ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန်ရွေးကောက်ပွဲ - ‌‌ ထရမ့် အနိုင်ရပြီး တကျော့ပြန်သမ္မတဖြစ်လာမယ်

နိုဝင်ဘာ ၆ ရက် အမေရိကန်စံတော်ချိန် မနက်ပိုင်းမှာပဲ သမ္မတဟောင်းထရမ့် ပြန်အနိုင်ရသွားပြီး အမေရိကန်ရဲ့ ၄၇ ဆက်မြောက်သမ္မတဖြစ်လာပါပြီ။

အနှစ်ချုပ်

  • ထရမ့်က သူအနိုင်ရပြီလို့ ကြေညာပြီးတဲ့နောက်မှာ ယူကေအပါအဝင် နိုင်ငံခေါင်းဆောင်တချို့က ဂုဏ်ပြုကြောင်းပြောကြား
  • မက်စ်ဟာ ရီပတ်ဘလီကန်ပါတီရဲ့ ''တက်သစ်စ ကြယ်ပွင့်ပဲ'' - ဒေါ်နယ်ထရမ့်
  • လုပ်ကြံရန်ကြိုးပမ်းခံရမှုကနေ လွတ်ခဲ့တာ အကြောင်းမဲ့မဟုတ်ဘူးလို့ ထရမ့်ပြော
  • “ကျွန်တော်တို့ နိုင်ငံကို အနာကျက်အောင် ကုသပေးမှာပါ” - ဒေါ်နယ် ထရမ့်
  • အထက်လွှတ်တော်ကို ရီပတ်လီကန်တွေ ထိန်းချုပ်တော့မှာလား
  • အကြိတ်အနယ်ပြိုင်ရမယ့်နေရာပြည်နယ်ဆုကို ထရမ့်ယူပြီလား
  • ထရမ့်ရဲ့ “မိန့်ခွန်း” ကို ရီပတ်ဘီလီကန်ထောက်ခံသူတွေစောင့်ဆိုင်းနေကြ
  • “ထရမ့်ခေတ်ကို ထပ်ပြီး ဖြတ်သန်းနိုင်ပါ့မလား မသိဘူး” - ဒီမိုကရက်တစ်ထောက်ခံသူတစ်ဦးစောင့်ကြည့်ရမယ့် ပြည်နယ် ၇ ခုလုံးမှာ ကနဦးရလဒ် ထရမ့် ဦးဆောင်နေ
  • ဂျော်ဂျီယာမှာ ထရမ့် အနိုင်ရဖို့ နီးပြီ၊ ၃ ရာခိုင်နှုန်းအသာနဲ့ ထရမ့်က ဟဲရစ်ကို ဦးဆောင်နေ
  • မဲယိမ်းပြည်နယ် ၆ ခုထဲက ၃ ခုမှာ ထရမ့်အသာစီးဆက်ရနေ
  • ကိုလံဘီယာခရိုင်အပါအဝင် ပြည်နယ် ၄၀ ကျော်က မဲရုံတွေပိတ်လိုက်ပါပြီ။
  • ကနဦးမဲရလဒ်တွေနဲ့ ကောက်ချက်ချမစောသင့်၊ အိမ်ဖြူတော်ကိုရောက်နိုင်ဖိုအတွက် အဆုံးဖြတ်ပေးနိုင်မယ့် ပြည်နယ် (၇) ခုထဲက အနည်းဆုံး (၃) ခု မှာ အနိုင်ရဖို့လို
  • အဆုံးအဖြတ်ပေးနိုင်တဲ့ပြည်နယ် ၇ ခုထဲက ပြည်နယ် ၃ ခုမှာ မဲရုံတွေပိတ်လိုက်ပြီ၊ အမျိုးသမီးမဲဆန္ဒရှင် ၅၄ ရာခိုင်နှုန်းက ဟဲရစ်ကိုထောက်ခံပြီး ထရမ့်ကို ၄၄ ရာခိုင်နှုန်းထောက်ခံ
  • အကြွေစေ့ ခေါင်းနဲ့ပန်းလိုပဲ ကျောချင်းကပ်နေပေမယ့် အမြင်တွေမတူကွဲပြားပြီး အကြိတ်အနယ်အားပြိုင်နေတဲ့ ပါတီကိုယ်စားလှယ်တွေ
  • ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ မဲလိမ်မှုရှိတယ်လို့ ထရမ့်ပထမဆုံးစွပ်စွဲ
  • ပန်ဆယ်ဗေးနီးယားပြည်နယ်က မဲရုံထဲ လုံခြုံရေးတင်းကြပ်ထားသလို ပါတီနဲ့ဆက်စပ်တဲ့ မဲရေတွက်စောင့်ကြည့်လေ့လာသူတွေကိုလည်း စည်းကမ်းတင်းကြပ်ထား
