရဲ့ အသင်းဖော် နေမာက ၁၀ဂိုးနဲ့ တတိယ၊ ကဗာနီက ၈ဂိုးနဲ့ အဆင့် ၁၁နေရာမှာ ရပ်တည်နေပါတယ်။

နောက်ဆုံး ၂နှစ်ဆက် ရထားတဲ့ မက်ဆီက အသင်းဖော် ဆွာရက်ဇ်နဲ့အတူ ၉ဂိုးသွင်းထားပြီး အဆင့် ၅နေရာမှာ ရှိနေပါတယ်။ စီးရီးအေမှာ ဂိုးတွေ ပြန်သွင်းနေတဲ့ ဂျူဗင်တပ်စ်ရဲ့ ရော်နယ်လ်ဒိုက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင် ဂိုးသွင်းသူ အဂွဲရိုးနဲ့ ၈ဂိုးသွင်းထားပါတယ်။

European Golden Shoe ဦးဆောင်သူများစာရင်း

၁) အမ်ဘတ်ပေ (PSG ) - ၁၁ဂိုး၊ ၂၂မှတ်

၂) အမီလီယာနို ( နန့စ် ) - ၁၁ဂိုး၊ ၂၂မှတ်

၃) နေမာ (PSG ) - ၁၀ဂိုး၊ ၂၀မှတ်

၄) လူကာယိုဗစ် ( ဖရန့်ဖတ် ) - ၉ဂိုး၊ ၁၈မှတ်

၅) မက်ဆီ ( ဘာစီလိုနာ) - ၉ဂိုး၊ ၁၈မှတ်

၆) ဆွာရက်ဇ် ( ဘာစီလိုနာ) - ၉ဂိုး၊ ၁၈မှတ်

၇) ပီတာတခ် ( ဂျီနိုအာ) - ၉ဂိုး၊ ၁၈မှတ်

၈) ဂျူနီယာ မိုရေစ် ( ရှက်တာဒိုးနက်စ် ) - ၁၁ဂိုး၊ ၁၆.၅မှတ်

၉) ဒီယောင် ( PSV ) - - ၁၁ဂိုး၊ ၁၆.၅မှတ်

၁၀) အယ်လ်ကာဆာ ( ဒေါ့မန်) - ၈ဂိုး၊ ၁၆မှတ်

၁၁) ကဗာနီ (PSG ) - ၈ဂိုး၊ ၁၆မှတ်

၁၂) စတူအာနီ ( ဂျီရိုနာ) - ၈ဂိုး၊ ၁၆မှတ်

၁၃) အလာဆနီ ( မိုချန်ဂလာဘတ်) ၈ဂိုး၊ ၁၆မှတ်

၁၄) မာကို ရိုက်စ် ( ဒေါ့မန်) ၈ဂိုး၊ ၁၆မှတ်

၁၅) ဟယ်လ်လာ ( ဖရန့်ဖတ်) - ၈ဂိုး၊ ၁၆မှတ်

၁၆) ရော်နယ်လ်ဒို ( ဂျူဗင်တပ်စ်) - ၈ဂိုး၊ ၁၆မှတ်

၁၇) အက်စ်ပက်စ် ( ဆယ်တာဗီဂို) - ၈ဂိုး၊ ၁၆မှတ်

၁၈) အဂွဲရိုး ( မန်စီးတီး ) - ၈ဂိုး၊ ၁၆မှတ်

၁၉) အီမိုဘီလီ ( လာဇီယို) - ၈ဂိုး၊ ၁၆မှတ်

၂၀) နီကိုလက်စ် ပက်ပေ ( လီလီ) - ၈ဂိုး၊ ၁၆မှတ်

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၂ခုနှစ်မှာ သွင်းဂိုး ၅၀၊ စံချိန်တင် ရမှတ် ၁၀၀အထိ ရခဲ့တဲ့ မက်ဆီ

European Golden Shoe အများဆုံး ရရှိထားသူများ

၁) မက်ဆီ ( အာဂျင်တီးနား ) - ၅ကြိမ်

၂) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၄ကြိမ်

၃) အူစီဘီယို ( ပေါ်တူဂီ ) - ၂ကြိမ်

၄) ဂတ်မူလာ ( အနောက်ဂျာမနီ ) - ၂ကြိမ်

၅) ဂျော်ရက်စ်ကူ ( ရိုမေးနီးယား) - ၂ကြိမ်

၆) ဖာနန်ဒို ဂိုးမက်စ် ( ပေါ်တူဂီ) - ၂ကြိမ်

၇) အယ်လီ ( စကော့တလန် ) - ၂ကြိမ်

၈) အွန်နရီ ( ပြင်သစ်) - ၂ကြိမ်

၉) ဖော်လန် ( ဥရုဂွေး ) - ၂ကြိမ်

၁၀) ဆွာရက်ဇ် ( ဥရုဂွေး ) - ၂ကြိမ်

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဆွာရက်ဇ်ဟာ ၂၀၁၄ခုနှစ်မှာ ပရီးမီးယားလိဂ်အတွက် နောက်ဆုံး ရယူပေးခဲ့တဲ့ ကစားသမားပါ

နောက်ဆုံး ၁၀နှစ်အတွင်း ရရှိထားမှု

၂၀ဝ၈-ဝ၉ ( ဖော်လန်၊ အက်သလက်တီကို ) - ၃၂ဂိုး၊ ၆၄မှတ်

၂၀ဝ၉-၁၀ ( မက်ဆီ၊ ဘာစီလိုနာ) - ၃၄ဂိုး၊ ၆၈မှတ်

၂၀၁၀-၁၁ ( ရော်နယ်လ်ဒို၊ ရီးယဲယ် ) - ၄၀ဂိုး၊ ၈၀မှတ်

၂၀၁၁-၁၂ ( မက်ဆီ၊ ဘာစီလိုနာ ) - ၅၀ဂိုး၊ ၁၀ဝမှတ်

၂၀၁၂-၁၃ ( မက်ဆီ၊ ဘာစီလိုနာ ) - ၄၆ဂိုး၊ ၉၂မှတ်

၂၀၁၃-၁၄ ( ဆွာရက်ဇ်၊ လီဗာပူးလ်) - ၃၁ဂိုး၊ ၆၂မှတ်

( ရော်နယ်လ်ဒို ၊ ရီးယဲယ်) - ၃၁ဂိုး၊ ၆၂မှတ်

၂၀၁၄-၁၅ ( ရော်နယ်လ်ဒို၊ ရီးယဲယ်) - ၄၈ဂိုး၊ ၉၆မှတ်

၂၀၁၅-၁၆ ( ဆွာရက်ဇ်၊ ဘာစီလိုနာ ) - ၄၀ဂိုး၊ ၈၀မှတ်

၂၀၁၆-၁၇ ( မက်ဆီ၊ ဘာစီလိုနာ ) - ၃၇ဂိုး၊ ၇၄မှတ်

၂၀၁၇-၁၈ ( မက်ဆီ၊ ဘာစီလိုနာ) - ၃၄ဂိုး၊ ၆၈မှတ်