ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ညောင်ရွှေမြို့နယ်က ရဲတပ်သားတစ်ဦး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူးပေါင်း

    ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ ညောင်ရွှေမြို့မရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦး အင်းအမျိုးသားကာကွယ်ရေးတပ် INDF နဲ့ပူးပေါင်းလာတယ်လို့ INDF ဘက်က ဒီကနေ့ သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

    " သူက အာဏာသိမ်းပြီးကတည်းက CDM လုပ်ထားတဲ့ရဲပါ။ အခုမှ ကျွန်တော်တို့နဲ့လာရောက်ချိတ်ဆက်ပူးပေါင်းတာပါ။ အခုတော့ သူကို့လုံခြုံတဲ့နေရာမှာထားပေးပြီး လိုအပ်တာတွေကူညီထောက်ပံ့ပေးဖို့လုပ်နေပါတယ်" လို့ အင်းအမျိုးသားကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။အင်းအမျိုးသားကာကွယ်ရေးတပ်ဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အင်းလေးဒေသမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အင်းအမျိုးသားတရပ်လုံးကိုကိုယ်စားပြုတယ်လို့ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုလိုလားတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ CRPH တို့နဲ့အတူ တခြား ဒေသကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့အင်းအမျိုးသားကာကွယ်ရေးတပ်က အဖွဲ့ဝင်တွေကပြောပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ သက်ဆိုင်ရာညောင်ရွှေမြို့မ ရဲစခန်းနဲ့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

  2. ထောင်ဝင်စာပို့ဖို့ ကူညီပေးနေတဲ့အဖွဲ့ရဲ့ ငွေစာရင်းတချို့ အပိတ်ခံရ

    အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရင်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို မိသားစုဝင်တွေဆီကတဆင့် ထောင်ဝင်စာပို့ဖို့အကူအညီပေးလုပ်ဆောင်ပေးနေတဲ့ 'ထောင်ဝင်စာပို့ကြမယ်' ဆိုတဲ့ အစီအစဉ်က ငွေစာရင်းတချို့ကို သက်ဆိုင်ရာငွေလွှဲလုပ်ငန်းကပိတ်သိမ်းလိုက်တယ်လို့ အဖွဲ့ကဦးဆောင်သူတွေက ပြောပါတယ်။

    " ၁၃ရက်နေ့ကစပိတ်ခံရတာ။ ထောင်ဝင်စာပို့ကြမယ်က ငွေစာရင်းတစ်ခုဖြစ်တဲ့ wave အကောင့်ကိုပိတ်တာ။ ဖုန်းဆက်ကြည့်တော့ အာဏာပိုင်တွေက ပိတ်ခိုင်းတယ်ပဲပြောတယ်။ ကျွန်တော်တို့ငွေစာရင်းတွေ အထဲမှာကျန်သေးတယ်ပြောတော့လည်း သက်ဆိုင်ရာကပိတ်ခိုင်းတာ။ စိစစ်ပေးမယ်ပဲပြောတယ်" လို့ ထောင်ဝင်စာပို့ကြမယ်အစီစဉ်ရဲ့ ဦးဆောင်သူ တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုဇေယျာလွင်က ဘီဘီစီကိုပြောပါတယ်။

    ထောင်ဝင်စာပို့ကြမယ်အစီအစဉ်ဟာ အာဏာသိမ်းပြီးနောက် တကသ ကျောင်းသားတချို့ ထောင်ထဲကပြန်လည်လွတ်မြောက်လာပြီးချိန်မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုထောင်ဝင်စာပေးပို့ကူညီရာမှာအများစုဟာ ထောင်ဝင်စာပို့ဖို့ ခက်ခဲနေတဲ့ မိသားစုတွေဖြစ်ပြီးတော့မိသားစုတွေကိုယ်တိုင် ပေးပို့နိုင်အောင် အဖွဲ့ကနေ ထောင်ဝင်စာပစ္စည်းတွေစီစဉ်ပေးနေတာလည်းဖြစ်ပါတယ်။

    ဒီလိုပေးပို့ရာမှာ တလကိုနှစ်ကြိမ်ထောင်ဝင်စာပေးပို့ဖို့လုပ်ဆောင်ပေးနိုင်ပြီး ရန်ကုန်အင်းစိန်အကျဉ်းထောင် ၊ မန္တလေးအိုးဘိုထောင် နဲ့တောင်ငူအကျဉ်းထောင်တွေကို ချိတ်ဆက်ပေးပို့နေတာဖြစ်ပြီး လူဦးရေ ၂ဝဝ လောက်ထိ ထောင်ဝင်စာပေးပို့နိုင်တယ်လို့ သိရပါတယ်။

