ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

နှစ်ပေါင်း ၁၀၀ ကျော်အတွင်းအဆိုးရွားဆုံး မြန်မာ့ငလျင်လှုပ်ခတ်မှုနောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံတွင်း နေပြည်တော်အပါအဝင် ဒေသကြီး ၆ ခုနဲ့ ထိုင်းနိုင်ငံ တို့မှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှု နောက်ဆက်တွဲ သတင်းများကိုစုစည်းပြီးတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာငလျင်ကို ကူညီမယ်လို့ အမေရိကန် သမ္မတပြော
  • မြေသားပျော့လာတဲ့ အန္တရာယ်ကြုံနိုင်တယ်လို့ အမေရိကန် ဘူမိဗေဒဌာနပြော
  • နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်တယ်လို့ မိုးဇလ ထုတ်ပြန်
  • မန္တလေးမြို့ခံတွေ လမ်းမတွေပေါ် ထွက်အိပ်နေကြရ
  • ငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေယာယီပိတ်
  • နေပြည်တော်အပါအဝင် ဒေသ ၆ ခုမှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့လို့ စစ်တပ်က အရေးပေါ် အခြေအနေကြေညာ
  • မြေငလျင် ဒဏ်ကို မန္တလေး လေဆိပ်မှာ သိသိသာသာခံစားခဲ့ရ
  • မြေငလျင် ဗဟိုချက် ဖြစ်တဲ့ စစ်ကိုင်းမှာ ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့
  • စစ်ကိုင်း တံတားဟောင်း ပြိုကျ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေး မစိုးရိမ် ကျောင်းသစ် အဆောက်အအုံပြိုကျ, နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေပြော

    ငလျင်ဒဏ်ကြောင့် မန္တလေးမြို့က နာမည်ကျော် မစိုးရိမ်ကျောင်းတိုက်သစ်က အဆောက်အအုံ ပြိုကျသွားခဲ့ပါတယ်။

    ဓမ္မရက္ခိတ ကျောင်းဆောင်သစ်ကြီးနဲ့ အနီးက နာရီစင်ကြီးပါ ပြိုကျသွားခဲ့တယ်လို့ မျက်မြင်တွေ့ ရှိသူတွေက ပြောပါတယ်။

    မြို့ပေါ်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိနေပြီး အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေကြောင်း ဒေသခံ သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

  2. ငလျင်ကြောင့် မန္တလေးရဲ့ နောက်ဆုံးရအခြေအနေ

    မန္တလေးမြို့မှာ တမြို့လုံးနီးပါး အဆက်အသွယ်ပြတ်တောက်နေပြီး တယ်လီဖုန်းလိုင်းတွေ ဆက်သွယ်မရသလို နေရာအချို့မှာ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပါတယ်။

    မန္တလေးနန်းတွင်းနဲ့ မြိုရိုးကျုံးနေရာအချို့မှာ ပြိုကျပျက်စီးမှုတွေရှိနေပါတယ်။ နောက်ဆက်တွဲငလျင်သေးတချို့ ဆက်လှုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    ဟိုတယ် ၅ လုံးထက်မနည်းပြိုကျထားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ရပ်ကွက်အများစုမှာ ဆေးရုံ၊ ဟိုတယ်နဲ့ နေအိမ်အဆောက်အဦတွေပြိုကျပျက်စီးမှုတွေများပြီး ကယ်ဆယ်ရေးတွေလည်း မနိုင်မနင်းဖြစ်နေတယ်လို့ သိရပါတယ်။

    မန္တလေးဆေးတက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်မီးလောင်ထားသလို တံတားဦးလေဆိပ် အတွင်းက အဆောက်အဦ‌တွေ ပြိုကျပျက်စီးကုန်လို့ လေယာဥ်ခရီးစဉ်တွေယာယီပိတ်ထားလိုက်ရပါတယ်။

  3. ငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေယာယီပိတ်လိုက်

    ငလျင်ဘေးကြောင့် နေပြည်တော်နဲ့ မန္တလေးမှာ ထိခိုက်ပြိုကျပျက်စီးမှုတွေများခဲ့သလို နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေလည်း ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

    လက်ရှိမှာ နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေကို ယာယီပိတ်လိုက်ပြီး ခရီးသွားတွေအနေနဲ့ ကားလမ်းကို အားပြုသုံးဖို့ အကြံပြုထားပါတယ်။

