မြန်မာငလျင် သေဆုံးသူ ၁,၆၀၀ ကျော်လာ

မြန်မာငလျင် သေဆုံးသူ ၁,၆၀၀ ကျော်လာပြီး ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အဦပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သားတွေကို သက်ဆိုင်ရာမိသားစုဝင်တွေက စောင့်ဆိုင်းနေကြတဲ့သတင်းနဲ့အတူ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှု ဆက်တွဲထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါပြီ။

အနှစ်ချုပ်

  • တရုတ်က မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီများပေးရန် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့များ စေလွှတ်ခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် ၃၇ ဦး ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ထပ်လွှတ်ပေးတာဖြစ်
  • နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေသိရဖို့ ရှေ့နေအဖွဲ့ ကြိုးပမ်း
  • ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနဲ့ ဓာတ်အားလိုင်းတွေ ချို့ယွင်းပျက်စီးခဲ့လို့ရန်ကုန်မှာ တစ်ရက် ၄ နာရီပဲ အလှည့်ကျ မီးပေးနိုင်
  • သမိုင်းဝင် မြသိန်းတန်စေတီဟာ မတ် ၂၈ ရက် အင်အားပြင်းငလျင် ကြောင့် အကြီးအကျယ် ပျက်စီး
  • ပြင်းအားမြင့်ငလျင်ကြောင့် မန္တလေးတိုင်းထဲမှာ သေဆုံးသူ ၈၃၈ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၈ ယောက် ရှိ
  • မန္တလေးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက် မနက်အစောပိုင်းမှာ ရောက်ရှိ
  • ငလျင်အတွက် စာနာကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖုန်းဆက်ပြော
  • မနက် ၁၁ နာရီဝန်းကျင်အထိ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံး မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀၀၂ ယောက်ရှိလာ
  • ကျောက်ဆည်အနောက် အေးမြကြည်လင် မူကြိုကျောင်းလည်း ပါဝင်ခဲ့ပြီး ဒီနေ့မနက်မှာတော့ မူကြိုကလေး ၁၂ ယောက်နဲ့ ဆရာမတစ်ယောက်
  • စဉ့်ကိုင်မြို့က လူနေအိမ် ၃ ပုံ ၁ ပုံခန့်ဟာ မတ် ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ပျက်စီး
  • အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု အခြေအနေကို အမြန်ဆုံး စစ်ဆေးရာမှာ ပါဝင်ဖို့ စေတနာ့ဝန်ထမ်းဂျင်အင်နီယာတွေကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဖိတ်ခေါ်
  • စစ်ကိုင်းမြို့မှာ မတ် ၂၈ ရက် ငလျင်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီး
  • စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ငယ်တွေ ဒီနေ့မှာ ဆက်ပြီး လှုပ်ခတ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ရ‌ရေး ရှေ့နေအဖွဲ့ကြိုးပမ်းမယ်

    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်မှာထိန်းသိမ်းထား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်မှာထိန်းသိမ်းထား

    အင်အားပြင်းငလျင်ဒဏ်ကို အများဆုံးကြုံခဲ့ရတဲ့ နေပြည်တော်အခြေအနေကြောင့် အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို ရှေ့နေအဖွဲ့နဲ့ မိသားစုဝင်တွေက စိုးရိမ်နေပြီး တွေ့ခွင့်ရ‌ရေးအတွက် ရှေ့နေအဖွဲ့ကကြိုးပမ်းမယ် လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်မှာထိန်းသိမ်းထားတာကြောင့် ငလျင်ဘေးကြုံချိန်မှာ ပိုပြီးစိုးရိမ်စိတ်ပူနေကြတာလို့ ဆိုပါတယ်။

    မိသားစုနဲ့နီးစပ်သူတချို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို စုံစမ်းခဲ့ပြီး လတ်တလောရရှိတဲ့ သတင်းတွေအရ အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။

    မတ်လ ၂၈ ရက်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငလျင်ဘေးအရေးပေါ် မိန့်ခွန်းမှာတော့ နေပြည်တော် မှာ ၉၆ ယောက် ၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်နဲ့ ကျောက်ဆည်မြို့မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် ငလျင်ကြောင့် သေဆုံးထားတယ်လို့ ပြောပါတယ်။

    ထိခိုက်ဒဏ်ရာရသူအနေနဲ့ နေပြည်တော်မှာ ၄၃၂ ယောက်၊ စစ်ကိုင်းမြို့မှာ ၃၀၀ နဲ့ ကျောက်ဆည်မြို့မှာ စိစစ်ဆဲဖြစ်ပြီး ဒဏ်ရာရရှိသူ ဦးရေ ၇၃၂ ယောက်ရှိတယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာထည့်ပြောပါတယ်။ စစ်ကောင်စီရဲ့ အချက်အလက်တွေအရ နေပြည်တော်ဟာ ထိခိုက်သေဆုံးမှုအများဆုံးဒေသဖြစ်ပါတယ်။ တဖက်မှာလည်း ငလျင်ဘေးပြန်လည်ထူထောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း လူထုက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့လည်း စစ်ခေါင်းဆောင် ကတိုက်တွန်းနေပါတယ်။

    လာမယ့် ဇွန် ၁၉ ရက်မှာ အသက် ၈၀ ပြည့်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးမှုကိုခံထားရပြီး စုစုပေါင်း အမှု ၁၉ မှု စွပ်စွဲခံခဲ့ရကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လတုန်းက စစ်ကောင်စီက နိုင်ငံတဝန်း အကျဥ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့် ပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ''ပြစ်ဒဏ်လွတ်ငြိမ်းခွင့်''ဆိုပြီး အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ကြေညာချက်ကြောင့် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာပါ။

  2. တရုတ်ယူနန်ကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်လေဆိပ်ကိုရောက်ရှိ

    ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, တရုတ်သံရုံး

    ဓာတ်ပုံ ပုံစာ, ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့

    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့ဟာ ကူမင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အသက်ကယ်ကိရိယာ(Life detector)တွေ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning system)တွေ၊ ခရီးဆောင်ဂြိုလ်တု(portable satellite) တွေနဲ့ ဒရုန်းတွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်ပြီး မြန်မာနိုင်ငံကို ဒီမနက်ပိုင်းကထွက်ခွာသွားတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

    တရုတ်သံရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကတော့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေ ရန်ကုန်လေဆိပ်ကိုရောက်နေပြီလို့ ဆိုပါတယ်။

    China Eastern Airlines နဲ့ တခြားဌာနတွေက ထောက်ပံ့ရေးပစ္စည်းများကို ညတွင်းချင်း စုစည်းကာ မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီများပေးရန် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့များ စေလွှတ်ခဲ့ပြီးတဲ့နောက်အဖွဲ့ဝင် ၃၇ ဦး ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ထပ်လွှတ်ပေးတာဖြစ်ပါတယ်။

    မတ်လ ၂၈ ရက်က မြန်မာမှာလှုပ်တဲ့ ရစ်ခ်ျတာစကေး ၇.၉ အဆင့်ရှိ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တာတွေကိုကူညီဖို့ တရုတ်ဗဟိုအစိုးရက ယူနန်အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ သံရုံးကထုတ်ပြန်ပါတယ်။