    အခုလို ထောင်ဝင်စာပေးပို့ပေးနေတဲ့အစီအစဉ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ရင်း အကျဉ်းထောင်တွေထဲကို ရောက်ရှိသွားသူတွေကို ကူညီပေးနေတာဖြစ်တဲ့အတွက်တော်လှန်ရေးရဲ့ တစိတ်တပိုင်းဖြစ်လို့ အခုလို ငွေစာရင်းပိတ်ခံရတာတွေ ၊ ပါဝင်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ရတာတွေလည်း ရှိနေတာဖြစ်တယ်လို့ အစီအစဉ်ဦးဆောင်သူတွေက သုံးသပ်ပါတယ်။

    တဖက်မှာလည်း ဗဟိုဘဏ်ကနေဘဏ်တွေ၊ ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုလုပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို တရားမဝင်ငွေလွှဲပြောင်းမှုတွေကို စောင့်ကြည့်ပြီး တွေ့ရှိပါက ဗဟိုဘဏ်ကိုအကြောင်းကြားဖို့ပြောဆိုထုတ်ပြန်ထားပြီးပျက်ကွက်ခဲ့ရင်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ နဲ့အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။အဲ့ဒီနောက်ပိုင်းမှာ စစ်ဘေးရှောင်တွေကို ကူညီလုပ်ဆောင်ပေးနေသူတွေရဲ့ငွေစာရင်းတချို့အပိတ်ခံရတာတွေနဲ့အခုလို ထောင်ဝင်စာပေးပို့ကူညီသူတွေရဲ့ ငွေစာရင်းတွေ အပိတ်ခံရတဲ့ဖြစ်ရပ်တွေဖြစ်လာတယ်လို့ငွေစာရင်းအပိတ်ခံရသူတွေက ဆိုပါတယ်။

  3. ကိုဗစ် ဗီဇမျိုးသစ် Lambda မြန်မာနိုင်ငံမှာ မတွေ့သေးလို့ပြော

    ကိုဗစ်မျိုးဗီဇနောက်တစ်မျိုးဖြစ်တဲ့ Lambda ကို အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ဖိလစ်ပိုင်မှာတွေ့လာရတဲ့နောက် မြန်မာနိုင်ငံမှာ ပိုးမျိုးဗီဇသစ်လေ့လာမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်တာတွေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

    လက်ရှိ စစ်ကောင်စီလက်အောက်တပ်မတော်ဆေးသုတေသနဦးစီးဌာနအနေနဲ့ ပိုးဗီဇသစ်တွေနဲ့ပတ်သက်ပြီးသုတေသနလုပ်နေတယ်လို့ဆိုပါတယ်

    ကိုဗစ်မျိုးဗီဇနောက်တစ်မျိုးဖြစ်တဲ့ Lambda ကိုမြန်မာနိုင်ငံမှာတွေ့ရှိသေးခြင်းမရှိဘူးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

    မြန်မာနိုင်ငံက ယူကေကစတင်တွေ့ရှိတဲ့ ကိုဗစ်ဗီဇပြောင်း အယ်လာဖာပိုး တောင်အာဖရိက ဘီတာပိုး အိန္ဒိယက စတွေ့တဲ့ ဒယ်လ်တာပိုးနဲ့ဆာဖာပိုးတို့ ပဲတွေ့ရှိသေးတယ်လို့ သူက ပြောပါတယ်။

    Lambda က ကူးစက်မှုမြန်ပြီး ကာကွယ်ဆေးတွေကို ခုခံနိုင်မှုမြင့်တယ်လို့ဆိုတဲ့ ယူဆချက် ကောက်ယူချက်တွေရှိတယ်လို ဆိုပါတယ်။

  4. အနုပညာရှင် ဦးခွာနီး ကွယ်လွန်

    ဓာတ်ပုံခွာနီး အဖြစ် လူသိများတဲ့ စွယ်စုံ အနုပညာရှင် ဦးခွာနီးဟာ ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဦးခွာနီးဟာ ရန်ကုန်က အင်းလျား စင်တာမှာ သီတင်း သုံးပတ်ကြာ ကုသမှုခံယူခဲ့ပြီးနောက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