    ဒါပေမဲ့ နေပြည်တော်နဲ့ မန္တလေးလမ်ပိုင်းတွေမှာ ငလျင်ကြောင့် ကားလမ်းတချို့ ပျက်စီးမှုတွေလည်းဖြစ်ထားပါတယ်။

  4. မြန်မာ့ငလျင် - ခပ်စိပ်စိပ်လှုပ်ခတ်လာတဲ့နောက် ပြည်သူတွေ စိုးရိမ်မှုမြင့်တက်

    မတ်လ ပထမအပတ်ထဲမှာ ရန်ကုန်၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တို့မှာ ငလျင် ၈ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်တွေအရ သိရပါတယ်။

    အဲဒီထဲ ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ မိုင် ၃၀ ပတ်ချာလည်ထဲမှာ ငလျင်အများဆုံးလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

    ဆောင်းပါးအအပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

  5. ငလျင်ကြီးနောက် ဒုတိယ ငလျင်တစ်ခု မြန်မာမှာ ထပ်လှုပ်ခဲ့

    မြန်မာနိုင်ငံမှာ အင်အားအလွန်ပြင်းထန်တဲ့ ငလျင် တစ်ခု လှုပ်ခဲ့ပြီး နောက်ထပ် ၁၂ မိနစ် အကြာမှာ ငလျင်တစ်ခု ထပ်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

    အဲဒီ ဒုတိယ ငလျင်ဟာ အင်အား ၆.၄ အဆင့် ရှိပြီး ပထမတစ်ခုက အင်အား ၇.၇ ရှိခဲ့ပါတယ်။

    ငလျင်ဗဟိုချက်က စစ်ကိုင်းမြို့ရဲ့ တောင်ဘက် ၁၈ ကီလိုမီတာ ( ၁၁.၁) မိုင် အကွာကို ဦးတည်လှုပ်ခတ်ခဲ့တာပါ။

  6. မန္တလေး စိန်ပန်းရပ် မီးလောင်, ငလျင်နောက်ဆက်တွဲ အရေးပေါ် အခြေအနေ ရှိနေ

    ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ မန္တလေးမှာ နောက်ဆက်တွဲ ထိခိုက်ခံစားရမှုတွေ ရှိနေပါတယ်။ လောလောဆယ်မှာ မန္တလေးမြို့ စိန်ပန်းရပ်မှာ မီးလောင်နေပြီး ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက မီးငြိမ်းသတ်ဖို့ ကြိုးစားနေရပါတယ်။ ဘာကြောင့် မီးလောင်ရသလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

  7. မန္တလေးက သက်တမ်းရင့်ရှေးဟောင်း ရွှေဘုန်းရှိန်ဗလီ ပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိ

    မန္တလေးမြို့ ၈၄လမ်းနဲ့ ၈၅ လမ်းကြားက ရှေးဟောင်း ရွှေဘုန်းရှိန်ဗလီ ပြိုကျပျက်စီးမှုကြောင့် ကနဦးသတင်းတွေအရ အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့သိရပြီး ပြိုကျတဲ့ အပိုင်းအစတွေကြားမှာ ပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ မြေပြင်မှာ ရှိနေသူတချို့ကပြောပါတယ်။

    '' ကျွန်တော်တို့ မနည်းအသက်လုပီးလွတ်အောင်ပြေးခဲ့ရတယ်။ ဗလီအကုန်ပြိုကျတာ ရစရာကိုမရှိပါဘူးဗျာ။ အသေပျောက်လဲများပြီး အခုချိန်ထိ အုတ်ပုံတွေကြားထဲ မဖော်နိုင်သေးတဲ့ သူတွေလဲအများကြီးပါ'' လို့ အဲဒီမှာရှိနေသူတစ်ဦးက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

    သတင်းတွေအရ ဝတ်ပြုနေတဲ့အချိန် ပြိုကျတာဖြစ်သလို ဗလီအဆောင် ၃ ခုထက်မနည်း ပြိုကျပျက်စီးသွားတယ်လို့ဆိုပါတယ်။

  8. စစ်ကိုင်း တံတားဟောင်း ပြိုကျ, စစ်ကိုင်းမှာ ထိခိုက် ပျက်စီးမှု ကြီးမား

    ငလျင်ဗဟိုချက် ဖြစ်တဲ့ စစ်ကိုင်းမှာ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ အဲဒီမှာ လျှပ်စစ်မီး နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်တွေ ပြတ်တောက်သွားတယ်လို့ ဒေသခံ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။ ဆက်သွယ်ရေး ပြတ်တောက်နေမှုကြောင့် မြို့တွင်း ထိခိုက်ပျက်စီးမှု ပမာဏကို အတိအကျ သိရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း တံတားဟောင်းလည်း ပြိုကျသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

