ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီပြန်လည်ထူထောင်ရေးမှာ ’’မရှိမဖြစ်’’ လိုအပ်ပြီး သူ့ကို ပြစ်မှုပြစ်ဒဏ်တွေချမှတ်ထားပေမယ့် ငြိမ်းချမ်းရေးအတွက်ပြောဆိုဆွေးနွေးမှုတိုင်းမှာ ပါဝင်ရမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့တဲ့ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသလို နိုဘယ်ဆုရှင်ကိုစီရင်ချက်ချခဲ့တဲ့အပေါ်မှာလည်းတရားရေးမဏ္ဍိုင်ကိုသုံးပြီးလုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး တီရိုဒိုရိုလော့ဆင်ကပြောဆိုပါတယ်။
“ မင်းမဲ့စရိုက်၊ နိုင်ငံတွင်းပြိုကွဲမှုနဲ့ ပြည်တွင်းပဋိပက္ခတွေမရှိစေဖို့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ် လိုအပ်ပါတယ်” လို့လော့ဆင်ကပြောပါတယ်။
တခါ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt ရဲ့ မြန်မာနိုင်ငံက ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေးတို့အတွက် တောင်းဆိုမှုကိုလည်း လော့ဆင်က သဘောတူလက်ခံတယ်လို့ဆိုပါတယ်။
"အရပ်သားလူထုတွေကြုံတွေ့နေရတဲ့အခက်အခဲနဲ့ဒုက္ခတွေကိုအလွန်စိုးရိမ်မိပါတယ်။အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ တပ်မတော်ခေါင်းဆောင်တွေကို တောင်းဆိုပါတယ် ’’လို့ဆိုပါတယ်။
မြန်မာနိုင်ငံ ရဲ့ အကျပ်အတည်းနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ ပဋိပက္ခရပ်စဲရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေခွင့်ပြုရေးတို့ ပါဝင်တဲ့ အာဆီယံရဲ့ဘုံသဘောတူညီမှု ငါးချက်နဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တွန်းအားပေးသွားမယ်လို့ လော့စ်ဆင်ကပြောပါတယ်။
လက်ရှိမှာတော့ လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်ရဲ့ မြန်မာပြည် အလုပ်သဘောခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေကြားဝေဖန်မှုတွေရှိသလို လာမယ့်အပတ်ထဲမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကလည်း ရွှေ့ဆိုင်းထားတာပါ။ ရွှေ့ဆိုင်းရတာကလည်း ကမ္ဘောဒီးယားက အလှည့်ကျ ဥက္ကဌ အဖြစ် ကမကထ လုပ် ကျင်းပရမယ့် အဲဒီ အစည်းအဝေးမှာ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ထားတဲ့ အပေါ် သဘောထားကွဲလွဲမှုတွေ အာဆီယံ အဖွဲ့ထဲ ပေါ်ပေါက် လာနေလို့ ဖြစ်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။
မြန်မာကို နိုင်ငံရေး အရ ကိုယ်စားပြုခွင့် မပေးဘူး။တနည်းအားဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ အခုလို နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးလိုမျိုး အရေးကြီးတဲ့ ပွဲတွေမှာ စစ်ကောင်စီ ဥက္ကဌကို ဖြစ်စေ၊ စစ်ကောင်စီ ကက်ဘိနက်ဝင်တွေကို ဖြစ်စေ ပါဝင်ခွင့် မပေးဖို့ မူကို ဆက်လက် ဆုပ်ကိုင်ထားတဲ့ အာဆီယံ နိုင်ငံတွေ ရှိနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။