ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရေစကြို၊ ရေလယ်ကျွန်း၊ လှေခုတ်ကျေးရွာမှာ ဒေသခံနေအိမ်တွေမီးရှို့ခံရ လှေခုတ်ရွာအပြင် အနီးအနားရွာတွေထွက်ပြေးတိမ်းရှောင်ရပြန်

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဘက်က လှေခုတ်ကျေးရွာထဲကို မနေ့ ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းကစပြီး စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့လို့ ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ မနေ့ ညနေပိုင်းက မြေတော်ကျေးရွာက ထွက်လာအပြီး လှေခုတ်ကျေးရွာ အတွင်းကို ဝင်ရောက်ဖို့လုပ်ရာမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

    ဒီတိုက်ပွဲပြီးတဲ့နောက်စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်း အထိလှေခုတ်ရွာအတွင်းတပ်စွဲထားပြီး ရွာအတွင်း နေအိမ်နဲ့ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

    "မနေ့ညကသူတို့က လှေခုတ်မှာစခန်းချတယ်။ အခုမနက်ပိုင်း ၉ နာရီလောက်မှာ နေအိမ်တွေ၊ ဆိုင်ကယ်တွေနဲ့ ကုန်းပေါ်တင်ထားတဲ့ စက်လှေတွေကို မီးရှို့တာ၊ သူတို့ မြေတော်ရွာကထွက်လာကတည်းက ရေရှားရွာတို့ လင်းရွာတို့လှေခုတ်တို့အကုန် ထွက်ပြေးတာ၊ လူမရှိသလောက်ပဲ " လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ လှေခုတ်ရွာအတွင်းတပ်စွဲထားဆဲဖြစ်ပြီး လက်နက်ကြီးတွေပစ်ဖောက်သံတွေကြားနေရကာ အနီးအနားက ကျေးရွာတွေကို ဦးတည်ဝင်ရောက်နိုင်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

  2. ရေဦး၊ ချမ်းသာကျေးရွာမှာ စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးအပါအဝင် ရွာသား ၃ ဦး အလောင်းတွေ့၊, ရွာသား ၂ ဦးပျောက်ဆုံးနေဆဲ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ထဲက ချမ်းသာကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး နောက်ပိုင်း မနေ့ ဇန်နဝါရီ ၁၁ ရက်နဲ့ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ သတ်ဖြတ်ခံထားရတဲ့ ရွာသား ၃ ဦးရဲ့အလောင်းတွေကို ဆက်တိုက် တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဇန်နဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီတပ်တွေ ချမ်းသာရွာအတွင်းဝင်ရောက်လာချိန် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်စဥ် မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးနဲ့ တခြား ရွာသားတစ်ဦးအလောင်းကို ပစ်ခတ်သတ်ဖြတ်ခံရတဲ့အနေအထားနဲ့ မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က ပြန်တွေ့ခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။

    ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ဆိုင်ကယ်နဲ့ အတူ မီးရှို့ခံထားရတဲ့ ရုပ်ပျက် ဆင်းပျက်အလောင်းတစ်လောင်းကိုလည်း ထပ်မံတွေ့ရှိရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ စစ် ကောင်စီတပ်တွေက တော့ ချမ်းသာရွာအတွင်းမှာ တပ်စွဲထားတာမရှိတော့တာကြောင့် ထွက် ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံရွာသားတွေထဲကတချို့ ရွာအတွင်း ပြန်လည်၀င်ရောက်စဥ် အခုလို ရုပ်အလောင်းတွေ တွေ့ရှိရတာဖြစ်ပါတယ်။

    “ ရွာထဲကို တောကြားလမ်းတွေကဝင်လာတာ။ ရှောင်ချိန်ရတဲ့လူတွေကတော့ရှောင်လိုက်တယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့လူနဲ့ မူးနေတဲ့လူတစ်ယောက်ကတော့ အရင်တခါတွေလို ရွာထဲဝင်တုန်းကလိုပဲ ဘာမှမလုပ်လောက်ဘူး ထင်ပြီးနေခဲ့တာ။ အလောင်းတွေကတော့ ဖမ်းပြီးမှ သတ်တဲ့ပုံပဲ။ သစ်ပင်မှာ ကြိုးချည်ထားတာတွေ့ရတယ်။ ကြိုးမှာလည်းသွေးတွေစွန်းနေတယ်။ ဒီနေ့မနက် နောက်တွေ့တဲ့အလောင်းကတော့ ဆိုင်ကယ်နဲ့အတူမီးရှို့ထားတာ။ ဘယ်သူလဲ တောင်ခန့်မှန်းလို့မရဘူး။ ဆိုင်ကယ်ပေါ်တင်ပြီး မီးရှို့ထားတာ။ ရွာသား ၃ ဦးကလည်းပျောက်နေတော့ အဲဒီရွာသားတွေထဲကတယောက်လို့ပဲခန့်မှန်းထားတယ်။ ရွာသားတွေကတော့ စိတ်မနှံ့တဲ့လူ၊ ဘာမှနားမလည်တဲ့လူကိုတောင်သတ်သွားတော့ တော်တော်လေးကြောက်နေကြတယ်” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုဒေသခံရွာသားတွေသေဆုံးမှုကြောင့် ချမ်းသာရွာမှာနေထိုင်တဲ့ဒေသခံတွေအားလုံး ကျေးရွာအတွင်းပြန်လည်မနေထိုင်ရဲသေးဘဲ တိရစ္ဆာန်အစားအစာကျွေးဖို့လိုအပ်တဲ့ အချိန်လောက်ပဲ ရွာအတွင်းပြန်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒါ့အပြင် ချမ်းသာရွာအတွင်းကိုစစ်ကောင်စီတပ်တွေဝင်ရောက်ပြီးနောက်ပိုင်းမှာလည်း အနီးအနားကျေးရွာတွေကိုပါစစ်ကောင်စီတပ်တွေဝင်ရောက်တာရှိပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ ရိုက်နှက်စစ်ဆေးတာတွေလည်းဆက်လုပ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

  3. လွိုင်ကော်က ပြေးလာသူတွေ ရှမ်းတောင်ပိုင်း အနှံ့ သောင်းနဲ့ချီ ဝင်လာ, လေကြောင်း တိုက်နေတာ အပါအဝင် ကရင်နီဒေသကို ထိုးစစ်ဆင်နေတာတွေ ရပ်ဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို

