ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့ စစ်ကောင်စီကို အီးယူ ထိပ်တန်းအရာရှိ တောင်းဆို

    မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး နိုင်ငံရေး အကျဥ်းသားတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ဖို့ ဥရောပ သမဂ္ဂ အီးယူရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဂျိုးဆက်ဖ် ဘိုရဲလ်က တောင်းဆို လိုက်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ဒါတို အီရာဝန် ယူစွဖ်နဲ့တယ်လီဖုန်း ကနေ တဆင့် သူ စကားပြောဆို ခဲ့တယ်လို့ မစ္စတာ ဘိုရဲလ်က ထုတ်ဖော် ပြောရင်းမှာပဲ နိုင်ငံရေး အကျဥ်းသားတွေ အားလုံး ချက်ခြင်းလွှတ်ပေးဖို့အာဏာသိမ်း စစ်ကောင်စီကို အီးယူရဲ့ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ် အနေနဲ့ ထပ်လောင်း တောင်းဆိုလာတာ ဖြစ်ပါတယ်။

    ဒါ့အပြင်၊ ဒီမိုကရေစီနည်းကျ မြန်မာနိုင်ငံတော် တည်ဆောက်ဖို့ရာ ဆိုရင် နိုင်ငံရေးအရ စစ်မှန်တဲ့ ညှိနှိုင်းဆွေးနွေးမှု ဖြစ်စဥ်တစ်ရပ် အကောင်အထည် ပေါ်လာဖို့ လိုအပ်တယ် ဆိုပြီးတော့လည်း မစ္စတာ ဘိုရဲလ်က မြန်မာအရေး အာဆီယံ အထူးသံတမန် အီရာဝန် ယူဆွဖ်ကို ပြောကြား ခဲ့ပါတယ်။

    စပိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်တဲ့ ဂျိုးဆက်ဖ် ဘိုရဲလ်ဟာ စပိန် ဆိုရှယ်လစ် အလုပ်သမားပါတီ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး၊ အီးယူရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ အဖြစ် ၂၀၁၉ ဒီဇင်ဘာလက စလို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။

    နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ ဆိုရင် အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်၊ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့ အကူအညီတွေ ဝင်လာခွင့်ရှိရမယ် ဆိုတဲ့ အချက်တွေကိုလည်း မစ္စတာ ဘိုရဲလ်က မီးမောင်းထိုး ပြောခဲ့ပါတယ်။

    ဒါတို အီရာဝန်ယူဆွဖ်ဟာ အာဆီယံ အထူးသံတမန် အနေနဲ့ မြန်မာပြည်ကို ဘယ်တော့သွားမှာလဲ၊ အဖမ်းဆီးခံထားရတဲ့ ရွေးကောက်ခံ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရာ ဖြစ်လာနိုင်မလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပေမယ့် တိကျတဲ့ အစီအစဥ် ပေါ်ထွက်မလာသေးပါဘူး။

    အခုရက်ပိုင်းတွေမှာတော့ အာဆီယံ ဒေသတွင်း နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး တာဝန်ရှိသူတွေနဲ့ကြား အီရာဝန် ယူစွဖ်ဟာ မြန်မာအရေး ပြောဆို ဆွေးနွေးတာတွေ ပြုလုပ်နေတာ တွေ့နေရပါတယ်။

  2. ၂၀၂၂ ဆီးဂိမ်းမှာ မြန်မာအသင်း အားကစား ၁၈ မျိုးနဲ့ ၀င်ရောက်ယှဥ်ပြိုင်မယ်

    ဗီယက်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အားကစားနည်း ၁၈ နည်းနဲ့ ၀င်ရောက်ယှဥ်ပြိုင်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ပိုက်ကျော်ခြင်း အပါအ၀င် လက်၀ှေ့၊ မြှားပစ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘိလိယက်နဲ့ စနူကာ စတဲ့ ဆီဂိမ်းမှာ ၀င်ရောက်ယှဥ်ပြိုင်မယ့် အားကစားနည်းတွေအတွက် လက်ရွေးစင် အားကစားသမားတွေ လေ့ကျင့်နေကြပြီလို့လည်း ဆိုပါတယ်။

    ၃၁ ကြိမ်မြှောက် အရှေ့တောင်အာရှ အားကစားပွဲတွေကို ဒီနှစ် နို၀င်ဘာလမှာ ကျင်းပဖို့ စီစဥ်ထားပေမယ့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂၀၂၂ ခုနှစ် ဧပြီလလောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ ဆီဂိမ်းအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ဘက်က ပြောဆိုထားပါတယ်။

    ဆီဂိမ်းပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်မှာ ကျင်းပခွင့်ရခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။

  3. ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန် ဆက်လက်ကူညီမယ်

    ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးသွားရတဲ့ မြန်မာပြည်သူတွေအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် သောမက်စ် ဗန်ဒါက ပြောပါတယ်။

    ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တောင်းဆိုနေကြပြီး အခုတော့ ဆိုးရွားတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

    ကပ်ရောဂါကြီး စတင်ပြန့်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်နဲ့ဆိုင်တဲ့ အကူအညီတွေ ထောက်ပံကူညီဖို့အတွက် မြန်မာနိုင်ငံကို အမေရိကန်ဘက်က ဒေါ်လာ သန်း ၂၀ ထောက်ပံခဲ့တယ်။ဒီအကူအညီတွေကြောင့် လူပေါင်း သန်းနဲ့ချီဟာ ဗိုင်းရပ်စ်ပိုး မကူးစက်အောင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ခဲ့တယ်။ ကိုဗစ် လူနာတွေကို ကုသပေးနေတဲ့ လူနည်းစု တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေအပါအ၀င် အစိုးရမဟုတ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်း ၆၅၀ ကျော်ကိုလည်း အမေရိကန်ဘက်က ပံ့ပိုးကူညီခဲ့တယ်လို့လည်း သံအမတ်ကြီးက သောမက်စ်က သတင်းထုတ်ပြန်ထားပါတယ်။

    စစ်အာဏာသိမ်းမှုကြောင့် အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးတရားစွဲဆိုခံရမယ့် အန္တရာယ်ကနေ လွတ်မြောက်အောင် ထွက်ပြေးနေကြသူတွေအပါအ၀င် မြန်မာပြည်သူတွေအတွက် အရေးတကြီးလိုအပ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့အတွက်လည်း အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော် ထပ်မံကူညီသွားမယ်လို့ ဆိုပါတယ်။

    လူထုကျန်းမာရေးကပ်ဘေးအန္တရာယ်ကနေ ကျော်လွှားနိုင်အောင် မြန်မာပြည်သူတွေကို အကူအညီပေးဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ Global Fund နဲ့ နိုင်ငံတကာဆိုင်ရာ ကာကွယ်ဆေး မဟာမိတ်အဖွဲ့ Gavi တို့ အပါအ၀င် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေကို အမေရိကန်အနေနဲ့ ရန်ပုံငွေ ဆက်လက်ထောက်ပံ့ကူညီပေးသွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