  9. ထိုင်းဝန်ကြီးချုပ်က တနိုင်ငံလုံးကို အရေးပေါ် သတိပေးချက်ထုတ်

    ထိုင်းနိုင်ငံမှာ ဒီကနေ့လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီးမှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ငလျင် သတိပေးချက်ထုတ်လိုက်ပါတယ်။

    နောက်ဆက်တွဲငလျင်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သတိထားနေထိုင်ကြဖို့ ထုတ်ပြန်လိုက်တာပါ။

    အပျက်အစီးနဲ့ အထိအခိုက်တွေကို ဝန်ကြီးဌာနတွေ ပေါင်းစပ်ကိုင်တွယ်ဖို့ ဝန်ကြီးချုပ်ကပြောပါတယ်။

    ငလျင်ဆိုင်ရာဘေးအန္တရာယ်သတိပေးချက်နဲ့ ဘေးကင်းရေးလမ်းညွှန်ချက်တွေကို ပြည်သူတွေဆီ အချိန်နဲ့တပြေးညီထုတ်ပြန်ဖို့ ဝန်ကြီးတွေကို သူက ပြောပါတယ်။

  10. နေပြည်တော်ငလျင် နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရသူများပြား

    နိုင်ငံတဝန်းက ဒေသ ၆ ခုထက်မနည်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး၊ နေပြည်တော်၊ရှမ်းတောင်ပိုင်း အပါအဝင် ဒေသ ၆ ခုထက်မနည်းမှာ ထိခိုက်ပျက်စီးမှုတွေနဲ့ ဒေသခံတွေထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

    ငလျင်ကြီးကြောင့် ဟိုတယ်တွေ၊ နေအိမ်တွေနဲ့ အဆောက်အဦတွေ အများအပြား ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။

    နေပြည်တော်ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ရောက်ရှိပြီးဆေးကုသမှုခံယူနေရပါတယ်။

  11. မန္တလေး ၂၉ လမ်းထောင့်က အိမ်တွေ ထိခိုက်ပျက်စီး, ငလျင်ဒဏ်ကို မန္တလေးမှာ သိသိသာသာ ခံစားခဲ့ရ

    ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ ၂၉ လမ်းထောင့်မှာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပျက်စီးနေတဲ့ အဆောက်အအုံတွေရဲ့ အောက်မှာ ပိတ်မိနေသူ တချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်တာမျိုး မတွေ့ရသေးပါဘူး။ ဒေသခံ လူမှုကူညီရေး အသင်းတွေက ငလျင်ဒဏ်ခံစားခဲ့ရသူတွေ၊ အဆောက်အအုံအောက်မှာ ပိတ်မိနေသူတွေကို ကိုယ်ထူ ကိုယ်ထ ကယ်တင်ဖို့ ကြိုးစားနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

  12. ငလျင်လှုပ်ချိန် မန္တလေး လေဆိပ်အခြေအနေ, မန္တလေး လေဆိပ်မှာ ဖရိုဖရဲ ဖြစ်ခဲ့

    မြေငလျင် ဒဏ်ကို မန္တလေး လေဆိပ်မှာ သိသိသာသာခံစားခဲ့ရပါတယ်။ လေဆိပ် အဆောက်အအုံတွေ ပြိုကျခဲ့သလို၊ ခရီးသွားတွေလည်း ဘေးလွတ်ရာကို ရှောင်လွှားခဲ့ကြရပါတယ်။ လောလောဆယ် အချိန်အထိ လူထိခိုက် သေဆုံးမှု ရှိ မရှိဆိုတာကို ဘီဘီစီက အတည်ပြုဖို့ ကြိုးစားနေပါတယ်။

  13. စစ်ကိုင်းက ထိခိုက် ပျက်စီးမှုများ, ငလျင် ဗဟိုချက် စစ်ကိုင်းက ထိခိုက် ပျက်စီးမှု မြင်ကွင်းများ

    မြေငလျင် ဗဟိုချက် ဖြစ်တဲ့ စစ်ကိုင်းမှာ ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့ပါတယ်။ စစ်ကိုင်းက ဒေသခံတွေ ပေးပို့လာတဲ့ ဗီဒီယိုထဲမှာ အဆောက်အဦးအများအပြား ပျက်စီးနေတာကို မြင်တွေ့ရပါတယ်။