    အသက် ၇၄ နှစ် အရွယ် ဦးခွာနီးရဲ့ ရုပ်အလောင်းကို နေ့တွင်းချင်းပဲ ညနေ ၃ နာရီ ၁၅ မှာ ရေဝေးသုသာန်မှာ မိသားစုက မီသင်္ဂြိုဟ်ခဲ့ပါတယ်။

    ဦးခွာနီးဟာ ဓာတ်ပုံဆရာတစ်ယောက်သာမက စာရေးဆရာ၊ အဆိုတော် တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

    ကိုယ်ပိုင်သံစဉ် သီချင်းတွေဖြစ်တဲ့ သူစိမ်းလက်သို့နဲ့ ကျေးဇူးတင်ပါတယ် အချစ်ရယ် စတဲ့ သီချင်းခွေတွေ အပါအဝင် တကိုယ်တော် တေးသီချင်းစီးရီး တချို့ကို ဦးခွာနီး သီဆိုထုတ်ဝေခဲ့ဖူး ပါတယ်။

    ဦးခွာနီးဟာ ရုပ်ရှင်ကားတွေအတွက် ရုပ်ငြိမ်ဓာတ်ပုံရိုက်ကူးတာ သပြေမဂ္ဂဇင်း မျက်နှာဖုံးရဲ့ ပင်တိုင် ဓာတ်ပုံတွကိုရိုက်ကူးခဲ့တာ အပြင် အနုပညာရှင်တွေရဲ့ ပုံရိပ်တွေ အများအပြားကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

    စာပေနဲ့ပတ်သက်လို့တော့ နာမည်ကျော် စာရေးဆရာတွေဖြစ်ကြတဲ့ နွမ်ဂျာသိုင်း၊ သုမောင်တို့နဲ့ အတူ ဝတ္တုတို တစ်အုပ် ဦးခွာနီး ရေးသားထုတ်ဝေခဲ့ဖူးပြီး လုံးချင်း ဝတ္တု ၁၅ အုပ် လည်း ရေးခဲ့ဖူးတယ်လို့ ဦးခွာနီးရဲ့ သားဖြစ်သူ ဓာတ်ပုံအနုပညာရှင် ကိုဝဏ္ဏ ခွာနီးက ဘီဘီစီကို ပြောပါတယ်။

    ဦးခွာနီးရေးသားတဲ့ မီးစိမ်းပြမှ မောင်းပါ ဝတ္တုတိုက ထင်ရှားတယ်လို့ ဆိုပါတယ်။

    ဖခင် ကွယ်လွန်သွားတဲ့ အတွက် ဖော်ပြလို့မရတဲ့ ဆုံးရှုံးမှုကိုခံစားရပြီး ဖခင်ဖြစ်သူရဲ့ ကျေးဇူးတရားတွေကို ထာဝစဉ် ရင်ထဲမှာ အမှတ်ရနေမှာ ဖြစ်တယ်လို့ သားဖြစ်သူက ပြောပါတယ်။

    အဖေဖြစ်သူက သားရဲ့ အနောက်ကနေ အစဉ်အမြဲ အပြည့်အဝ ထောက်ပံ့ပေးခဲ့သူဖြစ်တယ်။ ဖခင်ကြောင့်သာ နာမည်ကျော် ဓာတ်ပုံအနုပညာရှင် တစ်ယောက်အနေနဲ့အခုလို ရပ်တည် နေနိုင်တာဖြစ်တယ်လို့ ဓာတ်ပုံ အနုပညာရှင် ကိုဝဏ္ဏခွာနီးက ပြောပါတယ်။

    သဘောကောင်းပြီး လူတိုင်းက ချစ်ခင်တဲ့ အဖေ့ရဲ့ သား တစ်ယောက်ဖြစ်ရလို့ ဂုဏ်ယူမိတယ်လို့ လည်း သူက ပြောပါတယ်။

    သြဂုတ်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဦးခွာနီးမှာ ဇနီး ဒေါ်မြမြငြိမ်း၊ သား ကိုဝဏ္ဏခွာနီး၊ သမီး မခင်ချိုအောင်နဲ့ မြေး နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