  4. ကိုဗစ်ကာကွယ်ဆေးအတု ရောင်းချနေသူတွေကို အရေးယူသွားမယ်

    ကိုဗစ်တတိယလှိုင်းမှာ ကူးစက်သေဆုံးမှုများလာတဲ့နောက် ကာကွယ်ဆေးထိုးသင့်မထိုးသင့် အငြင်းပွားမှုတွေရှိနေချိန်မှာပဲ စျေးကွက်ထဲမှာ ပေါ်နေတဲ့ ကာကွယ်ဆေးအတုတွေ ထိုးမိရင် ဘေးအန္တရာယ်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး၀န်ကြီးဌာနက သတိပေးလိုက်ပါတယ်။

    အွန်လိုင်းကတဆင့် အလိမ်ခံရတာ၊ အစားအသောက်နဲ့ ဆေးဝါး စီမံကွပ်ကဲမှု ဦးစီးဌာန FDA ခွင့်ပြုချက်မရတဲ့ ကာကွယ်ဆေးအတုတွေကိုပါ ရောင်းချနေတာတွေကို အရေးယူသွားမယ်လို့ ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေလို့ တံဆိပ်ကပ်ပြီး အွန်လိုင်းပေါ်မှာ ရောင်းချနေတာ တွေ့သလို ဆရာ၀န်ကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံထိုးပေးမယ်ဆိုတဲ့ ကြေငြာတွေကိုလည်း တွေ့နေရတယ်လို့ ဆရာ၀န်တဦးက ပြောပါတယ်၊

    ပြီးခဲ့တဲ့လက အောက်ဆီဂျင်နဲ့ ဆေးဝါးတွေ စျေးတင်ရောင်းတဲ့လဖြစ်ပြီး အခုတော့ ကိုဗစ်ကာကွယ်ဆေးတွေကို လိမ်လည်ရောင်းနေကြတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဆေးဝါးလုပ်ငန်းရှင်တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေသာမကဘဲ လူမှုရေးအသင်းအဖွဲ့တွေကိုပါ ကာကွယ်ဆေး တင်သွင်းခွင့်ပြုထားပါတယ်၊

    ဒါပေမဲ့ အရင်ဆုံး FDA ခွင့်ပြုချက် ရယူရမှာဖြစ်သလို ကာကွယ်ဆေးဝယ်ယူထိုးနှံမယ့်အစီအစဥ်တစ်ခုလုံးကို တင်ပြရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ကာကွယ်ဆေးစစ်မှန်မှုရော ကာကွယ်ဆေးထိုးပြီးဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေကိုပါ တာဝန်ယူကြောင်း ကတိခံဝန်ချက် ရေးထိုးရမှာဖြစ်ပါတယ်။

    အစိုးရအချင်းချင်းတောင် ဆေးဝယ်ဖို့ခက်နေချိန်မှာ ပုဂ္ဂလိက ကဏ္ဍအတွက် စိန်ခေါ်မှုဟာ ဆေးဝါးဝယ်ယူရရှိမှုအပိုင်းပဲလို့ ကာကွယ်ဆေး ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။

    ဒါ့အပြင် ဝယ်ထားတဲ့ ကာကွယ်ဆေးတွေကို အာနိသင်မပြယ်အောင် အအေးလမ်းကြောင်းထိန်းသိမ်းဖို့ကလည်း အရေးကြီးတဲ့အကြောင်း သတိပေးကြပါတယ်။

    မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန အစီအစဥ်နဲ့ ကိုဗစ်ကာကွယ်ဆေးကို အဓိက ထိုးပေးနေတာဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုထားပေမယ့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်းစနိုင်တာမျိုးတော့ မရှိသေးပါဘူး။

    ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်ရှီး၊ ရုရှားထုတ် စပွန်းနစ် ဗီတို့ကို ထိုးပေးခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်မှာ တရုတ်ထုတ် ဆိုင်နိုဖမ်း နဲ့ဆိုင်နိုဗက်တို့ကို ထိုးပေးနေပါတယ်။

  5. အာဏာသိမ်းပြီးနောက် ဒေါ်လာစျေး စံချိန်တင်တက်

    သြဂုတ်လဆန်းကစပြီး တရိပ်ရိပ်တက်လာနေတဲ့ဒေါ်လာစျေးက သြဂုတ်လ ၁၃ ရက်မှာ ၁ ဒေါ်လာကို ၁၇၀၀ ကျပ်အထိ ဖြစ်လာပါတယ်။

    အာဏာမသိမ်းခင်က ၁ ဒေါ်လာကို ၁၄၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ၆ လ ကျော်အတွင်းမှာ တစ်ဒေါ်လာကို ၃၀၀ ကျပ် ပိုတက်လာတာပါ။

    ကိုဗစ်ရောဂါကုသရေး အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ဆေးဝါးလို ပြည်တွင်းကို တင်သွင်းရတဲ့ကုန်တွေ များတာ၊ နိုင်ငံခြားကို ပို့ကုန် မရှိသလောက်ဖြစ်တာ စတဲ့အကြောင်းတွေကလည်း ဒေါ်လာစျေး တက်လာတဲ့ အကြောင်းတွေထဲမှာ ပါဝင်တယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

    ဆေးကုမ္ပဏီတွေကတော့ ဒေါ်လာဈေးတက်တဲ့အတွက် ဈေးကွက်ထဲက ဆေးတွေဈေးတက်တာမျိုး လောလောဆယ် မရှိသေးဘူးလို့ပြောပါတယ်။

    ဒါပေမဲ့ လက်ထဲမှာရှိတဲ့ ဆေးတွေကုန်သွားလို့ ဆေးတွေထပ်ဝယ်ရရင် ဒေါ်လာပေါက်စျေးပေါ်မူတည်ပြီး စျေးတက်နိုင်ခြေရှိပါတယ်။

    ဒေါ်လာဈေးတွေ တက်လာတဲ့အတွက် ကိုဗစ်တတိယလှိုင်းကာလ အစတုန်းကလို ဆေးဝါးနဲ့ဆေးပစ္စည်းတွေ ဈေးတွေ အဆမတန် စျေးတက်လာမှာကို ပြည်သူအများက စိုးရိမ်နေကြပါတယ်။

    လတ်တလောမှာ တရုတ်-မြန်မာ နယ်စပ် မူဆယ်ရွှေလီဂိတ် အပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ထားလို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတဲ့ အခြေအနေရှိနေပါတယ်။

    နယ်စပ်ကုန်သွယ်ရေး ပြန်အားကောင်းအောင်လုပ်နိုင်ရင် ပြည်ပကို ပို့ကုန်တွေ တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေ ရလာမှာဖြစ်လို့ ဒေါ်လာစျေး တည်ငြိမ်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက သုံးသပ်ပါတယ်။

  6. မြန်မာဂိုးသမား ပြည့်သျှံအောင်ကို ဒုက္ခသည်အဖြစ် ဂျပန်အစိုးရ ခိုလှုံခွင့်ပြု

    ဂျပန်နိုင်ငံမှာ ကန်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တဲ့ မြန်မာဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်အစိုးရက ဒုက္ခသည်အဖြစ် လက်ခံ ခိုလှုံခွင့်ပြုလိုက်ပြီလို့ ဂျပန်နိုင်ငံက လာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