  14. နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်လာနိုင်တယ်လို့ သတိပေးထား

    မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်လာနိုင်တာကြောင့် ဘေးလွတ်ရာမှာနေထိုင်ကြဖို့ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    အချိန်နဲ့တပြေးညီသတင်းထုတ်ပြန်ပေးမှာဖြစ်လို့ ကောလဟလသတင်းတွေကို သတိထားဖို့လည်း အသိပေးထားပါတယ်။

    ငလျင်ကြောင့် ဒေသအများစုမှာ အဆောက်အဦပြိုကျမှု‌တွေ ဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးတွေ အလုံအလောက်မရတဲ့အခြေအနေဖြစ်နေတယ်လို့ ပြောဆိုချက်တွေလည်းရှိနေပါတယ်။

  15. အင်အားပြင်းငလျင်ကြောင့် ရှမ်းတောင်ပိုင်းက မြို့ ၅ မြို့ထက်မနည်းမှာ ထိခိုက်ပျက်စီး

    မတ် ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းမြေငလျင် ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ က ရပ်ကွက်အများစုမှာ အဆောက်အဦတွေ ပြိုကျပျက်စီးတာနဲ့ အဆောက်အဦနံရံတွေ အက်ကွဲတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အောင်ပန်းမြို့မှာလည်း ပြည်ထောင်စုလမ်းမဘေးက ၅ ထပ် အဆောက်အဦ ဟိုတယ်အောင်ပန်း ပြိုကျခဲ့သလို ဟိုပုံးမြို့မှာလည်း သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရဲ့ စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်မြေခခဲ့တယ်လို့ ဆိုပါတယ်။

    ဒါအပြင် ဆီဆိုင်၊ ပင်လောင်းနဲ့ ရွာငံမြို့နယ်တွေမှာ သာသနိက အဆောက်အဦတွေ၊ စေတီတွေနဲ့ နေအိမ်အဆောက်အဦတွေ အများအပြားပြိုကျပျက်စီးခဲ့တာကို တွေ့ရပါတယ်။

  16. ငလျင်လှုပ်ခတ်ပြီးချိန်မှာသိထားရမယ့်အချက်တွေ

    - ငလျင်လှုပ်ပြီးတာနဲ့ ပထမဆုံးလုပ်ရမှာက ကိုယ့်ကိုယ့်ကို ဒဏ်ရာ ရမရ စစ်ဆေးရမှာပါ။

    - နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ဖို့လည်းလိုပါတယ်။

    - ထိခိုက်ဒဏ်ရာရထားပြီဆိုရင်တော့ ရှေးဦးသူနာပြုနည်းတွေနဲ့ ပြုစုပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အဆောက်အဦးရဲ့ ထိခိုက်မှု ပမာဏကို စစ်ဆေးပြီး မီးဘေးအန္တရာယ်ကို တွက်ဆရပါမယ်။

    - မီးခြစ်တွေကို မသုံးရပါဘူး။ မီးခလုတ်တွေကို ပိတ်ထားပြီး ဓာတ်မီး နဲ့ ဘတ္ထရီမီးတို့ကိုပဲ သုံးသင့်ပါတယ်။ ငလျင်ကြောင့် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပြီး မီးလောင်နိုင်တာကြောင့်ဖြစ်ပါတယ်။

    - ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့လိုမျိုး လောင်စာအနံ့တခုခုရပြီဆိုတာနဲ့ အဲဒီနေရာကနေ အမြန်ဆုံးထွက်ခွာလိုက်ပါ။

  17. မြန်မာမှာ ငလျင်ကြီးတွေ လှုပ်ခတ်လာနိုင်

    ငလျင်လှုပ်မယ်ဆိုတာကို ကြိုပြီးသိနိုင်ပါသလား၊ ငလျင်အန္တရာယ်ကိုရော ဘယ်လိုကာကွယ်နေထိုင်နိုင်ပါသလဲ။ ဘူမိဗေဒေနဲ့ ငလျင်ကျွမ်းကျင်ပညာရှင်လည်းဖြစ် NUG ရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လည်းဖြစ်တဲ့ ဦးစိုးသူရထွန်း ပြောကြားချက်ကို ရုပ်သံမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

