ကျူးကျော်မှုကြုံရတဲ့အခါ ‘အပြန်အလှန်ကူညီကြ’ဖို့ ရုရှားနဲ့မြောက်ကိုရီးယားသဘောတူ

ရုရှားသမ္မတ ပူတင်ကတော့ အခုသဘောတူညီချက်ဟာ ကျူးကျော်ခံရမှုကနေ နှစ်နိုင်ငံစလုံးကို အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။ မြောက်ကိုရီးယား - ရုရှားခေါင်းဆောင်တွေရဲ့တွေ့ဆုံမှု နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို ‘အပြည့်အဝထောက်ခံ’တယ်လို့ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားကိုလာရောက်တဲ့ ရုရှားသမ္မတ ပူတင်ကို ကင်ဂျုံအွန်းက ပြောပါတယ်
  • နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးတည်မြဲမှုကို ချီးကျူးစကားပြောထားကြပါတယ်
  • ပူတင်ဟာ ကောဇော်နီအပြင် နှင်းဆီခင်းလျှောက်လမ်း၊ ဂုဏ်ပြုတပ်ဖွဲ့၊ အမြောက်ပစ်ခတ်မှုတွေနဲ့ပါ ခမ်းခမ်းနားနားကြိုဆိုခံထားရပါတယ်
  • ရုရှားသမ္မတကတော့ သူ့ကို ပြုံယမ်းကို ဖိတ်ကြားတဲ့ ကင်ဂျုံအွန်းကို ကျေးဇူးတင်ကြောင်းပြောပြီး မော်စကိုမှာပြန်တွေ့ကြဖို့ မျှော်လင့်ကြောင်းပြောပါတယ်
  • ကင်နဲ့ ပူတင်တို့ဟာ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ရုရှားမှာတွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးခိုင်မာအောင် ပြုလုပ်မယ်လို့‌ ပြောထားပါတယ်
  • အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ မြောက်ကိုရီးယားဟာ အစားအစာနဲ့ စစ်ဘက်ဆိုင်ရာအကူအညီရဖို့ ရုရှားကို လက်နက်ခဲယမ်း ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပါတယ်
  • နှစ်နိုင်ငံစလုံးက ဒါကို ငြင်းဆိုထားပြီး ရုရှားက ယူကရိန်းကို အင်အားပြည့်နဲ့ကျူးကျော်ပြီးတဲ့နောက်မှာ ပူတင်ဟာ အနောက်ကမ္ဘာကနေ ဖယ်ကျဥ်ခံရသူဖြစ်လာနေပါတယ်
  • မြောက်ကိုရီးယားခရီးစဥ်ပြီးရင်တော့ သမ္မတပူတင်ဟာ ကာလရှည်ကြာမဟာမိတ်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး အဲဒီမှာ ကုန်သွယ်ရေးလို ကိစ္စရပ်တွေ ဆွေးနွေးနိုင်ခြေရှိနေပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘောလုံးတွေ၊ အလံတွေပြည့်နေတဲ့ ပြုံယမ်း မြို့တော်ပြည်သူ့ရင်ပြင်

    ဘောလုံးတွေ၊ အလံတွေပြည့်နေတဲ့ ပြုံယမ်း မြို့တော်ပြည်သူ့ရင်ပြင်

    ဓာတ်ပုံ ရင်းမြစ်, RIA_Kremlinpool

    ပြုံယမ်းမြို့လယ်က ပြည်သူ့ရင်ပြင်မှာတော့ သမ္မတပူတင်ကို ကြိုဆိုဖို့ လူတွေ၊ အရောင်စုံအလှဆင်ထားမှုတွေနဲ့ ပြည့်နေပါတယ်။

    ရုရှားနိုင်ငံပိုင် RIA နိုဗော့စတီက ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာတော့ မြောက်ကိုရီးယားနိုင်ငံကို ထူထောင်သူလည်းဖြစ် လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ အဖိုးလည်းဖြစ်တဲ့ ကင်အီဆွန်းကို အစွဲပြုပြီးပေးထားတဲ့ ကင်အီဆွန်း ရင်ပြင်မှာ ဒါဇင်နဲ့ချီတဲ့ဘောလုံးတွေ ကောင်းကင်ပေါ် ဝဲတက်နေတာကိုလည်း ပြသနေပါတယ်။

    ကင်အီဆွန်းရင်ပြင်က အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, RIA_Kremlinpool

    မကြာခင်မှာပဲ သမ္မတပူတင်ဟာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခံနိုင်ခြေရှိနေပါတယ်။