  • ဒေါ်နယ် ထရမ့်နဲ့ ကာမလာ ဟဲရစ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ ရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံတဝန်းမှာ ပြည်သူသန်းပေါင်းများစွာ မဲပေးနေကြပြီး မဲပေးတဲ့ နောက်ဆုံးနာရီတွေကို ရောက်လာပါပြီ။ ပြည်နယ်တချို့မှာ မဲရုံတွေ စပိတ်နေပါပြီ။
  • မဲပေးခဲ့သူတွေဆီက အစောဆုံး မဲရုံထွက်စစ်တမ်းရလဒ်တွေအရ ဒီမိုကရေစီရေးနဲ့ စီးပွားရေးကို အရေးကြီးဆုံး ကိစ္စရပ်တွေအဖြစ် သတ်မှတ်ပြီး သမ္မတလောင်း ရွေးချယ်မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။
  • ထရမ့်က ဖလော်ရီဒါမှာ မဲလာထည့်ခဲ့ပြီး ဟဲရစ်က ပြီးခဲ့တဲ့ သီတင်းပတ်က စာတိုက်ကနေ ကြိုတင်မဲထည့်ခဲ့ပါတယ်။
  • ဟဲရစ်က အမျိုးသမီးတွေ သန္ဓေသားလောင်း ဖျက်ချခွင့်ကို ထောက်ခံပြောဆိုခဲ့ပြီး လုပ်ငန်းခွင်ဝင် မိသားစုတွေအတွက် အစားအသောက်နဲ့ နေထိုင်မှုစရိတ်တွေ လျော့ကျအောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
  • ထရမ့်က နယ်စပ်တွေ လုံခြုံအောင် တားဆီးဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပြီး ဒေါ်လာ ထရီလျံပေါင်းများစွာ အခွန်လျှော့ချပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
  • အမေရိကန်ပြည်သူတွေက သမ္မတကိုပဲ ရွေးကောက် တင်မြှောက်မှာ မဟုတ်ပါဘူး။ အမေရိကန် ကွန်ဂရက်လွှတ်တော်က အမတ်တွေကိုလည်း ရွေးချယ် မဲပေးကြမှာဖြစ်ပြီး ပြည်နယ်တချို့မှာဆိုရင် သန္ဓေသားလောင်း ဖျက်ချခွင့် ရှိမရှိ ဆိုတာကိုပါ မဲပေးကြမှာ ဖြစ်ပါတယ်။
  • ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက လူ ၈၂ သန်းကျော် ကြိုတင်မဲ ပေးခဲ့ကြပြီး ဖြစ်ပါတယ်။ လူထုစစ်တမ်း ရလဒ်တွေအရ သမ္မတလောင်း နှစ်ဦးအပေါ် ထောက်ခံမဲတွေက မတိမ်းမယိမ်း အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုအတုတွေကြောင့် ဂျော်ဂျီယာပြည်နယ်မှာ လူတွေဘေးကင်းရာ ကယ်ထုတ်ခဲ့ရ

    ဒီကနေ့မနက်က ဂျော်ဂျီယာပြည်နယ် ဖူလ်တန် ခရိုင်က မဲရုံတွေမှာ အထောက်အထားမခိုင်လုံတဲ့ ဗုံးလှန့်ခြိမ်းခြောက်မှု ၅ ခု ဖြစ်ခဲ့တယ်လို့ ဘီဘီစီရဲ့ မိတ်ဖက် မီဒီယာသတင်းဌာန ဖြစ်တဲ့ CBS သတင်းမှာ ဖော်ပြပါတယ်။