  5. လူနာမရှိတော့လို့ ကလေးမြို့အိတ်စွတ် ကိုဗစ်စင်တာ ပိတ်မယ်

    ကိုဗစ် တတိယလှိုင်း အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လူရာနဲ့ချီပြီး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က အိတ်စွတ်ကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် လူနာလက်ကျန်အရေအတွက် မရှိတော့တဲ့ အတွက် စင်တာကို သြဂုတ်လ ၁၇ ရက်နေ့ မနက်ဖြန်မှာ ပိတ်ဖို့စီစဥ်နေတယ်လို့ အဆိုပါ စင်တာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    လူနာ (၄၀၀)ခန့် လက်ခံနိုင်တဲ့ အိတ်စွတ်စင်တာမှာ လက်ရှိကုသမှုခံယူနေတဲ့ လူနာအရေအတွက်မှာ နှစ်ဦးသာကျန်ရှိ‌တော့ပြီး အဆိုပါလူနာနှစ်ဦးကို လည်း ယနေ့ညနေမှာ အခြားကုသရေးစင်တာဖြစ်တဲ့ တိုင်းရင်းဆေးရုံကို ပြောင်းရွှေ့ကုသမှုခံယူမှာ ဖြစ်‌‌တာကြောင့် လူနာလက်ကျန်အရေအတွက် လုံးဝမရှိတော့တဲ့အတွက် စင်တာကို ပိတ်သိမ်းတာဖြစ်တယ်လို့ လည်းသူကပြောပါတယ်။

    အိတ်စွတ်စင်တာဟာ ကလေးမြို့က ဝန်းထမ်းအိမ်ရာ အသစ်တစ်ခုဖြစ်ပြီး လူတွေမနေခင်မှာ ကိုဗစ်ဖြစ်လာတဲ့ အတွက် ကိုဗစ်ကုသရေး စင်တာ အဖြစ်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

    ကလေးမြို့မှာ ကိုဗစ်လူနာတွေကို တိုင်းရင်းဆေးရုံ၊ ၊ အားမာန်စင်တာ၊ ဆေးရုံကြီးတို့မှာ လက်ခံကုသပေးနေတာလည်းဖြစ်ပါတယ်။

    အိတ်စွတ်စင်တာကို ဖွင့်လှစ်ပြီး ကိုဗစ်လူနာတွေကို ကုသပေးခဲ့တာ ၃ လ ခန့်ရှိပြီဖြစ်တယ်လို့စင်တာ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်ပြတ်လပ်မှုနှင့်ရင်ဆိုင်ခဲ့ရပြီး လူသေဆုံးမှုများခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဇူလိုင်လနောက်ဆုံးပတ် စပြီး ပိုးတွေ့လူနာနှင့် သေဆုံးလူနာ သိသိသာသာလျော့ကျလာခဲ့ပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဇွန်လကုန်နှင့် ဇူလိုင်လလယ်ပိုင်းအတွင်း တစ်ရက်လျှင် ပျမ်းမျှ ဆယ်ဦးအထက်သေဆုံးခဲ့ပြီး ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေကိုပါတွက်ရင် တစ်လကို သေဆုံးသူ ၅၀၀ ခန့်အထိ ရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

  6. စပါးစျေး တင်းတစ်ရာ သုံးသောင်းဝန်းကျင်စျေးတက်

    ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ စပါးအမျိုးအစားပေါ်မူတည်လို့ တင်းတစ်ရာမှာ ကျပ်သုံးသောင်းစီလို့ပျမ်းမျှဈေးတက်လာတယ်လို့ ဆန်ကုန်စပါးကုန်သည်တွေက ပြောပါတယ်။

    သြဂုတ်လဆန်းလောက်ထိ ဧည့်မထအုပ်စုဝင် စပါးတင်းတစ်ရာကို ကျပ် ၆ သိန်းဝန်းကျင်ဈေးကနေ အခုရက်ပိုင်းမှာတော့ ၆ သိန်း ၃ သောင်းလောက်ထိ ဈေးတက်လာခဲ့တာလည်း တွေ့ရတယ်လို့ဆိုပါတယ်။

    စျေးတက်ပေမဲ့ မြန်မာဆန်ကို အဓိက ဝယ်ယူနေတဲ့ တရုတ်နယ်စပ်ကတော့ ကိုဗစ်ရောဂါတွေ ဖြစ်လို့ ပိတ်ထားတာ တစ်လလောက်ရှိပြီဖြစ်ပါတယ်။

    အခုရက်ပိုင်း ငွေလဲနှုန်းကြောင့် ကုန်သည်တွေက ပြည်ပပို့ဖို့မှန်းပြီး ကုန်သည်တွေက ကြိုဝယ်နေကြတာဖြစ်ပြီး မြန်မာငွေလဲနူန်းပြောင်းနေတာကြောင့် မြန်မာငွေကိုင်မထားချင်သူ ‌တွ‌ေကဝယ်နေကြတာလို့ ဆိုပါတယ်။

