မှတ်ပုံတင်နံပါတ်ကြည့်ပြီးအလုပ်ထုတ်တာ၊ အလုပ်မခန့်တာတွေရှိနေတဲ့ အလုပ်ရှင်တချို့ကို NUG မှတ်တမ်းတင်ထားပြီး ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်
အလုပ်သမားတွေကို အလုပ်ခန့်ထားမှုအပေါ်မှာ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေတဲ့ အပေါ် ထိရောက်စွာအရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိမှာ အလုပ်ရှင်တချို့ဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ အပါအဝင် ပြည်နယ်တချို့က အလုပ်သမားတွေကို ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ပါနံပါတ်ကိုကြည့်ပြီး အလုပ်မခန့်တာ၊ အလုပ်ထုတ်တာတွေ ပြုလုပ်နေတဲ့အပြင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး အလုပ်သမားအဆောင်တွေမှာ ဆက်လက်နေထိုင်ခွင့် မရဖို့ ဖိအားပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အခြေခံလူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို မှတ်တမ်းတွေ ရယူပြီး ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မကွေးတိုင်း မှတ်ပုံတင်ကိုကြည့်ပြီး စစ်ဆေးခံရဖူးတဲ့ အမျိုးသမီးတစ်ဦးက " အစက အိမ် စုငှားနေတော့ စုပြီး ဧည့်စာရင်းတိုင်လိုက်တော့ ကျွန်မ မှတ်ပုံတင်နံပါတ်ကို သူတို့ သတိမထားမိလိုက်ဘူး။ နောက်ပိုင်း လူတွေက ပြောင်းသွားကြ၊ နယ်ပြန်ကြနဲ့ ။ ကျွန်မနဲ့နောက်တစ်ယောက်ပဲကျန်တော့တယ်။ အဲဒီမှာ ဧည့်စာရင်း သွားလည်း တိုင်ရော မှတ်ပုံတင် နံပါတ်ကြည့်ပြီး ရစ်တော့တာပဲ။ ဘယ်ကလာတာလဲ။ ဘာလာလုပ်တာလဲ။ အစုံပဲ မေးတယ်။ ပြီးတော့ အဲဒီရက်ပိုင်းလေးမှာကိုပဲ ဧည့်စာရင်း နှစ်ခါ လာစစ်တယ် " လို့ သူကြုံတွေ့ရပုံကို ပြောပါတယ်။
လုပ်ငန်းခွင် ဒါမှမဟုတ် အလုပ်ခန့်ထားမှုမှာ တနည်းနည်းနဲ့ ခွဲခြားဆက်ဆံခံရတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်သမား၀န်ကြီးဌာန တိုင်ကြားရေး ယန္တရားကို တိုင်ကြားဖို့နဲ့ အခြေခံလူ့အခွင့်အရေးနဲ့အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို မှတ်တမ်းတွေရယူပြီး ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမား၀န်ကြီးဌာန အနေနနဲ့ အလုပ်ရှင်အလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို တတ်နိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ကူညီဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။ အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေ၊ပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု မပြုလုပ်ဖို့နဲ့ အတတ်နိုင်ဆုံး ကူညီဖေးမခြင်းနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ တစ်ဘက်တစ်လမ်းက ပူးပေါင်းပါ၀င်ကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။