    နှစ်ဖက်စလုံး နိုင်ခြေရှိနေတဲ့ ဂျော်ဂျီယာပြည်နယ်က နေရာနှစ်နေရာမှာ မိနစ် ၃၀ စီခြားပြီး ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာခဲ့တာကြောင့် လူတွေကို ဘေးကင်းရာ ယာယီဖယ်ထုတ်ခဲ့ရတယ်လို့ ဖူလ်တန်ခရိုင်ရဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ဌာန ဒါရိုက်တာ နဒင်း ဝီလျံမ်စ်က ပြောပါတယ်။

    အဲဒီဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ရာ အက်လန်တာမြို့ရှိရာ ဖူလ်တန်ခရိုင်က နေရာနှစ်နေရာမှာ ဒေသစံတော်ချိန် ည ၇ နာရီခွဲအထိ မဲရုံတွေ ဆက်ဖွင့်ထားခွင့် တရားရုံးထံက ခွင့်ပြုချက် ရနိုင်ရေး ပြည်နယ်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက အခုအခါ ကြိုးစားနေပါတယ်။

    ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ကမ်ဘရီယာခရိုင်မှာလည်း အစောပိုင်းက နည်းပညာပိုင်း ချို့ယွင်းမှုကြောင့် မဲဆန္ဒရှင်တချို့ သူတို့ရဲ့မဲတွေကို စကင်မဖတ်နိုင်ခဲ့ကြပါဘူး။ အဲဒီပြည်နယ်မှာလည်း မဲရုံဖွင့်တဲ့အချိန်ကို တိုးဖို့ တရားရုံးခွင့်ပြုချက် တောင်းထားပါတယ်။

  2. ထရမ့်က သူနိုင်မယ်ဆိုတာကို ယုံကြည်စိတ်ချစိတ် အပြည့်ရှိတယ်လို့ မဲလာထည့်စဉ် ပြောသွား

    ဖလော်ရီဒါပြည်နယ် ပါးမ်ဘိချ် ကမ်းခြေက မဲရုံမှာ ဒေါ်နယ် ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လာနီယာ တို့ မဲလာပေးခဲ့ကြပါတယ်။

    သူ့ရဲ့ကိုယ်ပိုင်စတိုင်ဖြစ်တဲ့ ကက်ဦးထုပ် အနီဆောင်းထားတဲ့ ထရမ့်ဟာ မီဒီယာတွေကို စကားပြောခဲ့ပါတယ်။

    “ကျွန်တော် နိုင်မယ်လို့ ယုံကြည်စိတ်ချစိတ် အပြည့်ရှိပါတယ်။ ပြီးတော့ ရီပတ်ဘလီကန်တွေက အားပြည့်၊ အင်ပြည့် ထွက်လာကြတာလေ” လို့ သူက ပြောသွားပါတယ်။

    မနေ့ညနှောင်းပိုင်းအထိ မီရှီဂန်ပြည်နယ်မှာ သူမဲဆွယ်စည်းရုံးခဲ့တာကို ရည်ညွှန်းရင်း “မနေ့ညက အတော်လေး နောက်ကျပြီးမှ ပြန်ရောက်လာကြတာ”လို့ ထရမ့်က ပြောပါတယ်။

    “ကျွန်တော်တို့ အခြေအနေ ကောင်းနေတယ်လို့ ကြားရပါတယ်”

    ဒုသမ္မတ ကာမလာ ဟဲရစ်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က စာတိုက်ကနေတဆင့် သူကြိုတင်မဲ ထည့်ပြီးသွားပြီလို့ သတင်းမီဒီယာတွေကို ပြောပါတယ်။