    စပါးဈေးတက်လာတဲ့နဲ့အမျှ ဆန်ဈေးနှုန်းဟာလည်း ဧည်မထအုပ်စုဝင် ဆန်တစ်အိတ်ကို ပျမ်းမျှ ကျပ်တစ်ထောင်ခန့် ဈေးတက်လာခဲ့ပြီး ပေါ်ဆန်း ဆန်ဈေးနှုန်းကတော့ တစ်အိတ်ကို ကျပ် နှစ်ထောင်ခန့်ပျမ်းမျှဈေး တက်လာခဲ့တယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

    စပါးဈေးတက်လာတဲ့အတွက်လည် းဆန်ကွဲနဲ့နဲ့ ဖွဲနုဈေးနှုန်းတွေဟာလည်း ပျမ်းမျှ ၅ ရာခိုင်နှုန်းလောက် တက်လာခဲ့ပါတယ်။

    မိုးစပါးအသစ်ပေါ်ဖို့ တစ်လလောက်အလိုမှာ တက်လာတဲ့စပါးဈေးဆန်ဈေးဟာ မိုးစပါးပေါ်တဲ့အချိန် တရုတ်လိုင်းမပွင့်ရင်တော့ စျေးဆက်တက်ဖို့မရှိဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

    ဒီနှစ်မိုးစပါးရာသီစိုက်ပျိုးတဲ့အချိန်မှာ ဓာတ်မြေသြာဇာအပါအဝင် သွင်းအားစုတွေ ဈေးမြင့်ခဲ့တဲ့အတွက် မိုးစပါးပေါ်ချိန် ဈေးကျမယ်ဆိုရင်တော့ တောင်သူတွေဆုံးရှုံးမူ့ ပိုများနိုင်တယ်လို့တော့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

  7. ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

    ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီတပ် နဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်တို့ ၃ရက်မြောက်အဖြစ် တိုက်ပွဲတွေဆက်ရှိနေသလို တိုက်ပွဲအရှိန် ပိုပြင်းထန်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မိုးအဆက်မပြတ်ရွာသွန်းလို့ စစ်ရှောင် ဒေသခံတွေလည်းအခက်အခဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

    တိုက်ပွဲက ရွာတွေနီးတော့ ရွာကလူတွေ မိုးရွာနေတဲ့ကြားမှာ‌နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

    လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေဖြစ်နေတာဖြစ်ပြီးတော့ မင်းတပ်မြို့ အနောက်ဘက် နဲ့မင်းတပ် မြို့မြောက်ဘက် ခြမ်းမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    တိုက်ပွဲ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ စာရင်းကိုတော့ ဒေသခံလက်နက်ကိုင်အဖွဲ့ရော စစ်ကောင်စီဘက်က ပါထုတ်ပြန်ချင်းမရှိသေးပါဘူး။

  8. တန့်ဆည်မှာ ရဲကားတန်း မိုင်းထိ၊ကားနှစ်စီးတာယာပွင့် တစ်ဦးဒဏ်ရာရ

    တန့်ဆည်မြို့နယ်မြောက်ပိုင်း တန့်ဆည် ‌ဒေါင့်ကြီးသွားတဲ့ ကားလမ်းမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ ယာဥ်တန်းဖြတ်လာစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦးဒဏ်ရာရကာ ကားအချို့ထိခိုက် ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံ အချို့က ပြောပါတယ်

    ပေါက်ကွဲမှု ဟာတန့်ဆည်မြို့ ‌ဒေါင့်ကြီးကျေးရွာနဲ့ အင်းကုက္ကားကျေးရွာကြား မူးဘောင်တံတားအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ လက်လုပ် မိုင်းလေးလုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ကားနှစ်စီးတာယာပွင့်ထွက်ကာ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဘီဘီစီကိုပြောပါတယ်။

    သြဂုတ်လ ၁၆ ရက်နေ့ မနက် ၄ နာရီကျော်က တန့်ဆည်မြို့ဒေါင့်ကြီးရွာက နေအိမ်တစ်လုံး လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး နွားစာတဲနှစ်လုံး မီးရှို့ခံရတဲ့ အတွက် သွားရောက်စစ်ဆေးပြီး အပြန်မှာ အခုလိုတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

    အဲ့ဒီဒေါင့်ကြီးရွာနေအိမ်က မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းကိုလည်း ဖောက်ခွဲဖျက်စီးပေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။

    ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့က မုံရွာ မြို့အဝင်နဲ့ မြို့အတွင်းမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ မုံရွာဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