    ပြည့်သျှံအောင်ဟာ မြန်မာပြည်ကို ပြန်ရင် ဖမ်းဆီးတရားစွဲဆိုခံရမှာ၊ သူ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှာ စိုးတာကြောင့် ဇွန်လ ၁၆ ရက်နေ့မှာ အသင်းဖော်တွေနဲ့အတူ မြန်မာပြည်ကို ပြန်မလိုက်ဘဲ ဂျပန်နိုင်ငံမှာ ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံခဲ့ပြီး ဇူလိုင်လ ၂ ရက်နေ့မှာတော့ ပြည့်သျှံအောင်ကို ဂျပန်အစိုးရက နေထိုင်အလုပ်လုပ်ခွင့် ၆ လတာ ထုတ်ပေးခဲ့တာပါ။

    ပြည့်သျှံအောင်ဟာ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ ဒုက္ခသည်အဖြစ် ဂျပန်အစိုးရ အာဏာပိုင်တွေရဲ့ တရား၀င် အကြောင်းကြားစာ ရရှိမှာ ဖြစ်ပြီး ဂျပန်နိုင်ငံမှာ နှစ်ရှည် နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

    မြန်မာလက်ရွေးစင် ဘောလုံးအသင်း အရန်ဂိုးသမား ပြည့်သျှံအောင်ဟာ ဇူလိုင်လနှောင်းပိုင်းမှာ ဂျပန်လိဂ် တတိယတန်းကလပ် ယိုဂိုဟားမားအသင်းမှာ လေ့ကျင့်ခန်းစဆင်းနေပြီ ဖြစ်ပါတယ်။

  7. ဒေါက်တာဇော်မြင့်မောင် ကိုဗစ်ကူးစက်ခံထားရ

    မန္တလေးအိုဘိုထောင်ကနေ မန္တလေးဆေးရုံကြီး မှာ ဆေးကုသမှု ခံယူနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ သိရကြောင်းရှေ့နေအဖွဲ့ကပြောပါတယ်။

    "ဒီနေ့ အောင်မြေသာစံတရားရုံးမှာ ဗွီဒီယိုကွန်ဖရန်ဇင်းက တဆင့်ရုံးထုတ်တဲ့ အဂတိအမှုအတွက်ရုံးချိန်းမှာ ဆရာဇော် ရဲ့ နှုတ်ကနေ ကျွန်တော်ကိုဗစ်ဖြစ်နေပါတယ်။ ကျွန်တော်အောက်ဆီဂျင်ရှူနေရပါတယ်လို့ပြောတဲ့ အကြောင်း တဆင့်ကြားသိရတာဖြစ်ပါတယ် ၊ဒီကနေ့ရုံးချိန်းက ရုံးပိတ်ရက်ဖြစ်တဲ့အတွက် တရားရုံးကိုရှေ့နေ့အဖွဲ့က သွားခွင့်မရပါဘူး။ အဂတိအမှုအတွက်ကလည်းရှေ့နေပါဝါတင်ဖို့ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အခုတရားရုံးက သူ့ရဲ့လုပ်ငန်းစဉ်အတိုင်းရုံးချိန်းပြန်ချိန်းတဲ့အချိန်မှာ တဆင့်ကြားသိရတာဖြစ်ပါတယ်" လို့ရှေ့နေအဖွဲ့မှာပါဝင်သူတစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကပြောပြပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူကိုဆက်သွယ်မေးမြန်းတဲ့အခါမှာ ကိုဗစ်ဖြစ်ပွားနေတာဟုတ်မှန်ကြောင်း နဲ့ အောက်ဆီဂျင်ပေးထားရတာလည်းဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

    "အကျဉ်းထောင်မှာ Test Kit နဲ့ စစ်တယ် နဂ္ဂတစ်ထွက်တယ်၊နောက်ဆေးရုံကိုရောက်တယ် Test Kit နဲ့ ထပ်စစ်တယ် နဂ္ဂတစ်ပဲထွက်တယ်၊ ဒါပေမယ့် ဆေးရုံကြီးကဆရာဝန်တွေကဒေါက်တာဇော်မြင့်မောင်မှာ အဖျားငွေ့ငွေ့ရှိတာဖြစ်လို့ နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်ထပ်ယူပြီး PCR နဲ့ ထပ်စစ်တဲ့အခါမှာ ပေါ့စတစ်ဖြစ်တာတွေ့ရတယ်၊ အခု လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုအားလုံးပေးထားပါတယ်" လို့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင် ထောင်တွင်း ကျန်းမာရေး အခြေအနေကြောင့် သြဂုတ် ၆ရက်ကစတင်ပြီး မန္တလေးဆေးရုံကြီး မှာ ပြောင်းရွှေ့ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ရဲ့နဂိုရောဂါအခံဖြစ်တဲ့သွေးကင်ဆာကို ဆက်လက်စစ်ဆေးကုသပေးနေတယ်လို့ အကျဉ်းဦးစီးဌာနဘက်ကတုံ့ပြန်ပါတယ်။ မိသားစုဝင်တွေအနေနဲ့ကတော့ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တိတိကျကျသိရှိရတာမရှိလို့စိုးရိမ်တယ်လို့ဆိုပါတယ်။

    လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တို့နဲ့ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

  8. ငွေစက္ကူတွေနဲ့ ဘဏ်တွေကို ရုပ်သိမ်း၊ ပိတ်သိမ်းဖို့ မရှိဘူးလို့ ဗဟိုဘဏ်ပြော

    ပြည်တွင်းက ငွေကြေး စီးဆင်းမှုအခြေအနေတွေကြောင့် မြန်မာကျပ်ငွေ ၅,၀၀၀ တန်နဲ့ ၁၀,၀၀၀ တန်တွေကို ရုပ်သိမ်းတာ၊ ဘဏ်တွေကို ပိတ်သိမ်းတာမျိုး လုပ်မှာမဟုတ်ဘူးဆိုပြီး ဗဟိုဘဏ်ဘက်က ဒီနေ့ သြဂုတ်လ ၁၃ ရက်မှာ စာထုတ်လာပါတယ်။

    တန်ဖိုးမြင့်မြန်မာငွေစက္ကူတွေကို ရုတ်သိမ်းမယ့်အပြင် ဘဏ်တွေ ပိတ်သိမ်းမယ်ဆိုတဲ့ ကောလဟလတွေ၊သတင်းအမှားတွေ ထွက်ပေါ်နေချိန်မှာ ဗဟိုဘဏ်ဘက်က အခုလိုစာထုတ်ပြောဆိုလာတာဖြစ်ပါတယ်။

    ဒီလိုကောလဟလသတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်ပြီး ဘဏ်တွေမှာ ငွေကြေးထုတ်ယူနေကြပေမဲ့ ဗဟိုဘဏ် အနေနဲ့ ငွေကြေးစနစ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်နေသလို ဘဏ်တွေဘက်ကလည်း သတ်မှတ်ချက်နဲ့အညီ ဝန်ဆောင်မှု ပေးနေတုန်းလို့ ဆိုပါတယ်။

    ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် ယုံယုံကြည်ကြည်နဲ့ ဆက်သုံးစွဲကြဖို့ ဗဟိုဘဏ်ဘက်က ပြောသလို ဘဏ်ဝန်ဆောင်မှုတွေလည်း ပုံမှန်ဆောင်ရွက်ဖို့ ဘဏ်တွေကိုလည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်အဖြစ် ၄ ပတ်မြောက် ထပ်တိုးမယ့် လာမယ့် သြဂုတ်လ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း ဘဏ်တွေလည်း ပိတ်ဖို့ရှိနေချိန်မှာ အခုလိုကောလဟလတွေ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ၁၀,၀၀၀ တန်ငွေစက္ကူတွေကို ဖျက်သိမ်းမယ်ဆိုတဲ့ကောလဟလတကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာဟာ အခုတစ်ကြိမ်က ဒုတိယတစ်ကြိမ်ဖြစ်ပြီး အာဏာသိမ်းမှုအစ ဖေဖော်ဝါရီလတုန်းကလည်း အလားတူကောလဟလတွေ ပထမဆုံး ထွက်ခဲ့ပါသေးတယ်။