    လေကြောင်းတိုက်ခိုက် ခံနေခဲ့ရတဲ့ ကယားမြို့တော် လွိုင်ကော်ကနေ အခုရက်ပိုင်းတွေ အတွင်း လူတွေ အစုလိုက် အပြုံလိုက် နေ့စဥ်ရက်ဆက် ထွက်ပြေး ခဲ့ကြရတာမှာ ရှမ်းတောင်ပိုင်း ဒေသတွေထဲ လူတွေ သောင်းဂဏန်းတချို့ ရောက်ရှိလာခဲ့တယ်လို့ ဒေသတွင်း ကူညီရေး ကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ထုတ်ပြန်ကြပါတယ်။

    ဆီဆိုင်၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်းနဲ့ တောင်ကြီးထိအောင် ရှမ်းတောင်ပိုင်း မြို့ရွာတွေထိ စစ်ရှောင်ပြည်သူတွေ ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

    လွိုင်ကော်မှာ ဆိုရင် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်၊ ဗုဒ္ဓဟူး နေ့ထိအောင် ပစ်ခတ်သံတွေ ကြားနေခဲ့ရပြီး၊ ရဟတ်ယာဥ်သုံး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိ နေခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ဒီအချိန်မှာပဲ စစ်ကောင်စီဘက်က လွိုင်ကော်ကို အဝင်အထွက် လမ်းတွေမှာ ယာဥ် သွားလာမှုတွေ ကန့်သတ် တင်းကြပ်လာတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ အဲဒီလို ကရင်နီဒေသမှာ လေကြောင်းတိုက်ခိုက် နေတာတွေ၊ မြေပြင်ထိုးစစ်တွေကို ချက်ခြင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က တောင်းဆို နေပါတယ်။

    ဒါ့အပြင် ဘေးလွတ်ရာ ထွက်ပြေးကြရသူတွေကို လွတ်လွတ်လပ်လပ် ထွက်ခွာခွင့် ပြုဖို့နဲ့၊ အကူအညီပေး ကယ်ဆယ်ရေး အဖွဲ့တွေ သွားလာခွင့်ပြုဖို့လည်း တွမ်အင်ဒရူးစ်က ပြောနေပါတယ်။

    ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း ကရင်နီဒေသ လေကြောင်း တိုက်ခိုက်ခံရမှု၊ ထိုးစစ်ဆင်ခံနေရမှုတွေ အပါအဝင် စာနာမှုဆိုင်ရာ အခက်အခဲတွေကို ဖြေလျှော့နိုင်ရေး စစ်ကောင်စီ အပေါ် ဝိုင်းဝန်း ပြောဆိုကြဖို့လည်း မစ္စတာ အင်ဒရူးစ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြား နေပါတယ်။

  4. အရာတော်မှာ ပျူစောထီး လို့ စွပ်စွဲခံရသူ ရွာသားတွေရဲ့အလောင်းကို လာကောက်တဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ထဲက ဇရစ်ကျေးရွာနဲ့ မြေနက်ကျေးရွာကြားမှာ ပျူစောထီးလို့ စွပ်စွဲခံရတဲ့ ငွေတွင်းရွာသူရွာသားတွေရဲ့အလောင်းကို လာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၁၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး အရာတော် တော်လှန်ရေးအင်အားစု(ARA)က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။

    ငွေတွင်းရွာက ပျူစောထီး ထောက်ပို့ယာဉ် တစ်စင်းကို ဇန်နဝါရီလ ၁၀ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးတယ်လို့ အရာတော်၊ မြင်းမူ၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက် စတဲ့ ၅ မြို့နယ် ကဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့က အစောပိုင်းမှာ ကြေညာထားပါတယ်။

    ငွေတွင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ငွေတွင်းရွာရော၊ အနီးနား ဝန်းကျင်ကျေးရွာတွေမှာပါ လူထုစိုက်ပျိုးတဲ့ ကောက်ပဲသီးနှံတွေရဲ့ တဝက်ကို အခွန်အခအဖြစ် သိမ်းယူနေတယ်လို့လည်း ဒေသခံတွေကြားပြောကြားမှုတွေရှိနေပါတယ်။

    ''ငွေတွင်းရွာမှာက အနီနဲ့အစိမ်းဆိုတာမျိုး ကွဲပြားတော့ အခုကာလမှာ အနီတွေက တိမ်းရှောင်နေရတော့ အစိမ်းတွေက ခေါင်းထောင်တဲ့သဘောပေါ့။ သေသွားသူတွေက ပျူစောထီးလားဆိုတာမျိုးတော့ ပြောရခက်ပါတယ်။ ငွေတွင်းဘက်က သူတို့ သတင်းကို အပြင်ကိုသိပ်အသိမခံဘူး။ သိုသိပ်ကြတယ်။ အခုတော့ အစိမ်းတွေက စပါးတို့၊ ကွမ်းတို့ကို တဝက်ကြေးနဲ့ ဝယ်တာမျိုးရှိတယ်။ သူတို့ကို တဝက်မပေးရင် ရောင်းလို့ ပြုလို့ မရဘူးဆိုတဲ့အထိ ကြားတယ်''လို့ ငွေတွင်းရွာအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ငွေတွင်းရွာသားတွေဟာ မန္တလေးကို ကွမ်းသွားရောင်းပြီး ပြန်လာချိန် တိုက်ခိုက်ခံရတာဖြစ်ပြီး ငွေသား ကျပ်သိန်း ၁၀၀ နီးပါးလည်း သိမ်းယူခံလိုက်ရတယ်လို့ သတင်းထုတ်ပြန်ထားပြီး ဒီရုပ်အလောင်းတွေကိုလာကောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ဒေသကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားတာမရှိပါဘူး။

    ဒါ့ပြင် မိုင်းဆွဲတိုက်ခိုက်ခံရချိန် ဒဏ်ရာရခဲ့တဲ့ယာဉ်မောင်းအမျိုးသားတစ်ဦးကတော့ အရာတော်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့လည်း ဆိုပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငွေတွင်းရွာကို ပိတ်ထားပြီး လူအဝင် အထွက်လည်း ခွင့်မပြုတော့ဘူးလို့ ရွာနီးနားမှာနေထိုင်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

  5. လွိုင်ကော်မှာ ဒီကနေ့ တိုက်ပွဲတွေဆက်ဖြစ်

    လွိုင်ကော်မြို့က ဒေါဥခူရပ်ကွက်ဘက်မှာ ဒီက‌နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း သေနတ်သံတွေကြားနေရပြီးတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာ အနီးတစ်ဝိုက်မှာလည်း ရဟတ်ယာဥ်တွေဝဲနေပြီး ညနေပိုင်းမှာ ရဟတ်ယာဥ်နဲ့ ပစ်ခတ်မှုတွေရှိတယ်လို့ သူကပြောပါတယ်။

