နေပြည်တော်မှာနည်းပညာတက္ကသိုလ်ဖွင့်ဖို့ စစ်ကောင်စီပြင်ဆင်၊ နေပြည်တော်မှာ ပထမဆုံးဖွင့်တဲ့ တက္ကသိုလ်ဖြစ်လာနိုင်, ကျောင်းသား ၂၄၀ လက်ခံမယ်လို့ကြေညာ
နေပြည်တော်မှာ နည်းပညာတက္ကသိုလ်ဖွင့်လှစ်မှာဖြစ်ပြီး ပထမဆုံးအသုတ်အဖြစ်ကျောင်းသား ၂၄၀ လက်ခံသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
နေပြည်တော်နည်းပညာ တက္ကသိုလ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပထမဆုံး စတင်ဖြစ်လှစ်သွားမှာဖြစ်ပြီး ၂၀၂၂ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ၄ ဘာသာပေါင်း ရမှတ် အနည်းအများပေါ် မူတည်ပြီး ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။
လျှောက်လွှာတွေကို ပညာရေးဝန်ကြီးဌာနက ဖြန့်ဝေထားတဲ့ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာတွေက တဆင့် ဝင်ခွင့်လမ်းညွှန်စာအုပ်တွေမှာ ဖော်ပြထားတဲ့ နေရာ ၁၆ နေရာမှာ စက်တင်ဘာလ ၂ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပြီး ၊ စက်တင်ဘာ ၂ ရက်နေ့ နောက်ပိုင်းမှာတော့ ရန်ကုန်မြို့ သထုံလမ်းမှာ ရှိတဲ့ အဆင့်မြင့် ပညာမှာ ဆက်လက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
" သိပ္ပံနဲ့ နည်းပညာ၀န်ကြီးဌာန ကို တိုက်ရိုက်လျှောက်ရမှာ မဟုတ်ဘူး၊ ပညာရေးဌာနက ဖြန့်ဝေထားတဲ့ တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာ စာအိတ်တွေနဲ့ လျှောက်ထားရမယ်။ လမ်းညွှန်စာအုပ်တွေမှာ ဘယ်လိုလျှောက်ရမယ်ဆိုတာ ပါပါတယ်။ အဲဒါနဲ့ လျှောက်ထားနိုင်ပါတယ်။ " လို့ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာန က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ကွန်ပြူတာအင်ဂျင်နီယာနှင့်သတင်းအချက်အလက်နည်းပညာ၊ ဗိသုကာ စတဲ့အထူးပြုဘာသာ ၆ ခု အတွက် တစ်ခုကို ကျောင်းသား၊ကျောင်းသူ ၄၀ ခန့်နဲ့ လူပေါင်း ၂၄၀ ခန့်လက်ခံသွားမယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီအောက် အဆင့်မြင့်ပညာရေးကိုမတက်ရောက်ဘဲသပိတ်မှောက်ထားကြတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရှိထားပြီး ပြီးခဲ့တဲ့ပညာသင်နှစ်မှာ ခန့်မှန်းခြေ သိန်းဂဏန်း၀န်းကျင်ထိ ရှိခဲ့တယ်လို့ပညာရေးအသိုင်းအ၀ိုင်းထံက သိရပါတယ်။