  9. ထိန်းသိမ်းခံ NLD ပဲခူးအမတ် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

  10. မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်

    မုံရွာမြို့မြောက်ဘက် ချင်းတွင်းတံတားအနီး မြို့အဝင်စစ်ဆေးရေးဂိတ် သုံးထောင့်လမ်းဆုံမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မုံရွာ‌ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အဲဒီနေရာ ဒေသအခေါ်အလုံ လို့ခေါ်တဲ့ စစ်ပင်ရပ်ကွက် အနီးမှာဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက စစ်ဆေးရေးဂိတ်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ က မုံရွာမြို့မနာရီစင်အနီးနဲ့ ကျောက်ကာလမ်းဆုံတို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုကြောင့်လေလောဆယ် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့သိရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမှာ ကိုဗစ်ကူးစက်မှုတွေ များလာလို့ဆိုပြီး စျေးဆိုင်တွေကို မနက် ၁၀ နာရီ ညနေ ၄ နာရီ ပိတ်ထားဖို့ ညွှန်ကြားပြီးနောက် အခုလို ရက်ဆက်ပေါက်ကွဲမှုတွေ ဖြစ်လာတာလို့ ဒေသခံတွေကဆိုပါတယ်၊

    ယခု ရက်ပိုင်း ကုန်စည်စီးဆင်းမှု ပြန်လည်အသက်ဝင်ကာစ မုံရွာမြို့မှာ ဒီထုတ်ပြန်ချက်ကြောင့် စျေးရောင်းစျေးဝယ်တွေ အခက်တွေ့နေတယ်လို့လည်းဆိုပါတယ်။

    စျေးတွေကို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့အထိ ပိတ်ထားဖို့ရှိတယ်လို့ သိရပြီး စျေးဆိုင်တွေပိတ်ထားတဲ့အတွက် နယ်ကားတွေ အဝင်အထွက်မရှိတဲ့အတွက် ပိုပြီး အသွားအလာနည်းလာတာလို့ လည်း မုံရွာမြို့တစ်ဦးက ပြောပါတယ်။

  11. မိုးကုတ်မှာ မြေပြိုမှုတွေထပ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေတာကြောင့် နောက်ဆက်တွဲမြေပြိုမှုတွေထပ်ဖြစ်လာမှာနဲ့ ရေကြီးလာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    မိုးကုတ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အရှေ့ပိုင်းရော၊ အနောက်ပိုင်းမှာပါ လူသေဆုံးတဲ့အထိ မြေပြိုမှုဖြစ်ခဲ့တာကြောင့် မိုးဆက်တိုက်ရွာသွန်းနေတာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

    ''မြို့အနောက်ပိုင်းရပ်ကွက်မှာနေရသူတွေက ပိုပြီးစိုးရိမ်ရတာပေါ့။ အိမ်တွေက တောင်ကမ်းပါးယံဘေးနားမှာဆောက်ထားတော့ မိုးကြီးရင် ဘယ်အချိန်မြေပြိုမှုဖြစ်မလဲဆိုတာကို စိုးရိမ်နေရတယ်။ အရှေ့ပိုင်းလို ကုန်းမြင့်ပိုင်းမှာတောင် ဟိုနေ့က မြေပြိုလို့ လူသေတဲ့အထိဖြစ်တာပဲလေ။ အခုတော့ မြေပြိုနိုင်တဲ့အန္တရာယ်ရှိတဲ့နေရာတွေက လူတွေကို ကိုယ့်ရပ်ရွာအစီအစဉ်နေနဲ့ပဲ ဘေးလွတ်ရာ ပြောင်းခိုင်းထားတယ်လို့ သိရတယ်။ တောင်ကမ်းပါးယံနားမှာ မနေပေမဲ့ အောက်ပိုင်းမှာရှိတဲ့အိမ်တွေလည်း တောင်ကျရေဆင်းလာပြီဆိုရင် အိမ်ထဲရေဝင်တဲ့ဒုက္ခက ရှိတာပါပဲ'' ဆိုပြီး မြို့ခံတစ်ဦးက ပြောပါတယ်။

    တဖက်မှာလည်း ကိုဗစ်ကပ်ဘေးကာလ မြို့တွင်း ပိုးကူးစက်ပျံ့ပွားမှုတွေကြောင့် ခေတ္တနေရာပြောင်းရွှေ့မယ့်သူတွေဟာ နေရေးထိုင်ရေးကို တွေးပူနေရပါတယ်။