    အဲဒီတုန်းကလည်း ဘဏ်ဝန်ဆောင်မှုသုံးစွဲသူတွေဟာ ဘဏ်တွေမှာဖွင့်ထားတဲ့ ငွေစာရင်းတွေကနေ ငွေသားစုပြုံထုတ်ယူတာတွေရှိခဲ့ပါတယ်။

  9. ကိုဗစ်ကြောင့် ဘဏ်တွေကို ရက်ရှည်ပိတ်တာလို့ ဗဟိုဘဏ်ပြော, ဒေဝါလီခံမယ်ဆိုတဲ့ သတင်းတွေမဟုတ်မှန်လို့လည်းဆို

    လာမယ့် သြဂုတ်လ ၁၆ ရက်ကနေ ၂ဝရက်အထိ အများပြည်သူရုံးပိတ်ရက်အဖြစ် စစ်ကောင်စီကကြေညာခဲ့ပြီး ဒီထဲမှာဘဏ်လုပ်ငန်းတွေပါ ပိတ်ဖို့ ပါဝင်လာတာဟာ ဗဟိုဘဏ်နဲ့အစိုးရဘဏ်တချို့မှာ ကိုဗစ်ရောဂါကူးစက်ခံရမှုအခြေနေတွေကြောင့်ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကဆိုပါတယ်။

    "ပြည်တွင်းမှာကိုဗစ်ရောဂါကူးစက်မှုတွေ များနေချိန်မှာ ပြည်သူလူထုအကျိုးစီးပွားလိုအပ်ချက်အတွက် ဗဟိုဘဏ်အပါဝင်ဘဏ်တွေ ဖွင့်ခဲ့တာ ၃ ပတ်ဆက်တိုက်ပါပဲ။ အဲ့ဒီအတောတွင်းမှာ ဗဟိုဘဏ်မှာလည်း ကိုဗစ်ကူးစက်မှုတွေရှိခဲ့တယ်။တခြားဘဏ်တွေမှာလည်းဖြစ်တယ်။ နှစ်ဘဏ်ပေါင်းလုပ်တာတွေ သုံးဘဏ်ပေါင်းလုပ်တာတွေလုပ်ခဲ့ရပြီး ထိခိုက်မှုတွေတော်တော်လည်းရှိခဲ့လို့အနားပေးလိုက်တာပါ။ ပြည်သူလူထုကျန်းမာရေးအတွက်အင်တိုက်အားတိုက်လုပ်လာပေးတာကို ကျေးဇူးတင်ရမယ့်အစား ဘဏ်တွေဒေဝါလီခံရပါမယ်လို့ ကျန်းမာရေးကြောင့်စိတ်ညစ်နေရတဲ့ပြည်သူတွေကို ထပ်ပြီးစိတ်ညစ်စရာဖြစ်အောင်လုပ်တာ စိတ်မကောင်းစရာပါပဲ" လို့ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဘီဘီစီကိုပြောပါတယ်။

    အများပြည်သူရုံးပိတ်ရက်ကို ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး ထုတ်ပြန်ကြေညာခဲ့ရာမှာ ရက်သတ္တပတ်တွေဆက်တိုးလာခဲ့ပေမဲ့ သြဂုတ်လ ၁၆ ရက်နေ့မှာစတင်မယ့်အများပြည်သူရုံးပိတ်ရက်မှာတော့ ဗဟိုဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေလည်း ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်လာတာဖြစ်ပါတယ်။

  10. ကြားကာလပညာရေးအစီစဉ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသူကျောင်းသားတွေမပါဝင်နိုင်သေး

    စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းမတက်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့နိုင်ငံတဝန်းက ကျောင်းသူကျောင်းသားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားကာလပညာရေးအစီစဉ်တွေ စီစဉ်နေပေမဲ့ တနိုင်ငံလုံးအတိုင်းတာအနေနဲ့ကျောင်းသားတွေပါဝင်ဖို့ ခက်ခဲနေသေးတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ပြောဆိုနေကြပါတယ်။

    "တချို့ကျောင်းသူကျောင်းသားတွေရဲ့နေရာဒေသတွေက စစ်ရေးအရ မတည်ငြိမ်သေးတာတွေရှိတယ်။ အွန်လိုင်းက သင်ကြားရတဲ့စနစ်ဖြစ်တာကြောင့် လက်လှမ်းမမီတာတွေလည်းရှိတယ်။ ဒါပေမဲ့ အခုအင်တာနက် လက်လှမ်းမီတဲ့နေရာဒေသက ကျောင်းသူကျောင်းသားတွေက စစ်ဘေးရှောင်ဒေသတွေဆီ တဆင့်ပြန်လည်သင်ကြားဖို့လုပ်ဆောင်မှာတွေ၊ ရပ်ရွာအခြေပြုအဖွဲ့တွေနဲ့စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေနဲ့သင်ကြားဖို့လုပ်ဆောင်မှာတွေရှိပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်မတက်ရသေးတဲ့ကျောင်းသူကျောင်းသားတွေအားလုံးတက်ရောက်နိုင်မယ့် ကောလိပ်တစ်ခုကိုလည်း NUG နဲ့အတူဆွေးနွေးစီစဉ်နေပါတယ်လို့" အခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ကတာဝန်ရှိသူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    လက်ရှိအွန်လိုင်းပလက်ဖောင်းကနေ အိမ်တွင်းပညာရေးပုံစံသင်ကြားပေးနေတဲ့ကြားကာလပညာရေးအစီစဉ်မှာတော့ ကျောင်းသင်ရိုးညွှန်းတမ်းတွေအပြင် နိုင်ငံရေးသိပ္ပံဘာသာရပ်၊ နိုင်ငံတကာဥပဒေ၊ ဖယ်ဒရယ်အရေးသိမှတ်ဖွယ်ရာတွေနဲ့အတူ လက်တွေ့အသုံးချနိုင်တဲ့ အရေးပေါ်ကယ်ဆယ်ရေး စတာတွေကို သင်ကြားပေးနေတယ်လို့ကြားကာလပညာရေးအစီစဉ်မှာပါဝင်တဲ့ကျောင်းသားလူငယ်တွေက ပြောပါတယ်။

    လက်ရှိမှာလည်း တနိုင်ငံလုံးအတိုင်းအတာအနေနဲ့အခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ပေါင်း ၄၃ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ကို သြဂုတ်လ ၁၂ ရက်နေ့ကအကြံပြုတောင်းဆိုလွှာတစ်စောင်ပေးဖို့ခဲ့တယ်လို့ ကျောင်းသားသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။