  18. ငလျင်လှုပ်နေချိန် သိထားရမယ့်အချက်တွေ

    -ငလျင်လှုပ်ပြီဆိုတာနဲ့ မြေကြီး ဒါမှမဟုတ် အဆောက်အဦတုန်ခါတာကြောင့် ပြိုကျလာနိုင်တဲ့ အကျိုးအပဲ့တွေကို စ သတိထားရတော့မှာပါ။

    -ပြိုကျလာတဲ့အရာတွေကနေ မထိခိုက်အောင် ခိုင်ခံ့တဲ့ စားပွဲခုံအောက်ကို အမြန်ဆုံး ဝင်ပုန်းဖို့ လိုပါတယ်။ ကြမ်းပြင်ပေါ်လဲကျနိုင်တဲ့ လေးလံတဲ့ အရာဝတ္ထုတွေကို သတိထားဖို့လိုပြီး တံခါးပေါက်၊ ပြတင်းပေါက် တွေရဲ့ အဝေးမှာ နေရပါမယ်။

    -အရေးကြီးတဲ့အချက်တစ်ချက်က ငလျင်လှုပ်နေချိန် အိမ်အပြင်ကို ထွက်မပြေးပါနဲ့။ အထပ်မြင့်တိုက်မှာနေတယ်ဆိုရင်လည်း လှေကားတွေ ဓာတ်လှေကားတွေမှာ တိုးဝှေ့သွားလာတာမျိုး မလုပ်ရပါဘူး။

    -အိမ်အပြင် လမ်းပေါ်ရောက်နေရင်လည်း အဆောက်အဦတွေ၊ လျှပ်စစ်ကြိုးတွေနဲ့ဝေးတဲ့ ကွင်းပြင်ကို အရောက်သွားဖို့ ကြိုးစားရပါမယ်။

    -ကားထဲမှာရှိနေတယ်ဆိုရင်တော့ ကားကို စက်သတ်ရပ်ထားပြီးတော့ကားအတွင်းမှာပဲ ဆက်နေသင့် ပါတယ်။ ကားကို တံတားတွေ၊ အဆောက်အဦတွေနဲ့ အဝေးမှာ ရပ်ထားတော့လိုပါတယ်။

    -ပင်လယ်ကမ်းခြေ၊ နိမ့်တဲ့ မြစ်ကမ်းပါးတွေနဲ့လည်း ဝေးနိုင်သမျှ ခပ်ဝေးဝေးမှာ နေဖို့ လိုပါတယ်။ အဲဒီ နေရာတွေဟာ ငလျင်ကြောင့်ဖြစ်တဲ့ ဆူနာမီရေလှိုင်းကြီးတွေ ဝင်ရောက်လာနိုင်တာကြောင့်ပါ။

  19. ငလျင်မလှုပ်မီမှာ သိထားရမယ့်အချက်တွေ

    -အခန်းတိုင်း ကိုယ့်နေတဲ့နေရာတိုင်းရဲ့ လုံခြုံမယ့်နေရာကို သိထားရပါမယ်။

    -အဲဒီလုံခြုံတဲ့နေရာကိုဝင်ဖို့၊ အကာကွယ်ယူဖို့ကိုလည်း လေ့ကျင့်ထားရမှာပါ။ဒီလိုလုံခြုံတဲ့နေရာအပြင် မလုံခြုံတဲ့နေရာကို သိထားဖို့ကလည်း အရေးကြီးပါတယ်။

    -အိမ်အပြင်မှာရှိနေတယ်ဆိုရင်လည်း လုံခြုံစိတ်ချရတဲ့နေရာတွေကို သိနေရပါမယ်။ ထွက်ပြေးဖို့လမ်းကြောင်း အရန်လမ်းကြောင်းတွေကိုလည်း သိထားရပါမယ်။

    -ရေ၊ ဓာတ်ငွေ့ နဲ့ လျှပ်စစ်မီးတွေကို အရေးပေါ် ဖြတ်တောက်နိုင်မယ့် နေရာတွေကိုလည်း သိထားဖို့ လိုပါတယ်။

  20. ပြင်းထန်ငလျင် လှုပ်ပြီးနောက် စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာ

    မြန်မာနိုင်ငံတွင်း ဒေသ ၆ ခုထက်မနည်းမှာ မတ် ၂၈ ရက်နေ့လယ်ပိုင်းက အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင် ၃ ခုထက်မနည်းလှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒေသ ၆ ခုထက်မနည်းကို စစ်ကောင်စီက အရေးပေါ် အခြေအနေကြေညာလိုက်ပါတယ်။

    စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူးနဲ့ ရှမ်းမြောက်ဒေသ အချို့မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။