    ရဟတ်ယာဥ်နဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

    လွိုင်ကော်မြို့က ဒေါဥခူရပ်ကွက်ဘက်မှာ မနေ့ကတည်းက တိုက်ပွဲတွေဖြစ်နေပြီးနောက် လေကြောင်းကနေ တိုက်လေယာဥ်တွေနဲ့ လာရောက်ပြီး ဗုံးကြဲတာ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

    လွိုင်ကော်အဝင်ကို အောင်ပန်းလမ်းခွဲကနေစပြီး ကုန်ကားတွေအဝင်ပိတ်ထားပြီးတော့ လွိုင်ကော်အထိ ကုန်ကားတွေကို အဝင်မခံတော့ကြောင်းနဲ့ ကုန်တင်ပြီးထွက်နေတဲ့ ခရီးသည်တင်လိုင်းကားတွေကိုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဝင်ထွက်ဖို့ စစ်ကောင်စီဘက်က အသိပေးထားကြောင်းလည်း လွိုင်‌ကော်မြို့ခံတွေက ပြောပါတယ်။

    လွိုင်ကော်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ KNDF, PDF ပူးပေါင်းမဟာမိတ်တပ်တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ၂၀ ဦး သေဆုံးပြီး သူတို့ရဲ့ လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်းရမိပြီးတော့ တပ်သား ၃ ဦးကို ဖမ်းမိခဲ့တယ်လို့ KNDF ဘက်ကထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ လွိုင်‌ကော်မြို့က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  6. ဦးညီပုအပါအဝင် ရခိုင်ဝန်ကြီးဟောင်း ငါးဦးရဲ့ အဂတိမှု လာမယ့် ၁၉ ရက်နေ့မှာ အမိန့်ချဖွယ်ရှိ

    ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦးတို့ကို စစ်ကောင်စီကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားပါတယ်။

    အဲဒီအမှုနဲ့ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် ၁၉ ရက်နေ့ရုံးချိန်းမှာ အပြီးသတ်အမိန့်ချတော့မှာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ သဇင် ဥပဒေအဖွဲ့က ပြောပါတယ်။

    ဝန်ကြီးဟောင်းငါးဦးတို့ကို အဂတိမှု သုံးမှုနဲ့စွဲဆိုထားတာဖြစ်ပြီး အဲ့ဒီအမှုတွေက အစိုးရအဖြစ်တာဝန်ယူခဲ့တဲ့အချိန်တွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ တခြားကိစ္စရပ်တွေမှာ လုပ်ပိုင်ခွင့်တာဝန်တွေကို ကျော်လွန်ပြီးဆောင်ရွက်ခဲ့တယ်ဆိုပြီး စွဲဆိုထားတာလည်းဖြစ်ပါတယ်။

    တရားစွဲခံထားရတဲ့ ၀န်ကြီးတွေကတော့ ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ဖြစ်ပါတယ်။

    ဝန်ကြီးဟောင်းငါးဦးတို့ကို စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး အကျဉ်းထောင်တွင်း အထူးတရားရုံးမှာ စစ်ဆေးမှုပြုလုပ်ကာ ဒီဇင်ဘာ ၁ ရက်နေ့က စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

    အဲဒီဝန်ကြီးဟောင်း ငါးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးကောင်းဇော်သန့်က အမှုလေးမှုနဲ့ ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ စွဲဆိုခဲ့တာဖြစ်ပါတယ်။ ဦးညီပုနဲ့ ဦးမင်းအောင်တို့နှစ်ဦးကတော့ အာဏာသိမ်းမှုဆန့်ကျင်တဲ့အတွက်ဆိုပြီး ပုဒ်မ ၅၀၅ (က) အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံထားရပြီးဖြစ်ကာ ရွေးကောက်ပွဲမသမာမှုကြောင့်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)၊ ၁၀၉ တို့နဲ့ ထပ်မံစွဲဆိုခြင်းခံထားရပါတယ်။

  7. မြန်မာ့အရေးအကြံပေးအဖြစ် ဂျပန်သံဟောင်းတစ်ဦးကို ကမ်းလှမ်းထားတယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ပြော

    အာဆီယံအဖွဲ့ကြီးရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံအတွက် မြန်မာ့အရေးဖြေရှင်းမှုမှာ အကြံပေးအဖြစ် ဂျပန်သံတမန်ဟောင်းတစ်ဦးကို ကမ်းလှမ်းထားတယ်ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ ထုတ်ပြောလာပါတယ်။

    မြန်မာ့အကျပ်အတည်းကိုကူညီဖို့ အပစ်ရပ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စ ၂ ရပ်ကို အရင်လုပ်ရမယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့နေပြည်တော်ခရီးစဉ်အပြီး ထုတ်ပြောလာချိန်မှာ အကြံပေးနေရာအတွက်ကမ်းလှမ်းထားတဲ့အခြေအနေကိုပါ ပြောလာတာဖြစ်ပါတယ်။

    လူသားချင်းစာနာမှုအကူအညီပေးတဲ့နေရာမှာ ပြည်ပအလှူရှင်နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံကိုလည်း ပါဝင်ဖို့ သူက တောင်းဆိုပါတယ်။

    အကြံပေးနေရာတာဝန်ယူဖို့ ဘယ်သူ့ကို ကမ်းလှမ်းထားတယ်ဆိုတာ ဝန်ကြီးချုပ်က မပြောပေမဲ့ အများစုကတော့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဆာဆာကာဝါလို့ ယူဆနေကြပါတယ်။

    ဒေါက်တာဆာဆာကာဝါဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်အစိုးရရဲ့ကိုယ်စားလှယ်ဖြစ်ပြီး မကြာသေးခင်တုန်းက သူ့ရဲ့မြန်မာပြည်တွင်းခရီးစဉ်မှာ စစ်ကောင်စီဥက္ကဋ္ဌအပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့လည်းတွေ့ဆုံခဲ့သူဖြစ်ပါတယ်။

  8. ဘုတလင်က ကူတော်ရဲကင်းစခန်း တိုက်ခိုက်ခံရ, စခန်းအနီးနားရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကူတော်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ ကူတော်ရွာခံတချို့ဆီကနေ သိရပါတယ်။