    အဲဒီအကြံပြုတောင်းဆိုချက်တွေထဲမှာတော့ ကြားကာလပညာရေးကာလ၊ အသွင်ကူးပြောင်းရေးကာလနဲ့ပြန်လည်တည်ဆောက်ရေးကာလတွေမှာ ပညာရေးမူဝါဒတွေနဲ့နည်းဥပဒေတွေ ရေးဆွဲရာမှာအခြေခံပညာဆရာများသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂတွေ ပါဝင်နိုင်ဖို့ကို တောင်းဆိုထားတယ်လို့ကျောင်းသားလူငယ်တွေကဆိုပါတယ်။

    ဒါ့အပြင် အခြေခံပညာရေးစနစ်ဟာ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပညာရေးစနစ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်လာမှာဖြစ်တဲ့အတွက် ပညာရေးအာမခံချက်တွေကို အခုလိုတောင်းဆိုရတာဖြစ်တယ်လို့အခြေခံပညာကျောင်းသားများ သမဂ္ဂအဖွဲ့တွေက ပြောဆိုထုတ်ပြန်ခဲ့ကြပါတယ်။

  11. မြစ်ကြီးနား စီတာပူရပ်ကွက် စစ်ရှောင်စခန်းက လူ ၂၀ ကျော်မှာ ကိုဗစ်ပိုးတွေ့

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာရှိတဲ့ စစ်ရှောင်စခန်းမှာ သြဂုတ်လ ၁၀ ရက်နေ့က စခန်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ဆေးကြည့်ရာ ကိုဗစ်ပိုး တွေ့ရှိသူ ၂၆ ယောက်တွေ့ထားတယ်လို့ ကချင်မူရင်းနှစ်ခြင်းအသင်းတော်(KBBC)က ပြောပါတယ်။

    ''ကလေး၂ယောက်နေမကောင်းဘူးဆိုတာကြားသိရပြီးတဲ့နောက် test kit နဲ့ စစ်တဲ့ခါမှာ ၂၆ယောက်တွေ့တယ်။ ကျတော်တို့ ဒီစင်တာ ဖွင့်ထားတာရှိတယ် ။ ကုတင် ၄၀မှာ ကြပ်မတ်ပြီး ကုသပေးထားတယ်။ ” KBBC ရဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဥက္ကဋ္ဌဦးဆွမ်လွတ်ဂန်ဇယ်ကပြောပါတယ်။

    အဲဒီစခန်းကို KBBC ကပဲ ဖွင့်ထားတာဖြစ်ပြီး အခုတော့ စခန်းထဲကို အပြင်လူ အဝင်အထွက်မရှိအောင်နဲ့ စခန်းတွင်းမှာလည်း ကိုဗစ်နဲ့ပတ်သက်တဲ့နေထိုင်မှုတွေကို အသိပညာတွေပေးထားတယ်လို့ သူက ပြောပါတယ်။

    ဒါ့အပြင် အသင်းတော်ကနေပြီး ဖွင့်ထားတဲ့ စင်တာမှာ ဆေးကုသမှုတွေအပြင် အောက်စီဂျင်အတွက်ပါ ရှာဖွေပေးထားတယ်လို့သိရပါတယ်။

    ''အောက်စီဂျင်နဲ့ပတ်သက်လို့ကတော့ လောလောဆယ်ကျွန်တော် တို့လည်း ကြိုးစားနေပါတယ်။ ကျတော်တို့ဆီမှာ ကချင်အတိုင်ပင်ခံတွေရှိတယ်။ အဖွဲ့အစည်းရှိတယ်။ သူတို့ဆီမှာအောက်စီဂျင်တွေ၊ စလင်ဒါတွေရောက်ဖို့ရှိတယ်။ ကျတော်တို့လည်း ရှာဖွေထားတာတော့ရှိပါတယ်။ အခုလောလောဆယ်ကျွန်တော်တို့စင်တာမှာ အောက်စီဂျင် ၁၀ဗူးလောက်တော့အဆင်သင့်လုပ်ထားပါတယ်”လို့လည်း သူက ပြောပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာကချင်မူရင်းနှစ်ခြင်းအသင်းချုပ်ကနေပြီး ဖွင့်ထားတဲ့စစ်ရှောင်စခန်း၂ခုရှိပြီး အဲဒီစခန်းတွေဟာ ဝိုင်းမော်မြို့နယ်ထဲက မိုင်းနားစခန်းနဲ့ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က သီတာအေးစခန်းတို့ ဖြစ်ပါတယ်။

    ကိုဗစ်ပိုး ကူးစက်သူတွေ တွေ့ထားထားတဲ့ မြစ်ကြီးနား သီတာအေး စစ်ရှောင်စခန်းမှာတော့ အိမ်ထောင်စု ၂၄စုနဲ့ လူဦးရေ ၁၁၄ ဦးနေထိုင်တယ်လို့သိရပါတယ်။

  12. မိုးကုတ်မြေပြိုမှု- ၅ နှစ်အရွယ်ကလေးအပါအဝင် လူ ၅ ဦးသေဆုံး

    မိုးကုတ်မြို့၊ မြို့မအပိုင်း ၄ရပ်ကွက်ထဲမှာ ဒီကနေ့သြဂုတ်လ ၁၃ ရက်နေ့မနက်ပိုင်းက ချောင်းရေလျှံမှုနဲ့မိုးရွာသွန်းမှုတို့ကြောင့်မြေပြိုမှုဖြစ်ခဲ့ပြီး ၆ ဦးဒဏ်ရာရကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့ကလူမှုကယ်ဆယ်ရေးအသင်းတွေကပြောပါတယ်။

    "မနက်က ၇ နာရီဝန်းကျင်လောက်ကစဖြစ်တာ။ ရေကြီးတာ၊ မြေပြိုတာက အခုရက်ပိုင်းမှာဆို မိုးကုတ်က နေရာတော်တော်များများမှာဖြစ်နေတာပါ။ အိမ်နောက်မှာ တောင်ကမ်းပါးရှိတဲ့နေရာတွေဖြစ်တယ်။ တောင်ပေါ်ဒေသဖြစ်တော့ မြေက မြင့်နေပြီး အိမ်က အနိမ့်ပိုင်းဖြစ်နေတဲ့ အနေအထားတွေမှာဖြစ်နေတာပါ။ အခုမြို့မရပ်ကွက်မှာဆို ၆ ဦးကို ကယ်ထုတ်နိုင်ပေမယ့် တစ်ဦးကတော့ သေဆုံးခဲ့တယ်"လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မိုးကုတ်)က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့ သြဂုတ် ၁၂ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ကျောက်ဖြူရပ်ကွက်ထဲမှာ မြေပြိုတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အသက်ငါးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ဒေသခံလူမှုကယ်ဆယ်ရေးအသင်းတွေကပြောပါတယ်။

    လက်ရှိမှာ မိုးကုတ်မြို့အတွင်း မြို့နဲ့အနည်းငယ်အလှမ်းဝေးတဲ့ချောင်းရိုးမြောင်းရိုးတလျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ၊ မြေပြိုလို့နေအိမ်ပျက်စီးတာတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    အခုလိုဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ မိုးကုတ်မြို့ကလူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့တွေနဲ့ မိုးကုတ်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်နေတယ်လို့ လည်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာန(မိုးကုတ်)ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

  13. မကွေး CRMH အဖွဲ့ဝင် အမျိုးသမီးအမတ်တစ်ဦး ဖမ်းဆီးခံရ

    မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပေါက်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဒေါ်မြင့်စန်းဟာ သြဂုတ်လ ၁၁ ရက်ညပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့ သြဂုတ်လ ၁၃ ရက်မှာတော့ ပခုက္ကူ အကျဉ်းထောင်ကို လွှဲပြောင်းခံရလိုက်ရပါတယ်။