    အခမ်းအနားအတွက် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ကလေးငယ်တွေကလည်း ဘောလုံးငယ်လေးတွေ ကိုင်ထားကြတာကိုတွေ့ရပါတယ်။ ရင်ပြင်ပတ်ပတ်လည်က အဆောက်အအုံတွေမှာတော့ ရုရှားနဲ့ မြောက်ကိုရီးယားအလံတွေအပြင် နှစ်နိုင်ငံခေါင်းဆောင် နှစ်ယောက်ရဲ့ ဓာတ်ပုံတွေလည်း ချိတ်ထားတာ မြင်တွေ့ရပါတယ်။

  2. ပူတင်ဆီကနေ ကင် လိုချင်တာ ဘာဖြစ်မလဲ

    ပြုံယမ်းကိုရောက်ရောက်ချင်းမြင်တွေ့ရတဲ့ သမ္မတပူတင်နဲ့ သူ့ကိုကြိုဆိုတဲ့ မြောက်ကိုရီးယားခေါင်းဆောင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ကင်ဟာ ဒုံးကျည်တွေတည်ဆောက်ရေးနဲ့ ကမ္ဘာပတ်လမ်းတွေကို ထောက်လှမ်းရေးဂြိုဟ်တုတွေ လွှတ်တင်နိုင်ရေးတွေမှာ ပူတင်ရဲ့အကူအညီကို လိုချင်နေတာဖြစ်ပါတယ်။ သူလိုချင်တာတွေထဲက အချို့ကို ရနိုင်ပေမဲ့ အကုန်ရနိုင်ခြေတော့ မရှိဘူးလို့ အကဲခတ်တွေက ဘီဘီစီကို ပြောပါတယ်။

    “မြောက်ကိုရီးယားဟာ မဟာမိတ် စစ်စစ်မဟုတ်ဘူးဆိုတာကို ပူတင်သိတယ်”လို့ အမေရိကန်ပြည်‌ထောင်စု RAND Corpက ကာကွယ်ရေးဆိုင်ရာအကြီးတန်းအကဲခတ် ဘရုစ် ဘန်းနက်က ပြောပါတယ်။ တဖက်မှာလည်း ပူတင်ဟာ ရုရှားကို ဆန့်ကျင်ရာမှာသုံးလာနိုင်တဲ့ စစ်ဘက်စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို ပေးဖို့ရာမှာလည်း သတိကြီးကြီးထားလိမ့်မယ်လို့ သူက ပြောပါတယ်။

    ဒီအချက်ကိုလည်း နိုင်ငံတကာငြိမ်းချမ်းရေးဆိုင်ရာ ကာနက်ဂီစွမ်းပကားမြှင့်တင်ရေးအဖွဲ့က အကဲခတ် အန်ကစ် ပန်ဒါကလည်း လက်ခံပါတယ်။

    “ပြုံယမ်းအနေနဲ့ သူလိုချင်တာကို ရုရှားကနေ ရလိမ့်မယ်လို့ ကျွန်တော်တို့ တင်ကြိုတွေးထားတာမျိုး မရှိသင့်ဘူး” လို့ သူက ဘီဘီစီကို ပြောပါတယ်။

    ဒါပေမဲ့ သူက မြောက်ကိုရီးယားဟာ “ပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ စွမ်းဆောင်နိုင်စွမ်းအပိုင်းကို သိသိသာသာတိုးတက်‌အောင် သူ့သာသာ စွမ်းဆောင်ထားနိုင်တယ်”ဆိုတာကိုလည်း သူက ထောက်ပြပါတယ်။ ရုရှားနည်းပညာကတော့ ကုတ်အားဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

    ဆိုတော့ ကင် ဘာရနိုင်ခြေရှိလဲ။

    ဘန်းနက်ကတော့ ရုရှားဟာ “အမေရိကန်ကို သောကပေးနိုင်မယ့် လက်နက်နည်းပညာကို မြောက်ကိုရီးယားကို ပေးနိုင်ခြေပိုများပါတယ်။ အဲဒီထဲမှာ တာတိုနဲ့တာဝေးပစ် ဒုံးကျည်နည်းပညာတွေပါနိုင်တယ်။ နျူကလီးယားလက်နက်ထုတ်နည်းပညာ နည်းနည်းပါးပါးပေါ့”

  3. ဓာတ်ပုံ စုစည်းချက် - ‌ပြုံရမ်းမှာ သမ္မတ ပူတင်ကို ကြိုဆိုတဲ့မြင်ကွင်းတွေ

    နှင်းဆီပန်းအနားသတ်ထားတဲ့ကော်ဇောနီလမ်းမနဲ့ သမ္မတ ပူတင်ကြိုဆိုခဲ့

    ဓာတ်ပုံ ရင်းမြစ်, Kremlin

    ဓာတ်ပုံ ပုံစာ, နှင်းဆီပန်းအနားသတ်ထားတဲ့ကော်ဇောနီလမ်းမနဲ့ သမ္မတ ပူတင်ကြိုဆိုခဲ့

    မြို့တော် ပြုံယမ်းကို လေယာဥ်ဆိုက်ဆိုက်ချင်းမှာပဲ မြောက်ကိုရီးယားက ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို နှင်းဆီတွေနဲ့ ခရီးဦးကြိုပါတယ်။