    မိုးကုတ်မြို့မှာ သြဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ မြေပြိုမှု ၂ ကြိမ်ဖြစ်ထားပြီး လူ ၄ ဦးသေဆုံးပေမဲ့ မြေပြိုမှုအပျက်အစီးတွေကြားမှာ ပိတ်မိသူ ၆ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

    မိုးကုတ်မြို့အတွင်း မြို့နဲ့အနည်းငယ်အလှမ်းဝေးတဲ့ချောင်းရိုး မြောင်းရိုးတလျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ၊ မြေပြိုလို့နေအိမ်ပျက်စီးတာတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

  12. ကိုဗစ်ကူစက်ခံထားရချိန် ဖမ်းဆီးခံရတဲ့ NLD ရပ်ကျေးခေါင်းဆောင် ဆေးကုခွင့်ရဖို့ မိသားစုမျှော်လင့်

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခရမ်းကျေးရွာမှာနေထိုင်တဲ့ NLD ရပ်ကျေးအလုပ်အမှုဆောင်ဦးတင်မောင်လွင်ဟာ သြဂုတ်လ ၉ ရက်နေ့က နေအိမ်မှာဖမ်းဆီးခံခဲ့ရပြီး ကိုဗစ်ရောဂါကူးစက်ခံထားရချိန် အဖမ်းခံရတာဖြစ်လို့ ဆေးကုသခွင့်မရမှာကို စိုးရိမ်နေတယ်လို့မိသားစုဝင်တွေက ပြောပါတယ်။

    "အိမ်မှာနေမကောင်းလို့အိပ်နေတုန်း လာဖမ်းသွားတာ။ ၁၃ယောက်လောက်ရှိမယ်။ အရပ်ဝတ်တွေနဲ့လက်နက်ကတော့အပြည့်အစုံပါတယ် လာဖမ်းတုန်းက။ အဖေက ကိုဗစ်ဖြစ်နေတာပါ။ အမေကလည်းကိုဗစ်ရောဂါနဲ့ပဲဆုံးသွားပြီးရက်လည်လို့နောက်တရက်မှာပဲ အဖေ့ကိုလာဖမ်းသွားတာပါ။ ဖမ်းတဲ့နေ့ညနေကတည်းကရဲစခန်းတွေလိုက်တာလည်းအဆက်သွယ်မရဘူး။ ဘာလုပ်ရမှန်းလည်းမသိဘူး။ မိသားစုတွေက ဘာမှမလုပ်တတ်ဘူး အဆက်သွယ်လည်းမရှိဘူး။ အတွေ့အကြုံလည်းမရှိဘူး စိတ်ပူနေတာပဲရှိတယ်" လို့ဦးတင်မောင်လွင်ရဲ့မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ဦးတင်မောင်လွင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမကြာခဏ နေအိမ်ကနေ မကြာခဏရှောင်တိမ်းရတာမျိုးရှိခဲ့ပေမယ့် နေအိမ်ကိုလာရောက်စစ်ဆေးစုံစမ်းတာမျိုးအရင်ကမရှိခဲ့ဘူးလို့မိသားစုတွေက ပြောပါတယ်။

    ဒါ့အပြင် ဦးတင်မောင်လွင်ကို ပုဒ်မ ၅ဝ၅-ကနဲ့ဝရမ်းထုတ်ထားတယ်ဆိုတဲ့အခြေနေကိုတော့ တဆင့်ပြောစကားအရသာမိသားစုကကြားသိရတာဖြစ်ပြီး စစ်ကောင်စီကထုတ်ပြန်တဲ့ တရားဝင် ၅ဝ၅-က စာရင်းမှာတော့ မပါဘူးလို့မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

    လက်ရှိမှာတော့ မိသားစုဝင်တွေအနေနဲ့ ကိုဗစ်ရောဂါကူးစက်ခံထားရမှုရှိတဲ့ ဦးတင်မောင်လွင်ရဲ့ကျန်းမာရေးကိုစိုးရိမ်နေပြီး ဆေးကုသခွင့်ရဖို့ကိုလည်းတောင်းဆိုဖို့ရှိတယ်လို့သိရပါတယ်။

