ရွေးကောက်ပွဲ မဲရလဒ်တွေက မဲတွေအားလုံးရေတွက်
အတည်ပြုပြီးချိန်အထိ တရားဝင်ထွက်လာဦးမှာ မဟုတ်ပါဘူး။ မဲတွေအားလုံး ရေတွက်
အတည်ပြုဖို့ဆိုတာက တချို့နေရာတွေမှာ ရက်နဲ့ချီ ကြာနိုင်ပါတယ်။
နှစ်ဖက်စလုံး နိုင်ခြေရှိပြီး အဆုံးအဖြတ်ပေးနိုင်တဲ့
အကြိတ်အနယ် ပြည်နယ်တွေမှာ မဲရေတွက်မှုတွေကို အသေအချာ စေ့စေ့စပ်စပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ မဲပေးမှု လုပ်ငန်းစဉ် အတော်များများက
ယုံကြည်စိတ်ချရပါ့မလားလို့ ထရမ့်က မေးခွန်းထုတ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲရုံအတော်များများက
မဲရလဒ်တွေကို သူက စိန်ခေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
အခု ၂၀၂၄ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေကို ကြည့်ကြရအောင်ပါ။
မဲတွေကို ဘယ်တော့ စရေတွက်မှာလဲ၊ မဲရေတွက်တာ ဘယ်လောက်ကြာမှာလဲ
ပထမဆုံးမဲရုံကို အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် ည ၁၁
နာရီမှာ စပိတ်မှာပါ။ ဒါပေမဲ့ မဲရေတွက်မှုတွေကတော့ အဲဒီနောက်ပိုင်းအကြာကြီးကြာမှ
လုပ်မှာ ဖြစ်ပါတယ်။
အများစုကတော့ ပြည်နယ် စည်းမျဉ်း စည်းကမ်းတွေကြောင့် တရားဝင်မဲရလဒ်
ထွက်လာနိုင်ဖို့ သီတင်းပတ်နဲ့ချီ ကြာနိုင်ပါတယ်။
မဲရေတွက်တာကလည်း နေရာဒေသတစ်ခုနဲ့ တစ်ခု မတူကွဲပြားသလို အသုံးပြုတဲ့
စက်ပစ္စည်းတွေပေါ်မှာလည်း မူတည်နေပါတယ်။
ခရိုင်တချို့မှာ မဲပြားတွေကို စကင်နာနဲ့ ဖတ်ပြီး မဲထည့်ပေမဲ့
တခြားခရိုင်တွေမှာတော့ ဖန်သားပြင်ကို ထိပြီး မဲပေးတဲ့စနစ် ဒါမှမဟုတ် မဲပြားတွေကို အမှတ်အသားလုပ်ပြီး
မှတ်တမ်းယူထားတဲ့ စနစ်မျိုးကို သုံးပါတယ်။
ဘာတွေက မဲရေတွက်မှုကို နှေးကွေးစေနိုင်သလဲ
ကြားဝင် နှောင့်ယှက်တာတွေ၊ ဥပဒေကြောင်းအရ ကန့်ကွက်တာ ဒါမှမဟုတ် ယာယီမဲပေးခွင့်လက်မှတ်နဲ့ မဲပေးသူတွေရဲ့မဲတွေနဲ့ပတ်သက်လို့
ရှုပ်ထွေးမှုတွေ စတာတွေကြောင့် မဲရေတွက်မှုကို နှေးကွေးစေနိုင်ပါတယ်။
ဥပဒေကြောင်းအရ ကန့်ကွက်စိန်ခေါ်မှုအများအပြားလည်း
ရှိခဲ့ပြီး ဖြစ်ပါတယ်။
မဲပြန်ရေတွက်တာကို ဘယ်အချိန်မှာ လုပ်သလဲ
ပြည်နယ်တစ်ခုချင်းစီမှာ မဲပြန်ရေတွက်တာနဲ့ဆိုင်တဲ့ သက်ဆိုင်ရာ
လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။
နှစ်ဖက်နိုင်ခြေရှိနေပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ အကြိတ်အနယ်
ပြည်နယ်တွေဖြစ်တဲ့ ပန်ဆယ်လ်ဗေးနီးယားနဲ့ မီရှီဂန် ပြည်နယ်တွေမှာတော့
ပြိုင်ဘက်သမ္မတလောင်း နှစ်ဦးရတဲ့ မဲ အရေအတွက် မတိမ်းမယိမ်းဖြစ်နေရင် မဲရေတွက်တာကို
အလိုအလျောက် ပြန်လုပ်လေ့ရှိပါတယ်။