    ဒေါ်မြင့်စန်းဟာ နတ်တလင်းမြို့က ဘူတာရုံရပ်ကွက်မှာရှိတဲ့ ညီမဖြစ်သူနေအိမ်မှာ တိမ်းရှောင်နေတုန်း နတ်တလင်းရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ ရောက်လာပြီး ဧည့်စာရင်းစစ်ချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

    ''ဒေါ်မြင့်စန်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်တော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ အကပ်ခံထားရတယ်။ ဟိုနေ့ကတော့ သူ့ဇာတိ ပေါက်မြို့နယ်၊ သမားတော်ရွာမှာ ကျန်ခဲ့တဲ့ မိခင်ကြီးဆုံးတယ်ဆိုပြီး ညီမဖြစ်သူ ဒေါ်နီနီမြကို ကားနဲ့လာခေါ်တာရှိတယ်။ အဲဒါ ကားအဝင်အထွက်ရှိတဲ့အချိန် ဒေါ်မြင့်စန်းရှိတဲ့နေရာကို သိပြီး ဒေသခံရဲဖြစ်တဲ့ နတ်တလင်းရဲတပ်ဖွဲ့ကို ဝင်ဖမ်းခိုင်းတာ'' လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သြဂုတ်လ ၁၁ ရက်ညမှာ ဧည့်စာရင်းဝင်စစ်ခံရပြီးတဲ့နောက် ဒေါ်မြင့်စန်းနဲ့ ညီမဖြစ်သူတို့ နှစ်ဦးလုံး ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ ညီမဖြစ်သူပြန်လွတ်လာပေမဲ့ ညီမရဲ့ခင်ပွန်း အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးမြင့်လှိုင်ဟာ ဝရမ်းပြေးလက်ခံမှုနဲ့ ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

    ဒေါ်မြင့်စန်းကို နတ်တလင်းမြို့မရဲစခန်းကနေ မနေ့ သြဂုတ်လ ၁၂ ရက်မှာ ပခုက္ကူရဲစခန်းကို ခေါ်သွားခဲ့ပြီး ဒီနေ့ သြဂုတ်လ ၁၃ ရက်မနက်မှာ ပခုက္ကူ အကျဉ်းထောင်ကို လွှဲပြောင်းပေးလိုက်ပြီလို့လည်း သိရပါတယ်။

    အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစားအလယ်တန်းပြဆရာမ ဒေါ်မြင့်စန်းဟာ ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ကနေ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ၂ ကြိမ်ဆက်တိုက်နိုင်ခဲ့သူဖြစ်ပါတယ်။

    သူ အမတ်အဖြစ် ဝင်ပြိုင်တဲ့ပေါက်မြို့နယ်အနောက်မြောက်ဘက်ခြမ်းဟာ ဖွံ့ဖြိုးမှုနည်းပါးပြီး သူ့ရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မှုတွေကြောင့် သြဇာရှိပြီး လူချစ်လူခင်ပေါများသူလို့သိရပါတယ်။

  14. ဂျပန်မှာကြီးပြင်းတဲ့ ရုပ်ရှင်သမား ကိုသိန်းဒန်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဂျပန် ရုပ်ရှင် ဒါရိုက်တာများ သမဂ္ဂ DGJ တောင်းဆို

    ဂျပန်မှာ အသက် ၆ နှစ် သား ကတည်းက စရောက်ပြီး ကြီးပျင်းလာတဲ့ မြန်မာလူမျိုး ရုပ်ရှင်ရိုက်ကူးသူ ကိုသိန်းဒန် ဆိုသူဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးထားတာကို ခံနေရပြီး အင်းစိန် အကျဥ်းထောင်ထဲမှာ ရောက်နေပါတယ်။

    သူဟာ ဧပြီလကတည်းက ဖမ်းခံထားရတာ ဖြစ်တယ်လို့ အာဆာဟိ ရှင်ဘွန်း သတင်းစာက ရေးပါတယ်။

    အခုဆိုရင် သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန် ရုပ်ရှင်ဒါရိုက်တာများ သမဂ္ဂ DGJ အပါအဝင် ဂျပန်မှာ ရှိတဲ့ သူ့ရဲ့ မိတ်ဆွေတွေက တောင်းဆို နေကြပါတယ်။

    မြန်မာထောင်ထဲကနေ မေလတုန်းက လွတ်လာပြီးဂျပန်ကို ပြန်ရောက်လာတဲ့ အလွတ်သတင်းထောက် ယူကီ ကီတာဇုမိနဲ့ ကိုသိန်းဒန်တို့ဟာ မိတ်ဆွေတွေ ဖြစ်ကြတယ်လို့ နားလည်ရပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ကိုသိန်းဒန်က ငွေကြေး ထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ စစ်အာဏာပိုင်တွေက စွပ်စွဲနေတာ ဖြစ်တယ် ဆိုပြီး သူ့မိတ်ဆွေ တချို့က ပြောကြပါတယ်။

    သူရိုက်ကူးထားတဲ့ မှတ်တမ်း ဗီဒီယိုတချို့ကို ကီတာဇုမိဆီ ရောင်းပြီး ရတဲ့ ဒေါ်လာနှစ်ထောင် ဝန်းကျင်ကို ဆန္ဒပြသမားတွေကို ပေးခဲ့တယ်လို့ မြန်မာ စစ်အာဏာပိုင်တွေက သံသယ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကီတာဇုမိကတော့ သူ့အနေနဲ့ ကိုသိန်းဒန်ဆီက ဘာဗီဒီယို မှတ်တမ်းမှ မဝယ်ဖူးဘူး၊ ပိုက်ဆံလည်း မပေးဖူးဘူးဆိုပြီး ငြင်းဆိုပါတယ်။

    ကိုသိန်းဒန်ဟာ အနှိပ်အစက် ခံရပြီး ဝန်ခံချက် လက်မှတ်ကို အတင်းအဓမ္မနဲ့ ထိုးခိုင်းတာ ခံရတဲ့အကြောင်း ထောင်ထဲမှာ သူ့ကို ပြန်ပြော ပြတယ်လို့ ကီတာဇုမိက ဂျပန် ဒါရိုက်တာများ သမဂ္ဂ DGJ ရှေ့မှောက် ထွက်ဆိုထားပါတယ်။

    အသက် ၃၇ နှစ် အရွယ် ကိုသိန်းဒန်ဟာ အင်းစိန်ထောင်ထဲမှာ တရားရုံးက အမိန့်ချမှာကို စောင့်နေရတယ်လို့ ဆိုပါတယ်။

    ဂျပန်မှာ အမြဲတမ်း နေထိုင်ခွင့်ရထားသူလို့ နားလည်ရတဲ့ ကိုသိန်းဒန်ဟာ ကာဝါဆာကီမှာ ရှိတဲ့ ရုပ်ရှင် အကယ်ဒမီ JAMI ကောလိပ်ကျောင်းမှာ ဒါရိုက်တာ ပညာ အပါအဝင် တခြား ရုပ်ရှင်ပညာတွေ သင်ကြားခဲ့သူ ဖြစ်ပါတယ်။