    ''မနေ့ည ၁၂ နာရီ၊ ၁၅ မိနစ်လောက်ကနေ ဝင်တိုက်တာ။ ည ၂ နာရီလောက်အထိ ပစ်သံခတ်သံတွေကြားရတယ်။ ရဲကင်းစခန်းက ကူတော်နဲ့ ရွာမွန်ရွာကြားမှာဆိုတော့ နှစ်ရွာစလုံးကလူတွေကတော့ မနက် ၅ နာရီလောက်ကတည်းက နီးစပ်ရာ တောထဲ တောင်ထဲ ထွက်ပြေးကြပြီ'' လို့ ကူတော်ရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အင်အား ၃၀ နီးပါးရှိတဲ့ ကူတော်ရဲစခန်းကို ဒီပဲယင်းနဲ့ ဘုတလင်မြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြနေပါတယ်။

    စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

  9. စစ်ကောင်စီက ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေမှာ လေကြောင်းတိုက်ခိုက်

    ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ တပ်မဟာ ၅ နယ်မြေ(ဖာပွန်ခရိုင်)ထဲမှာ စစ်ကောင်စီတပ်က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက် မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီး ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လာတိုမိုးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် နေအိမ် တစ်လုံးပျက်စီးတယ်လို့ ကေအဲန်ယူ-မူတြော်သတင်းမှာဖော်ပြပါတယ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲတွေဖြစ်အပြီးမှာ အခုလေကြောင်းတိုက်ခိုက်မှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂ ရက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျဆုံးတယ်လို့ မူတြော်သတင်းမှာဖော်ပြပေမဲ့ စစ်ကောင်စီဘက်ကတော့ အဲဒီကတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  10. လေးကေကော်မှာ နေအိမ်တချို့ဖောက်ထွင်းခံထားရပြီး မြို့ပျက်ကြီးလို ဖြစ်နေတယ်လို့ ဒေသခံတွေပြော

    KNU ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၆ နယ်မြေ ၊ လေးကေကော် ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA၊ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှုဟာ လာမယ့် ဇန်နဝါရီ ၁၅ ရက်မှာ တစ်လပြည့်တော့မှာဖြစ်ပါတယ်။

    တိုက်ပွဲဖြစ်ဧရိယာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တဲ့ လက်နက်ကြီး တွေထိမှန်လို့ နေအိမ်တချို့ ပျက်စီးထားပြီး တချို့နေအိမ်တွေ ဝင်ရောက်ဖောက်ထွင်း ခိုးယူ ခံနေရတယ်လို့ စစ်ဘေးရှောင်နေသူတွေက ပြောပါတယ်။

    “အခု ကျွန်မတို့ ရပ်ကွက်တွေကို ပြန်လာနေလို့ ရပြီ ဆိုပြီး BGF (နယ်ခြားစောင့်တပ်တာ၀န်ရှိသူ) ဗိုလ်မုတ်သုန်က ပြောတယ်။ လေးကေကော်ကို ပြန်တော့ ကျွန်မတို့ ရပ်ကွက်တွေထဲလည်း အိမ်တွေ ဖောက်ယူထားတယ်။ ဈေးဆိုင်တွေ ကုန်စုံဆိုင်တွေ စတိုးဆိုင်တွေ အကုန်ယူတယ် ၊ ဆိုင်သုံးပစ္စည်းတွေ အကုန်ဖျက်ဆီးထားခဲ့တယ်။ မြို့ပျက်သဘော ဖြစ်သွားပြီ ၊ ပစ်ခတ်တာတွေကလည်း တစ်ဘက်နဲ့ တစ်ဘက်က တိုက်ပွဲ ရှိနေတုန်းပဲ။ ပစ္စည်းယူပြီး အိမ်တွေမှာ မိုင်းထောင်ထားတယ်လို့လည်း သိရတယ်။ မပြန်ရဲဘူး။ လေးကေကော်သူကြီးအိမ်တွေ ပါ ဖောက်ယူခံထားရတယ်။ ကားတွေ ၊ ဆိုင်ကယ်တွေ လည်း အကုန်သယ်သွားတယ်။ အခုက လေးကေကော် အပြင် ထီးမယ်ဝါးခီး ၊ ဘဲဟိ့ကလော် ၊ မယ်ထော်သလေး ရွာ ဘက်တွေလည်း အိမ်တွေ ဆိုင်တွေ အကုန် စိတ်ကြိုက် ဖောက်ယူပြီး သယ်ယူနေကြတာကို နေအိမ်ပြန်နေသူတွေ တစ်ဆင့် လှမ်းပြောနေတာကနေ ကျွန်မတို့ သိနေရတယ်” လို့ လေးကေကော် ရပ်ကွက် ၃ မှာ နေထိုင်သူ စစ်ဘေးရှောင်ဒေသခံက ပြောကြားပါတယ်။

    လေးကေကော် ဒေသတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေတာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်ဆိုရင် ၂၈ ရက် အထိ ရှိလာနေပြီး စစ်ကောင်စီတပ်တွေက နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှု တွေ၊ မြေပြင် စစ်ကြောင်းထိုး ဝင်ရောက်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ၂၈ ရက်တာ ကာလ တိုက်ပွဲ ကြောင့် ကျေးရွာ ၆ ရွာ အပါအဝင် လေးကေကော် ဒေသ ရပ်ကွက် ၆ ခုက စစ်ဘေးရှောင်နေရသူ ဒေသခံ ၁၅၀၀၀ ကျော်အနက် ကရင်နယ်ခြားစောင့်တပ် BGF တပ်ရဲ့ အစီအစဉ်နဲ့ လူ ၃၀၀ ခန့် နေရပ်ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ နေအိမ်တွေက လက်နက်ကြီးထိမှန်လို့ပျက်စီးနေတာ၊ နေအိမ်ခြံဝင်းတွေအနီး မိုင်းထောင်ထားမလား ဆိုပြီးစိုးရိမ်ပူပန်ရတာ၊ နှစ်ဖက် တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် မတည်ငြိမ်မှုတွေကြား ခြိမ်းခြောက်ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် နီးစပ်ရာစစ်ဘေးရှောင်စခန်းတွေနဲ့ထိုင်းနိုင်ငံဘက်ခြမ်းကို ပြန်လည်ထွက်ခွာလာသူတွေ ဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီနေ့ ဇန်နဝါရီ ၁၂ရက်မနက် ၄နာရီ ခန့် အချိန် ကတည်းက စစ်ကောင်စီတပ်တွေဘက်မှ ကရင် အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA/KNDO နှင့် ဒေသခံ PDF ပူးပေါင်း တပ်တွေ ရှိတဲ့နေရာတွေဆီ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိ လေးကေကော်မြို့သစ်ထဲမှာတော့ အုပ်ချုပ်ရေးမှူးရုံးနဲ့ စာသင်ကျောင်း၊ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၆ တို့အနီး စာကြည့်တိုက်ကုန်းနဲ့ အဲဒီနောက်ဘက် တောင်ကြောအခြေ ရေစက်ကုန်းတို့မှာ စစ်ကောင်စီတပ်တွေ နေရာယူထားပြီး ကျန်တဲ့ရပ်ကွက်တွေဘက်မှာတော့ KNLA နဲ့ ဒေသကာကွယ်ရေးတပ်တွေ ရှိတဲ့အနေအထားဖြစ်တယ်လို့လည်း သိရပါတယ်။