    တည်းခိုမယ့်နေရာကို သွားမယ့် ကားပေါ် မတက်ခင် လေယာဥ်ပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ နှင်းဆီပန်းစည်းနဲ့ မစ္စတာပူတင် ကြိုဆိုခံရသလို လေယာဥ်ကနေ ကားဆီသွားမယ့် ကောဇောနီ ခင်း လမ်းတလျောက်မှာလည်း ဘေးနှစ်ဖက်မှာ နှင်းဆီပန်းတွေ ချထားတာကို တွေ့ရပါတယ်။

    မြို့တွင်းမှာလည်း သမ္မတ ပူတင်ရဲ့ ဓာတ်ပုံတွေ၊ ရုရှားအလံတွေနဲ့ပြည့်နေပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, @RIA_Kremlinpool

    ဓာတ်ပုံ ပုံစာ, မြို့တွင်းမှာလည်း သမ္မတ ပူတင်ခရီးစဥ်ကို ကြိုဆိုကြောင်းပြောတဲ့ ဓာတ်ပုံတွေ၊ ရုရှားအလံတွေနဲ့ပြည့်နေပါတယ်

    ရုရှားနိုင်ငံပိုင်မီဒီယာ RIA က ထုတ်ပြန်တဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေမှာတော့ သမ္မတပူတင်ကို ကြိုဆိုတဲ့စာတန်းတွေကို အဝေးပြေးလမ်းမကြီး တလျှောက် ကပ်ထားတာကိုလည်း တွေ့ရပါတယ်။ ဘေးမှာတော့ မြောက်ကိုရီးယား ဝါဒဖြန့်ပိုစတာတွေကို တွေ့ရပါတယ်။

    လေဆိပ်က စာတန်း

    ဓာတ်ပုံ ရင်းမြစ်, @RIA_Kremlinpool

    စာတန်းတစ်ခုမှာဆိုရင် ‘’မြောက်ကိုရီးယားနဲ့ ရုရှား ချစ်ကြည်မှုဟာ ထာဝရ ဖြစ်တယ်’’ လို့ဆိုတဲ့ စာတန်းကို ပြုံယမ်းက ဆူနန်လေဆိပ်မှာ ကပ်ထားတာကို မြင်ရပါတယ်။

    သမ္မတ ပူတင်ကို ကြိုဆိုမှု

    ဓာတ်ပုံ ရင်းမြစ်, @RIA_Kremlinpool

  4. ပူတင်ရဲ့ ပြုံယမ်း ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေပါလဲ

    ကားထဲက ထွက်လာတဲ့ရုရှားသမ္မတ ပူတင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ပြုံယမ်းမြို့ကိုလာရောက်တဲ့ သမ္မတ ပူတင်ရဲ့ ခရီးစဥ်မှာ သူ့အစိုးရအဖွဲ့ထဲက ထိပ်ပိုင်းအရာရှိတွေလည်း ပါဝင်လာတယ်လို့ နိုင်ငံပိုင်သတင်းဌာန Tass က သတင်းဖော်ပြပါတယ်။

    အဲဒီအရာရှိတွေထဲမှာ

    - နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်

    - ဒုတိယဝန်ကြီးချုပ် (၁) ဒန်းနစ် မာတရော့ဗ်

    - ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒရား နိုဗက်

    - ကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘယ်လူဆော့ဖ်

    - ဒုတိယကာကွယ်ရေးဝန်ကြီး အဲလက်ဇီ ခရီဗရူချ်ကို

    - ကျန်းမာရေးဝန်ကြီး မီခေး မူရှာကို

    - ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးအကဲ ရိုမန် စတာရိုဗော့

    - ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ်ခေါင်းဆောင် ယူရီ ဘိုရီဆော့ဗ်