    ၂၀၁၈ လောက်ကစပြီး မြန်မာပြည်နဲ့ အသွားအပြန် လုပ်ကာ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ရိုက်ကူး နေခဲ့ပြီး၊ ရန်ကုန်မှာ အလုပ် ကုမ္ပဏီတစ်ခု ထူထောင် ထားတယ်လို့ ဆိုပါတယ်။

  15. လွိုင်ကော်စစ်ရှောင်တွေထဲ ကိုဗစ်ကူးမှုစက်ရှိပေမဲ့ လော့ဒေါင်းကြောင့် ပိုးတွေ့နှုန်းကျလာ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ကို စစ်ရှောင်ကြတဲ့ ဒေသခံတွေကြားမှာ ကိုရိုနာဗိုင်းရက်စ်ပိုး တွေ့ရှိခဲ့ပေမဲ့ သီတင်း ၂ ပတ်ကြာ အသွားအလာကန့်သတ်တဲ့ လော့ဒေါင်းချလိုက်တာကြောင့် ပိုးတွေ့သူကျလာတယ်လို့ အဲဒီမှာ စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်မှာ ပိုးတွေ့သူ တစ်နေ့ ၁၀ ဦးနီးပါးအထိရှိခဲ့လို့ သြဂုတ်လ ၅ ရက်ကစပြီး လော့ဒေါင်းချလိုက်တာဖြစ်ပါတယ်။

    ရောဂါကို ကွင်းဆက်ဖြတ်လိုက်နိုင်တယ်လို့ ယူဆရတာကြောင့် အဲဒီနောက်ပိုင်း သီတင်းတစ်ပတ်ကျော်အတွင်းမှာ ရောဂါပိုးလာစစ်သူ နည်းသွားသလို ပိုးတွေ့နှုန်းလည်း ကျသွားတယ်လို့ အဲဒီမှာ စေတနာအလျောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ''လော့ဒေါင်း စချပြီဆိုကတည်းက သူတို့(စစ်ရှောင်)တွေကို ၂ ပတ်စာရိက္ခာ တခါတည်း ထုတ်ပေးလိုက်တယ်။ ဒီမှာက တဲတွေ ၄၊၅ တဲ တစ်စုလို ဖြစ်နေတော့ ဖြစ်နိုင်ရင် ကိုယ့်တဲမှာပဲ ကိုယ်နေဖို့၊ ဘေးက တဲတွေနဲ့ စကားပြောရင်လည်း အခြေခံလိုက်နာစရာရှိတာ လိုက်နာဖို့၊ လိုအပ်လို့ တောထဲ ရှာစရာရှိမယ်ဆိုရင်လည်း မက်စ် တပ်သွားလာဖို့ အဲဒီလိုတော့ စည်းကမ်းပြောထားပါတယ်။ အမှန်တော့ ပိုးတွေ့သူကို သီးခြားခွဲပြီး ကျန်းမာရေးစောင့်ရှောက်ပေးထားချင်တာပါ။ သူတို့မှာလည်း ကလေးငယ်ငယ်လေးတွေရှိတော့ ထိန်းရမှာ မလွယ်ဘူးလေ။ ဒါကြောင့် ကိုယ့်နေရာမှာပဲ ကိုယ်ပြန်နေခိုင်းလိုက်တာ''လို့ အဲဒီ ဆရာဝန်က ပြောပါတယ်။

    လက်ရှိမှာ ပိုးတွေ့လူနာ ၃၅ ဦးအထိရှိပြီး စိုးရိမ်လူနာမရှိသေးပေမဲ့ လက်ရှိကိုဗစ်လူနာတွေဟာ ပိုးကူးစက်ခံထားရတာ သီတင်းတစ်ပတ်ပဲရှိနေသေးတာကြောင့် ဒုတိယတစ်ပတ်ကာလ ရောဂါအခြေအနေကို စောင့်ကြည့်နေဆဲလို့ သိရပါတယ်။

    စစ်ရှောင်တဲ့သူတွေထဲမှာ အခြေခံကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်နေလို့ သက်ဆိုင်ရာအစုတွေမှာ ရောဂါပိုးလက္ခဏာရှိသူတွေ့ရင် ရောဂါထိန်းချုပ်ရေးဆရာဝန်တွေဆီ တဆင့်အကြောင်းတဲ့ ပုံစံမျိုးနဲ့ သွားနေတယ်လို့လည်းသိရပါတယ်။

    ''အခုက လာစစ်လို့ ပိုးတွေ့တယ်။ သိတယ်ပေါ့။ လက်လှမ်းမမီတဲ့အစုအဖွဲ့တွေလည်း ရှိကောင်းရှိနိုင်တယ်။ အဲဒီအတွက် ကျန်းမာရေးအဖွဲ့က အောက်စီဂျင်၊ဆေးဝါး စသဖြင့် အသင့်ဖြစ်အောင်တော့ ပြင်ဆင်ထားပါတယ်။ လောလောဆယ်တော့ လှူထားတဲ့ဆေးဝါးတွေက ပြည့်စုံတဲ့အနေအထားမှာ ရှိနေပါသေးတယ်''လို့ ကယားစစ်ရှောင်တွေကို ကုသမှုပေးနေတဲ့ဆရာဝန်က ပြောပါတယ်။

    လက်ရှိ ကိုဗစ်ကူူးစက်မှုတွေရှိနေတဲ့ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက အဲဒီ စစ်ရှောင်စခန်းမှာ စစ်ရှောင် ၂ ထောင်ကျော်အထိရှိနေပြီး အများစုဟာ ကယန်းသာယာတိုက်နယ်အပါအဝင် အနီးနားကျေးရွာ ၁၀ ရွာနီးပါးက စစ်ဘေးရှောင်လာကြသူတွေလို့ သိရပါတယ်။

  16. အာဆီယံအထူးသံတမန်ကို အားပေးထောက်ခံကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးပြော, အmဆီယံအထူးသံ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး အွန်လိုင်းကနေ ဆွေးနွေး

    မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံရဲ့ အထူးသံတမန် အဖြစ် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) ဒါတို အီရာဝန် ဖင်း ယူဆွဖ် ခန့်အပ်ခြင်း ခံရတဲ့ အပေါ် အင်မတန် ဂုဏ်ယူတယ်လို့ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရတ် ဆိုခွန်း Prak Sokhonnက ပြောပါတယ်။

    ဘရူနိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး မူဝါဒပိုင်းတွေမှာ အဓိက တာဝန်ရှိသူ နှစ်ယောက် အွန်လိုင်းကနေတဆင့် စကားပြောဆို ဆွေးနွေးကြတုန်းမှာ မြန်မာအရေး ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    ဒါတို အီရာဝန် ယူဆွဖ်ဟာ အာဆီယံရဲ့ အထူးသံတမန် တစ်ယောက် အနေနဲ့ မြန်မာပြည် ငြိမ်းချမ်းတည်ငြိမ်ပြီး ပုံမှန် အခြေအနေ ပြန်လည် ရောက်ရှိနိုင်ရေးကြိုးစားမယ့် အပေါ်သူ့ အနေနဲ့ အားပေး ထောက်ခံပါကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