  11. တစ်ပတ်အတွင်း ကလေးငယ် ၄ ဦးထက်မနည်းသေဆုံးမှုကို ယူနီဆက်ဖ် ရှုတ်ချပြောဆို

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း မြန်မာပြည်တွင်းပဋိပက္ခမြင့်တက်ချိန် ကလေးငယ် ၄ ဦးထက်မနည်းသေဆုံးရမှုနဲ့ နောက်ထပ်ကလေးငယ်တချို့ သေရာပါမယ့်ဒဏ်ရာရရှိစေခဲ့တာအတွက် ရှုတ်ချတယ်ဆိုပြီး ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့(ယူနီဆက်ဖ်)က ပြောလာပါတယ်။

    ဇန်နဝါရီလ ၈ ရက်နေ့တုန်းက ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲမှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးရဲ့အလောင်းတွေ့ခဲ့တာ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်အရွယ် ယောက်ျားလေး ၂ ဦး ဒဏ်ရာရခဲ့တာ၊ အဲဒီတစ်နေ့တည်းမှာပဲ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ထဲမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့တာ၊ နောက် ဇန်နဝါရီလ ၇ ရက်မှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ထဲ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်အရွယ် လူငယ် ၂ ဦး အသေပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ဇန်နဝါရီလ ၅ ရက်တုန်းက ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့မှာ လက်နက်ကြီးကျည်မှန်တာကြောင့် အသက် ၁ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး ဒဏ်ရာရခဲ့တာတွေကို ယူနီဆက်ဖ်က ထောက်ပြပြောဆိုပါတယ်။

    '' မြန်မာပြည်တွင်းမှာ ပဋိပက္ခမြင့်တက်နေတဲ့အခြေအနေကို ယူနီဆက်ဖ်က အတော်လေးစိုးရိမ်သလို အရပ်သားဒေသတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်လည်း အဲဒီလုပ်ရပ်ကို ရှုတ်ချပါတယ်။ အထူးသဖြင့် နိုင်ငံတဝန်းတိုက်ခိုက်မှုအရှိန်မြင့်နေချိန်မှာဖြစ်ပွားတဲ့ ကလေးငယ်တွေအပေါ် တိုက်ခိုက်မှုကို သည်းမခံနိုင်ဖြစ်ရပါတယ်'' လို့ ယူနီဆက်ဖ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူးကပြောပါတယ်။

    ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေဟာ ကလေးငယ်တွေကို တိုက်ပွဲတွေနဲ့ဝေးရာမှာ ထားဖို့နဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ အရေးကြီးသလို ပစ်မှတ်ထားတာမျိုးလည်း မလုပ်ဖို့ အရေးဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရရော၊ မြန်မာနိုင်ငံလက်မှတ်ထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာပဋိညာဉ်အရပါ လိုအပ်တယ်လို့ သူက ပြောပါတယ်။

    အခုလို ဖြစ်ရပ်တွေကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှု အမြန်ပြုလုပ်ပြီး တာဝန်ရှိတဲ့သူတွေကို တာဝန်ခံလာစေရေး လုပ်ဖို့ကိုလည်း တောင်းဆိုတယ်လို့ ယူနီဆက်ဖ်က ပြောထားပါတယ်။

  12. လွိုင်ကော်ကနေ ဒီးမော့ဆိုကို ရက်ပိုင်းအတွင်း စစ်ဘေးရှောင်သူ သောင်းချီရှိလာ, လူဦးရေ ထက်ဝက်ခန့်တိုးလာတာကြောင့် စစ်ရှောင်တွေလိုအပ်ချက် ပိုများလာ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် လွိုင်ကော်ဒေသခံတွေအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကိုစ စ်ဘေးတိမ်းရှောင်သူတွေရှိသလို ဒီးမော့ဆိုမြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေဆီကိုလည်း စစ်ဘေးတိမ်းရှောင်ခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေဆီကို လွိုင်ကော်ဒေသခံတွေ ရက်ပိုင်းအတွင်းမှာပဲ ဆက်တိုက်ပြောင်းရွှေ့လာတာကြောင့် စစ်ဘေးရှောင် ၄ သောင်းဝန်းကျင်လောက် ထပ်တိုးလာ တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ကယားပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် ဒီးမော့ဆို မြို့နယ်အတွင်းမှာ မူလတည်းက စစ်ဘေးတိမ်းရှောင်သူ လေးသောင်း ကျော်ရှိနေတာပါ။ ခုတော့ ရက်ပိုင်းအတွင်းမှာ လွိုင်ကော်မြို့ဘက်ကနေ စစ်ဘေးရှောင်လာသူ နောက်ထပ် လေးသောင်းခန့် ရှိလာတာကြောင့် စစ်ရှောင်ထက်ဝက်ခန့်တိုးလာပြီး စစ်ဘေးရှောင် ၈၀၀၀၀ ကျော်ရှိနေပြီလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ကောက်ယူထားတဲ့စာရင်းတွေကို ထုတ်ပြန်လာပါတယ်။

    အခုလိုစစ်ရှောင်ပြည်သူထက်ဝက်ခန့်တိုးလာကြောင့် ဒီးမော့ဆို စစ်ဘေးရှောင်စခန်းတွေဆီမှာ နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်တွေလည်းပိုများလာတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။ လက်ရှိကယားပြည်နယ်အတွင်းမှာတော့ လျှပ်စစ်မီးပြတ်တောက်မှု၊ ဖုန်းလိုင်းပြတ် တောက်မှုတွေအပြင် ဒေသခံတွေစစ်ဘေးတိမ်းရှောင်ဖို့နဲ့ရိက္ခာသယ်ယူမှုတွေအတွက် မော်တော်ယာဉ်စက်သုံးဆီတွေ ပြတ်လပ် မှုတွေ လည်းရှိနေတယ်လို့ စစ်ဘေးရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကယားပြည်နယ်အတွင်းမှာတော့ ဒေသခံပြည်သူတွေရဲ့ တဝက်ကျော်လောက်ဟာ စစ်ဘေးတိမ်းရှောင်ရတဲ့အပြင် လွိုင်ကော်မြို့ဒေသခံတွေဟာ ရပ်ရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာ မြို့တွေဆီ စစ်ဘေးတိမ်းရှောင်ခဲ့ကြရတယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေကပြောပါတယ်။