    - ရထားမီးရထားဌာနခေါင်းဆောင် အိုလက် ဘဲလိုဇာရော့ဗ်

    - ရုရှား အရှေ့ဖျားဒေသက ပရီမိုရဲဒေသအုပ်ချုပ်ရေးမှူး အိုလက် ကိုဇယ်မာကို

  5. ပြုံယမ်းမှာ သမ္မတပူတင်တည်းမယ့် ဧည့်ဂေဟာ ဘယ်လောက် ခမ်းနားလဲ

    ပြုံရမ်းရောက် ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

    ဓာတ်ပုံ ရင်းမြစ်, Reuter/KCNA

    ရုရှား သမ္မတ ပူတင် မြောက်ကိုရီးယားနိုင်ငံကို ရောက်တဲ့အခါ သူ့ကို မြောက်ကိုရီးယားက ဘယ်လောက်အထိ ဧည့်ဝတ်ပျူငှာမလဲဆိုတဲ့အခြေအနေကို စိတ်ဝင်စားမှု မြင့်ကြပါတယ်။

    ကနဦး ခန့်မှန်းထားကြတဲ့အတိုင်း ပြုံယမ်းမြို့ကို ရောက်တဲ့ သမ္မတ ပူတင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ကင်ဆူဆန်းဧည့်‌‌ဂေဟာမှာ တည်းခိုဖို့ စီစဥ်ပေးထားပါတယ်။

    အဲဒီဂေဟာကို သွားမယ့် သမ္မတပူတင်ကို ကင်ဂျုံအွန်းကိုယ်တိုင် ကားတစ်စီးတည်း စီးနင်းပြီး လိုက်ပို့ခဲ့ပါတယ်။

    ရုရှားသမ္မတဟာ ၂၀၁၉ ခုနှစ်တုန်းက ပထမဆုံး ပြည်ပနိုင်ငံ့ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေနဲ့ တည်းခိုခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ပင်ပြီးရင် ဒုတိယမြောက်တည်းခိုတဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။

    ဒီဂေဟာ ဘယ်လောက်ခမ်းနားလဲ။ ဘီဘီစီ ကိုရီးယားဘာသာဌာန သတင်းထောက် ရစ်ချက် ကင် ရေးထားတာကိုလည်း ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  6. နောက်ဆုံးရအခြေအနေ

    ပြုံယမ်းကို ‌ညဘက်ရောက်လာတဲ့သမ္မတ ပူတင်ကို ကင် ကိုယ်တိုင် လေဆိပ်မှာ ကြိုဆို

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ပြုံယမ်းကို ‌ညဘက်ရောက်လာတဲ့သမ္မတ ပူတင်ကို ကင် ကိုယ်တိုင် လေဆိပ်မှာ ကြိုဆို

    - ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကို ဒေသစံတော်ချိန် မနက် ၃ နာရီဝန်းကျင်မှာ ရောက်ရှိပြီး လေယာဥ်ဆိုက်ဆိုက်ချင်းမှာပဲ လေဆိပ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့တွေ့ဆုံ နှုတ်ဆက်ထားပါတယ်။

    - မနက်ခင်းအစောပိုင်း လေယာဥ်ဆိုက်လာတဲ့ သမ္မတပူတင်ကို ကင်ကိုယ်တိုင် လေဆိပ်မှာ ခရီးဦးကြိုခဲ့တာဖြစ်ပါတယ်။

    - အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ သမ္မတပူတင်တည်းခိုမယ့် ကင်ဆူဆန်းဧည့်ဂေဟာကို လေဆိပ်ကနေ ကားတစ်စီးတည်းမှာ အတူထွက်ခွာကြပါတယ်။ လမ်းတလျှောက်မှာတော့ သမ္မတ ပူတင်ကို ကြိုဆိုတဲ့စာတန်းတွေ တန်းစီထောင်ထားတာကို မြင်တွေ့ရပါတယ်။

    - ဒါဟာ သမ္မတ ပူတင်အတွက် ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို သွားတဲ့ခရီးစဥ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကင်ဟာ ရုရှားအရှေ့ဖျားကိုသွားခဲ့ပြီး သမ္မတပူတင်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။

    ‌- မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကတော့ သမ္မတ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဥ်ဟာ နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးကြားက ဆက်ဆံရေး ‘‘ကာလရှည်ကြာတည်မြဲခိုင်မာ’’ မှုကို ပြသတယ်လို့ သတင်းဖော်ြပပါတယ်။

    - ပူတင်နဲ့ ကင်တို့ဟာ ဒီနေ့မှာ ဂုဏ်ပြုဆိုကြိုပွဲ၊ ဧည့်ခံပွဲနဲ့ ဆွေးနွေးပွဲတွေကို လုပ်ဖို့ရှိနေပြီး ၉ နာရီတောင် ကြာနိုင်တယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။

  7. မင်္ဂလာပါ။

    ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ မြောက်ကိုရီးယားနိုင်ငံကို နှစ်ရက်ကြာခရီးစဥ် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြိုဆိုပါတယ်။

    မြောက်ကိုရီးယား- ရုရှား ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ ဖြည့်စွက် ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော် ဖတ်ရှုဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။