    ဒါ့အပြင် မြန်မာ့အရေး ဂျာကာတာ ဆွေးနွေးပွဲကနေ ရရှိထားတဲ့ အာဆီယံ ဘုံသဘောထား ၅ ချက် နဲ့ ပတ်သက်ပြီးတော့လည်း အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်လို့ ကမ္ဘောဒီးယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။ အသေးစိတ် ဘာတွေ ပြောဆိုခဲ့ကြလဲ ဆိုတာတော့ မသိရသေးပါဘူး။

    ဇွန်လလယ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ အရေးနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်ဖို့ တိုက်တွန်း တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက် ချမှတ်တုန်းက မဲမပေးပဲ နေခဲ့တဲ့ နိုင်ငံတွေထဲ ကမ္ဘောဒီးယားလည်း ပါဝင်ပါတယ်။

    အဲဒီအချိန် မဲမပေးပဲ နေခဲ့တဲ့ အာဆီယံ နိုင်ငံတွေထဲကိုကြည့်ရင် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနဲ့ ထိုင်း နိုင်ငံတို့ ဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ကုလ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

    အဲဒီ အချက်ကိုကြည့်ပြီး မြန်မာအရေးနဲ့ ပတ်သက်ရင် အာဆီယံ ဘုံသဘောတူချက် ၅ ချက် ရှိနေတယ်လို့ ဆိုပေမယ့်၊ မတူတဲ့ ရပ်တည်မှုတွေ ကိုယ်စီ ရှိနေကြတဲ့ အာဆီယံ အဖွဲ့အတွင်းမှာကို မြန်မာအရေး တသံတည်း တသဘောထဲ ထွက်ဖို့ရာ အတော်လေး ညှိယူရဖွယ် ရှိတယ်လို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာ သူတွေက ထောက်ပြကြပါတယ်။

  17. ကမ္ဘာတစ်၀န်းက မြန်မာ့တော်လှန်ရေးညီအစ်မများ

  18. ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနဲ့ ၀န်ကြီးတချို့ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုအပါအ၀င် ပြည်နယ်အစိုးရ ၀န်ကြီးတွေ ဖြစ်တဲ့ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနဲ့ ဦးကျော်လွင်၊ ဦးမင်းအောင်တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

    ၀န်ကြီးချုပ် ဦးညီပု၊ ဘဏ္ဍာအခွန် ၀န်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နဲ့ စက်မှု၀န်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးမွေးမြူရေးနဲ့ သတ္ထုတွင်း၀န်ကြီး ဦးကျော်လွင်နဲ့ စည်ပင်၀န်ကြီးဟောင်း ဦးမင်းအောင်တို့ဟာ အစိုးရတာ၀န်တွေ ထမ်းဆောင်နေစဥ်အတွင်း အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က စွပ်စွဲပါတယ်။

    ဦးညီပုအပါအ၀င် တခြား၀န်ကြီးအချို့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာရှိပေမဲ့ စိုက်ပျိုးရေးနဲ့ သတ္ထုတွင်း၀န်ကြီး ဦးကျော်လွင်ကတော့ ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ရမ်းဗြဲမြို့က သူ့နေအိမ်ကနေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အစိုးရလက်ထက်မှာ တာ၀န်ထမ်းဆောင်ခဲ့တဲ့ ၀န်ကြီးချုပ် အများစုကို အဂတိလိုက်စားမှု စွဲချက်တွေနဲ့ စွပ်စွဲထားပါတယ်။

  19. စစ်ကောင်စီက ရုံးပိတ်ရက် တစ်ပတ်ထပ်တိုး

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၂၂ ရက်နေ့ အထိ အများပြည်သူရုံးပိတ်ရက်အဖြစ် တိုးမြင့်သတ်မှတ်လိုက်ကာ အခြေခံပညာကျောင်းတွေ၊ အစိုးရရုံးတွေနဲ့ ဘဏ်တွေကိုလည်း ပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

    ကိုဗစ် တတိယလှိုင်းဒဏ် စတင်ပျံ့နှံ့ပြီး နေ့စဥ် ပိုးကူးစက်ခံရသူတွေ၊ သေဆုံးသူဦးရေ များလာပြီးတဲ့နောက်ပိုင်း အများပြည်သူ ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီက လေးကြိမ် သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

    ဇူလိုင်လ ၁၇ ရက်နေ့ကတည်းကစပြီး ရုံးပိတ်ရက်ရှည် သတ်မှတ်ခဲ့တာကြောင့် အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ရုံးထုတ် စစ်ဆေးလေ့ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ရဲ့ အမှုရုံးချိန်းတွေလည်း ဆက်တိုက် ရွှေ့ဆိုင်းခဲ့ရပါတယ်။

    ရှေ့နေအဖွဲ့အနေနဲ့လည်း လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်မရသေးတာကြောင့် သူတို့ရဲ့ ကျန်းမာရေးအခြေအနေအပေါ် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

  20. ရခိုင်ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးဟောင်း အဖမ်းခံရ

    ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီး ဦးကျော်လွင်ကို ဩဂုတ်လ ၁၂ ရက် ဒီကနေ့နေ့လယ်ပိုင်း ၁ နာရီလောက်မှာ အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ဦးကျော်လွင်ဟာ အာဏာသိမ်းခံလိုက်ရပြီး အစိုးရအဖွဲ့ဖြုတ်ချခံလိုက်ရတဲ့အချိန်ကစလို့ ဇာတိမြို့ဖြစ်တဲ့ ရမ်းဗြဲမြို့ အမှတ် ၁ သာယာကုန်းရပ်ကွက်နေအိမ်မှာ နေထိုင်နေတာဖြစ်ပြီး နေ့လယ်ပိုင်းက နေအိမ်မှာရှိနေစဉ် မြို့နယ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပ်ပါတယ်။

    လတ်တလောသတင်းတွေအရတော့ သူ့ကိုနေ့လယ်ပိုင်းမှာ ရမ်းဗြဲမြို့တရားရုံးမှ ာချက်ချင်းရမန်ယူပြီး နေရာပြောင်းရွှေ့လိုက်ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒါနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    ဦးကျော်လွင် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရမ်းဗြဲမြို့မရဲစခန်းကို ဆက်သွယ်စုံစမ်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

    ဦးကျော်လွင်ကို နေ့လယ်ပိုင်းက ဖမ်းဆီးလိုက်တာမှန်ကန်ကြောင်း ဒေသအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတစ်ဦးကတော့အတည်ပြုပြောဆိုထားပြီး ဘာကိစ္စနဲ့ဖမ်းတယ်၊ လက်ရှိမှာ သူ့ကိုဘယ်နေရာမှာထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

    ဒါ့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့အချိန်ကစလို့ ဖမ်းဆီးခံလိုက်ရပြီး အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရသလို သူ့ကိုလည်း တပ်မတော်လက်ထဲမှာ ထားရှိတယ်လို့ သိရပါတယ်။

    စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်အပါအဝင် NLD ပါတီဝင်တချို့ကိုလည်း အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့အတွက် ဖမ်းဆီး တရားစွဲဆိုခံနေကြရတာ ဖြစ်ပါတယ်။

    ဦးကျော်လွင်ဟာ ရမ်းဗြဲမြို့နယ်က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကိုယ်စားပြု အနိုင်ရရှိခဲ့ပြီး ဝန်ကြီးနေရာကို လက်ခံတဲ့အတွက် ပါတီကထုတ်ပယ်ခံလိုက်ရကာ ANP ကခွဲထွက်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီထဲဝင်ရောက်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။