  13. ပန်းပင်ကြီးလမ်းမှာ ကားနဲ့တိုက်ပြီးအဖမ်းခံရတဲ့ သတင်းထောက် မမှူးရတနာထွန်း ဒဏ်ရာတွေအလျဥ်းမပျောက်သေးခင် စစ်ကြောရေးရောက်, အတူဖမ်းဆီးခံရတဲ့ ကိုကောင်းဆက်လင်းကို အင်းစိန်ထောင်ပို့

    ပြီးခဲ့တဲ့ ဒီဇင်ဘာ၅ ရက်နေ့က ရန်ကုန်၊ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ စစ်ကောင်စီက အနောက်ကနေ ကားနဲ့တိုက်ပြီးဖမ်းဆီးတာခံလိုက်ရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို မနေ့ဇန်နဝါရီ ၁၁ ရက်နေ့က ရွှေပြည်သာ စစ်ဆေးရုံကနေ စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ သက်ဆိုင်ရာ သတင်းဌာနကပြောပါတယ်။

    မမှူးရတနာခက်မို့မို့ထွန်းဟာ မျက်နှာနဲ့ကိုယ်တခြမ်း ထိခိုက်ပြီး ပေါင်ရင်းကနေ ဖြေဖျားအထိ ခြေတဖက်ကြေမွဒဏ်ရာတွေရခဲ့ပြီး စစ်ဆေးရုံမှာ ကုသမှုခံယူခဲ့ရတာပါ။ လက်ရှိမှာချုပ်ရိုးတွေဖြေပြီးပေမယ့် ဒဏ်ရာတွေအလုံးစုံ ပြန်လည်ကောင်းမွန်သေးတာမဟုတ်ဘဲ ခေါင်းမူးတာ၊ အခင်းဖြစ်တဲ့နေ့က ဖြစ်စဉ်တွေကို ပြန်မမှတ်မိတဲ့အခြေအနေရှိနေတယ်လို့ MPA သတင်းဌာနရဲ့ အယ်ဒီတာက ပြောပါတယ်။

    အဲဒီချိန်က အတူဖမ်းဆီးခံရတဲ့ ကိုကောင်းဆက်လင်းကိုလည်း မနေ့က အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက် MPA သတင်းဌာနက သတင်းထောက် ၅ ဦးဖမ်းဆီးခံခဲ့ပြီး အဲဒီထဲက ၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် မမှူးရတနာခက်မို့မို့ထွန်း၊ ကိုကောင်းဆက်လင်းနဲ့ မသူဇာတို့ ၃ ဦးဟာဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက သတင်းဌာနက ၉ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပြီး သတင်းသမား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရသလို အဲ့ဒီထဲကအယောက် ၄၀ လောက်ဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ ဒါ့အပြင် အလွတ်တန်းဓါတ်ပုံသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုစိုးနိုင်ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က အသံတိတ်သပိတ်မှာ ဓာတ်ပုံထွက်ရိုက်ရင်းဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေက ပြောထားပါတယ်။

    ဖက်ဒရယ် ဂျာနယ်ရဲ့အယ်ဒီတာကိုအေစိုင်းကေဟာလည်း လေးကေ့ကော်တိုက်ပွဲမှာ သတင်းယူနေရင်း ဒီဇင်ဘာ ၂၅ ရက်နေ့က လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာလည်း ချင်းပြည်နယ်အခြေစိုက် ခေါနူသုမ် သတင်းဌာန တည်ထောင်သူထဲကတစ်ဦးဖြစ်တဲ့ Pu Tui Dim ဟာ မတူပီ-ဟားခါးလမ်းပေါ်မှာ ဒေသခံ ၁၀ ဦးနဲ့အတူ စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ခေါနူသုမ်သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    ဒါကြောင့် အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ သေဆုံးသူသတင်းသမား ၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။

  14. ပေါင်မှာ အထက်တန်းပြဆရာမနဲ့ကျောင်းသူကျောင်းသားတွေအပါအဝင် လူ ၁၀ ဦးမှာ ကိုဗစ်ပိုးတွေ့

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲက ကျားဘိုကျေးရွာမှာ အထက်တန်းပြဆရာမတစ်ဦးနဲ့ ကျောင်းသူကျောင်းသားတွေအပြင် အနီးကပ်နေထိုင်သူ မိသားစုဝင်တွေပါ ပါဝင်တဲ့ လူ ၁၀ ဦးမှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်တုန်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    ပိုးတွေ့တဲ့ အထက်တန်းပြဆရာမနဲ့ ကျောင်းသူကျောင်းသားတွေဟာ ကျားဘိုကျေးရွာ အထက်တန်းကျောင်းခွဲကဖြစ်ပြီး ဆရာမဖြစ်သူဟာ နေမကောင်းလို့ စစ်ဆေးကြည့်ရာကနေ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် အတူနေ မိသားစုဝင်တွေကို ပိုးစစ်ခဲ့ရာမှာလည်း ခင်ပွန်းဖြစ်သူနဲ့ အသက် ၁ နှစ်အရွယ်သားဖြစ်သူ အပါအဝင် အတူနေ မိသားစုဝင် ၅ ဦးမှာလည်း ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် ပိုးတွေ့သူ ဆရာမ စာသင်ကြားတဲ့ ကျားဘို အထက်တန်းကျောင်းခွဲက အေထက်တန်း ကျာင်းသူကျောင်းသား ၄၀ ကျော်နဲ့ ဆရာမဆရာမ ၂၀ နီးပါးကို ကျန်းမာရေးဌာနက ပိုးစစ်ဆေးခဲ့ရာမှာ ကျောင်းသူ ကျောင်းသား ၃ ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

    အခုတော့ ပိုးတွေ့သူတွေကို ပေါင်မြို့နယ်ဆေးရုံက ကိုဗစ်ရောဂါသီးခြားစောင့်ကြည့်အဆာင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီလို့ သိရပါတယ်။