  3. ထရမ့် နဲ့ ဟဲရစ် - ဘယ်အချက်တွေက သူတို့ကို အနိုင်ရစေမလဲ

    အမေရိကန် အိမ်ဖြူတော်က သမ္မတရာထူးအတွက် ယှဉ်ပြိုင်မှုက နိုင်ငံတစ်ဝန်း အတိုင်းအတာမှာရော၊ အရေးပါတဲ့ ပြည်နယ်တွေမှာပါ သူမသာကိုယ်မသာ အကြိတ်အနယ်ဖြစ်နေတဲ့ အခြေအနေရှိပါတယ်။

    စစ်တမ်းရလဒ်တွေမှာ ပြိုင်ဘက်နှစ်ယောက်အကြား အရမ်းကို ကပ်လွန်းနေပြီး ဒေါ်နယ် ထရမ့် နဲ့ ကာမလာ ဟဲရစ်တို့ကြား နှစ်မှတ်၊ သုံးမှတ်လောက်ပဲ ကွာနေရုံနဲ့ ဘယ်သူမဆို ကပ်နိုင်သွားမယ့်ပုံရှိနေပါတယ်။

    အကြောင်းခြင်းရာအသီးသီးအပေါ် သဘောထားတူကြတဲ့ မဲဆန္ဒရှင်အုပ်စုတွေနဲ့ ပတ်သက်ရင်ထရမ့်နဲ့ ကာမလာတို့ကြား နှစ်ဦးစလုံးမှာ အားသာချက်တွေ ဘာ့ကြောင့် ရှိနိုင်သလဲဆိုတာကို ခိုင်ခိုင်လုံလုံပြသနိုင်တဲ့ အထောက်အထားတွေ ရှိပါတယ်။​

    ဆောင်းပါးအပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

  4. ဘယ်နေရာတွေမှာ လူတွေမဲပေးနေသလဲ။ လောလောဆယ် ဘယ်လိုအခြေအနေ ရှိနေသလဲ

    အမေရိကန် ပြည်နယ်အားလုံးနီးပါးမှာ မဲတွေ စပေးနေကြပါပြီ။

    ပြည်နယ်အသီးသီးမှာ မဲစပေးချိန်မတူသလို မဲရုံပိတ်ချိန်တွေလည်း မတူကြပါဘူး။ ဒါပေမဲ့ အမေရိကန် အရှေ့ပိုင်း ကမ်းရိုးတန်းမှာ ဂရင်းနစ်စံတော်ချိန် မနက် ၄ နာရီ ထိုးပြီ ဆိုတာနဲ့ ပြည်နယ်အားလုံးက မဲရုံတွေ ပိတ်မှာ ဖြစ်ပါတယ်။ ဟာဝိုင်အီနဲ့ အလာစကားပြည်နယ်မှာတော့ အဲဒီကနေ နောက်တစ်နာရီအကြာမှာမှ မဲရုံတွေ ပိတ်မှာ ဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲဟာ ထရမ့်နဲ့ ဟဲရစ် နှစ်ဦးအကြား ရွေးကောက်ပွဲမျိုး မဟုတ်ပါဘူး။ ပြည်နယ်အတော်များများမှာ သန္ဓေသားလောင်း ဖျက်ခွင့်၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်တွေ ရွေးချယ်တင်မြှောက်ခွင့်၊ ဆေးခြောက်ကို အပျော်သဘော ဒါမှမဟုတ် ကျန်းမာရေးအရ သုံးစွဲခွင့် စတဲ့ တခြား ကိစ္စရပ်မျိုးတွေအတွက်မှာပါ မဲပေးကြမှာ ဖြစ်ပါတယ်။

  5. မင်္ဂလာပါ။ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ သတင်းများ တိုက်ရိုက် တင်ဆက်မှု စတင်ပါပြီ။ အမေရိကန် တစ်လွှား မဲပေးကြပုံနဲ့ နောက်ဆုံးသိရသမျှ သတင်းတွေ၊ ရွေးကောက်ပွဲနဲ့ သိသင့်သမျှ သုံးသပ်ချက်တွေ၊ ဆောင်းပါးတွေကိုလည်း စုစည်း ဖော်ပြမှာ ဖြစ်ပါတယ်။