  15. ပဟေဠိဆန်တဲ့ စစ်တပ်ထိပ်ပိုင်း အပြောင်းအရွှေ့များ

  16. အိန္ဒိယနိုင်ငံကနေ ပြန်လာသူ ၃ ဦးမှာ အိုမီခရွန်ပိုး စစ်ဆေးတွေ့

    အိန္ဒိယနိုင်ငံကနေ Relief Flight လေယာဥ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လာကြသူ ၃ ဦးမှာ ဗီဇပြောင်း အိုမီခရွန် ကိုဗစ်ပိုး စစ်ဆေးတွေ့ခဲ့တယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံကို ပြန်လာကြသူတွေအနက် ကိုဗစ်ပိုး တွေ့သူတွေရဲ့ ဓာတ်ခွဲနမူနာတွေထဲက ဗီဇပြောင်း ရောဂါပိုးတွေ့နိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၄ ခုကို ဇန်နဝါရီလ ၉ ရက်နေ့မှာ စစ်ဆေးကြည့်ခဲ့ရာမှာ ဓာတ်ခွဲနမူနာ ၃ ခုမှာ အိုမီခရွန်ပိုး တွေ့ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ ဗီဇပြောင်း အိုမီခရွန်ပိုး ကူးစက်ခံထားရသူ ၄ ဦးကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာပါ။

    လက်ရှိမှာ ပြည်ပကနေ လေကြောင်းကတစ်ဆင့် ဝင်လာသူတွေဆီက ကိုဗစ်ရောဂါ မကူးစက်အောင် တားဆီးဖို့အတွက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူတွေကို ကွာရန်တင်း ကာလ ၇ ရက်၊ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးရသေးသူတွေကို ကွာရန်တင်း ကာလ ၁၀ ရက် သတ်မှတ်ထားပြီး ကိုဗစ်ရှိမရှိ စစ်ဆေး စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

  17. ပိတ်ပင်ထားတဲ့ကြားက မြန်မာသစ်တွေကို အမေရိကန်ကုမ္ပဏီတွေက ဆက်တင်သွင်းနေကြဆဲ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရက အမေရိကန်နိုင်ငံထဲ မြန်မာသစ်တင်သွင်းမှု ပိတ်ပင်လိုက်တဲ့ကြားက အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက ကျွန်းသစ်တွေကို ဆက်တင်သွင်းနေကြဆဲပဲ ဆိုတာ ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ Justice for Myanmar လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက သစ်တွေကို မတင်သွင်းဖို့ ဒဏ်ခတ်ပိတ်ဆို့မှု တစ်ရပ်ကို အမေရိကန်အစိုးရက ဧပြီလက ချမှတ်ထားခဲ့ပေမဲ့ အမေရိကန်ကုမ္ပဏီတွေက အခုမကြာသေးခင် ဒီဇင်ဘာလကတောင် မြန်မာနိုင်ငံက ကျွန်းသစ်တွေ တင်သွင်းနေတယ် ဆိုတာကို Justice for Myanmar အဖွဲ့က စုံစမ်းသိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်ဖို့ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာကျွန်းသစ်တွေကို ကြားခံကုမ္ပဏီတွေကနေတဆင့် မှာယူတင်သွင်းနေကြပုံ ရတယ်လို့ Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

    ကမ္ဘာတဝန်း ကုန်သွယ်ရေးအချက်အလက် လေ့လာစုဆောင်းတဲ့ Panjiva အဖွဲ့ရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနဲ့ နိုဝင်ဘာလအကြား မြန်မာနိုင်ငံက သစ်တန်ချိန် ၁၆၀၀ နီးပါး အမေရိကန် ကုမ္ပဏီတွေထံရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီသစ်တွေကို သင်္ဘောနဲ့ တင်ပို့မှု ၈၂ ခုနဲ့ တင်သွင်းခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ကျွန်းသစ်ဘုတ်ပြားတွေနဲ့ သင်္ဘောကိုယ်ထည်၊ အိမ်ပြင်ဘက် ကြမ်းခင်း၊ ပရိဘောဂတွေ လုပ်ရမှာ သုံးတဲ့ သစ်သားပြားတွေ အများဆုံးပါတယ် လို့ ဆိုပါတယ်။

    အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေအတွက် ငွေကြေး အထောက်အပံ့ ရနေစေတဲ့ ဒီသစ်ကုန်သွယ်မှုကို ခြေရာခံ တားဆီးဖို့ အမေရိကန်အစိုးရနဲ့ တခြား ကမ္ဘာ့နိုင်ငံ အစိုးရတွေကို Justice for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

    တရုတ်နိုင်ငံလို တတိယ ကြားခံနိုင်ငံမျိုးတွေကနေတဆင့် အမေရိကန်နိုင်ငံထဲ ကျွန်းသစ်တွေ ပိုပြီး တင်သွင်းလာနေပုံ တွေ့ရတယ်လို့ Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာချက်ထဲမှာ မြန်မာအစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်က မြန်မာ့သစ်လုပ်ငန်းကုမ္ပဏီနဲ့ ကုန်သွယ်မှု ပိတ်ပင်လိုက်ကြောင်း ဖော်ပြထားပါတယ်။

    ဥရောပသမဂ္ဂအဖွဲ့ကလည်း အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဇွန်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

  18. လွိုင်ကော်မှာ စစ်ကောင်စီက လေယာဥ်သုံးပြီးတိုက်

    ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ယနေ့မှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လေယာဥ်တွေနဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် လူနေအိမ်အချို့မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    လွိုင်ကော်ထောင်ရှိတဲ့ ဒေါဥခူရပ်ကွက်နဲ့ မိုင်းလုံးရပ်ကွက်တွေမှာဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပြီးတော့ ညနေ ၅နာရီနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်လာခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

    စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ကလည်း တိုက်ပွဲသတင်းထုတ်ပြန်ရာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်မှုတွေထပ်ပြီးရှိလာနိုင်တဲ့အတွက်သတိထားကြဖို့ ထုတ်ပြန်ထားခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၇ရက်နဲ့ ၈ရက်ကလည်း လက်နက်ကြီတွေနဲ့ မြို့ပေါ်ကို ပစ်ခတ်တာတွေ၊လေကြောင်းက တိုက်ခိုက်တတွေရှိတာကြောင့် မြို့ခံ အချို့ထိခိုက်မူတွေရှိခဲ့ပြီးနောက်မှာ လွိုင်ကော်မြို့ခံတွေက အခြားဒေသတွေကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

    လွိုင်ကော်မြို့ခံအချို့ ဒီကနေ့ မြို့ကနေ ထပ်မံထွက်ခွာလာတဲ့ စစ်ရှောင်တွေရှိပြီးတော့ ရှမ်းပြည်နယ်ထဲက နီးစပ်ရာမြို့တွေကို စစ်ရှောင်ဖို့အတွက် ကားခမပေးနိုင်လို့ လွိုင်ကော်မှာ ကျန်နေခဲ့သူတွေလည်း ရှိနေသေးကြောင်း လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

  19. ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာ့အရေးကြိုးပမ်းမှုကို တရုတ်ကထောက်ခံ

    စစ်ကောင်စီခေါင်းဆောင်ကို မြန်မာနိုင်ငံ လာရောက်တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို နိုင်ငံတကာက ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ရှိနေပေမယ့် တရုတ်နိုင်ငံကတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ဆောင်ရွက်ချက်ကို အပြည့်အဝ ထောက်ခံတယ်လို့ တရားဝင်ထုတ်ပြောလိုက်ပါတယ်။

    နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်းက မနေ့က ဇန်နဝါရီလ ၁၀ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာလည်းဖြစ်ပါတယ်။

    တရုတ်နိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှပါဝင်တာကို အင်တိုက်အားတိုက် ထောက်ခံအားပေးပြီး မြန်မာနိုင်ငံဘက်အသီးသီးက နိုင်ငံရေးဆွေးနွေးမှုကတစ်ဆင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းကာ ဆောလျင်စွာတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတယ်လို့သူက ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံက မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရလဒ်ကောင်းထွက်မှာမဟုတ်တဲ့အကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ NUG ကလည်း ထုတ်ပြန်ချက်ထုတ်ပြီး အသိပေးထားခဲ့ပါတယ်။

    ဟွန်ဆန်ဟာ နေပြည်တော်ခရီးစဉ်မတိုင်ခင်ကတည်းက စစ်ကောင်စီခေါင်းဆောင်တွေဟာ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်ရှိတယ်လို့ ထုတ်ပြောထားသူလည်းဖြစ်ပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ နေပြည်တော်ခရီးစဥ်ဟာ အာဆီယံအသိုင်းအဝိုင်းကို ပစ်ပယ်တဲ့ "ကောင်းဘွိုင်ဒစ်ပလိုမေစီ" ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR က ဝေဖန်ခဲ့ပါတယ်။

  20. ရခိုင် အခြေစိုက် သတင်းဌာနတစ်ခုကို စစ်ကောင်စီက အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ -က နဲ့တရားစွဲ

    ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Western News ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်စွဲဆိုထားတယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

    Western Newsသတင်းဌာနဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်တပ်နဲ့သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို အကြောင်းအရာမခိုင်လုံဘဲ ရေးသားဖော်ပြခဲ့တဲ့အတွက် အခုလိုအမှုဖွင့်ထားတာဖြစ်တယ်လို့သိရကြောင်း ဦးလှသိန်းက ဇန်နါရီ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

    အမှုဖွင့်တယ်ဆိုတာကိုသာ သိထးရပြီး ဘယ်သူတွေက တရားလိုပြုပြီးတော့ ဘာပုဒ်မနဲ့ဘယ်တရားရုံးမှာ စွဲဆိုထားတယ် ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဦးလှသိန်းက ပြောပါတယ်။

    “ယေဘုယျအားဖြင့် တပ်မတော်အပေါ်မှာ အားကိုမှု ယုတ်လျော့အောင် ပလက်ဝဖက်ကသတင်းတစ်ပုဒ်ကိုတင်တယ်လို့ ပြောတယ် Western News က။”လို့ ဦးလှသိန်းက ပြောပါတယ်။

    Western news သတင်းဌာနဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှာ အလံဖြူစိုက်ထူထားတယ်ဆိုတဲ့သတင်းကို ရေးသားဖော်ပြခဲ့ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာဘဲ အခုလို တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

    အဲ့ဒီသတင်းဌာနကို တရားစွဲဆိုတာဟာ စစ်တပ်ကနေတရားလိုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က နဲ့ စစ်တွေခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်စွဲဆိုထားတယ်လို့ လေ့လာသိရှိထားရကြောင်း Western news သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဝဏ္ဏခွာညိုက ပြောပါတယ်။

    သူတို့ကိုစွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်ဒဏ်တွေများလွန်းတဲ့ပုဒ်မဖြစ်တာကြောင့် သတင်းဌာနရုံးခန်းကိုလည်း ယာယီပိတ်သိမ်း ထားရပြီး သတင်းထောက်တချို့လည်း ရှောင်တိမ်းနေကြရတယ်လို့ ဝဏ္ဏခွာညိုက ပြောဆိုပါတယ်။

    “၁၂၄ ပုဒ်မက အရမ်းကိုပြင်းထန်တဲ့ ပုဒ်မတစ်ခုဖြစ်တယ်။ ဒီပုဒ်မနဲ့ သတင်းဌာနကို တရားစွဲဆိုတယ်ဆိုတာလည်း မရှိသလောက်လို့ ပြောလို့ရတယ်။ ဒီပုဒ်မနဲ့စွဲဆိုလိုက်တာကတော့ အန္တရာယ်များတယ်။ ကျွန်တော်တို့ Western က သတင်းသမားတွေဆိုလည်း တိမ်းရှောင်နေရတယ်။ လက်ရှိမှာလည်း သတင်းလုပ်ငန်းတွေကို ရပ်ဆိုင်းနေရတဲ့အခြေအနေရှိပါတယ်။”လို့ တည်ထောင်သူလည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဝဏ္ဏခွာညိုက ပြောပါတယ်။

    တရားစွဲဆိုမှုပြုလုပ်ရာမှာလည်း မီဒီယာကောင်စီကနေ တစ်ဆင့်ချင်းမသွားဘဲ တိုက်ရိုက်လျှောက်ထားတာက မီဒီယာအချင်းချင်းချိတ်ဆက်နေတဲ့ သတင်းသမားတွေကိုလည်း ခြိမ်းခြောက်ရာရောက်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ အင်တာဗျူးဖြေပေးခဲ့တဲ့ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်ကိုလည်း ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ ပလက်ဝမြို့နယ်တရားရုံမှာ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

    ဇန်နဝါရီ ၉ ရက်နေ့မှာတော့ ကိုတင်ထွန်းအောင်ကို ခလရ ၂၈၉ တပ်ရင်းကနေ စစ်တွေမြို့ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရကြောင်းသ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    ခလရ ၂၈၉ တပ်ရင်းဟာ ပလက်ဝမြို့နဲ့တစ်ဖက်ကမ်းမှာတည်ရှိတဲ့ စစ်တပ်ဖြစ်ပြီး အဲ့ဒီစစ်တပ်မှာ အလံဖြူတောင်ထားတာကို တွေ့မြင်ရကြောင်း သတင်းဌာနနဲ့အင်တာဗျူးမှာ ဖြေပေးခဲ့တာတဲ့အတွက် အခုလိုဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်တယ်လို့ သိရကြောင်း မိသားစုတွေက ပြောဆိုပါတယ်။