  13. ပန်ဆိုင်း(ကြူကုတ်)က တိုက်ပွဲရှောင်ပြည်သူတွေ အကူအညီလိုအပ်နေ

    ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်း(ကြူကုတ်)မြို့အနီးမှာ ပြီးခဲ့တဲ့ ဩဂုတ် လဆန်းပိုင်းက ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိုက်ပွဲရှောင် ပြည်သူ(၁၄၀၀)ဝန်းကျင်အထိရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။ ပန်ဆိုင်း(ကြူကုတ်)မြို့အနီး ကောင်းစထီးရွာအတွင်းမှာ ဩဂုတ်(၃)ရက်က MNDAAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ကြောင့် ကျေးရွာ(၇)ရွာဖြစ်တဲ့ ခါလမ်၊ ကောင်းစထီး၊ ဖိုင်ကောင်း၊ ဖေါင်းရာ၊ ခါလန်၊ မန်ဂျယ်နဲ့ နမ်တူရွာက ဒေသခံအများစုဟာ လုံခြုံမှု ရှိစေဖို့ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက်က ပြောင်းခင်းတွေနဲ့ ကြံခင်းတွေမှာ ယာယီမိုးကာတဲ ထိုးပြီးတော့ နေထိုင်နေကြရတာပါ။ စစ်ဘေးလွတ်ရာ ပြေးလာရတဲ့လက်ရှိအချိန်မှာ နေထိုင်ရေးအပြင် အဖက်ဖက်က အကူအညီ တွေလိုအပ်နေတယ်လို့ ကောင်းဖိုင်ရွာအနီးက ပြောင်းခြံထဲ ထွက်ပြေး တိမ်းရှောင်နေတဲ့ ကောင်းစထီးရွာခံ တိုက်ပွဲရှောင် ဒေါ်ဘောမ်မျှော်က ပြောပါတယ်။ “တိုက်ပွဲက ရွာထဲမှာဖြစ်တာ စဖြစ်တော့ ညသန်းခေါင်ကြီး ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူး၊ မနက်ရောက်မှ ဒီဘက်က ပြောင်းခြံတွေ ကြံခင်းတွေထဲ လာနေကြတာ၊ စပြေးတဲ့ ရက်ကနေ ဒီနေ့အထိတော့ အခြေအနေက ဒီအတိုင်းပဲ ရှိသေးတယ်၊ အခုထိလည်း အခြေအနေက မကောင်းသေးဘူး ရွာအနီးအနားမှာက နှစ်ဘက်တပ်တွေ ရှိနေသေးတဲ့ အခါကျတော့ အိမ်ပြန်လို့ မဖြစ်နိုင်သေးဘူး၊ ဟိုးအရင်ကလည်း ဒီပုံစံမျိုးနဲ့ပဲ ပြေးနေရတယ်၊ ထွက်ပြေးတဲ့ လူတွေက ကိုယ့်အိမ် ကိုယ်စွန့်ပြီးတော့မှ ထွက်ပြေးလာရတာဆိုတော့ အဖက်ဖက်ကလိုအပ်ချက်တွေ အများကြီးပါပဲ အခုလောလော ဆည်တော့ စားဖို့ ဆန်နဲ့ နာမကျန်းဖြစ်ရင် သုံးဖို့ ဆေးဝါးပစ္စည်းတွေ ပြီးတော့ မိုးလုံ လေလုံ ဖြစ်ဖို့အတွက် မိုးကာတွေ အရေးပေါ် လိုအပ်တယ်” လို့ ဒေါ်ဘောမ်မျှော်က ပြောပါတယ်။ မိုးရာသီဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ပြီးတော့ မသန်မစွမ်းတွေအတွက် အထူးသဖြင့် ဆေးဝါး ပစ္စည်းတွေ အများကြီး လိုအပ်တယ်လို့ တိုက်ပွဲရှောင်တွေဆီ မိုးကာနဲ့ ယင်လုံအိမ်သာအထောက်အကူပြုပစ္စည်းတွေ သွားရောက် ထောက်ပံ့ပေးတဲ့ ကွတ်ခိုင်အခြေစိုက် NeT Organization တာဝန်ရှိသူတွေ ပြောပါတယ်။ လက်ရှိ မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်း(ကြူကုတ်)မြို့အနီးမှာ MNDAAနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေး တင်းမာတဲ့ အနေအထား မှာ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးတွေတင်းကြပ်ထားသလို နယ်စပ်ခြံစည်းရိုးတွေကိုလည်း အဆင့်မြှင့်တည်ဆောက်နေတာကို တွေ့ရပါတယ်။ သတင်း၊ဓါတ်ပုံ- မိုင်းဘဉာဏ်(ကွတ်ခိုင်)

  14. သံဃာတော်များအားစစ်ဆေးရေးဂိတ်မှာစောင့်ခိုင်းသည့်ထုတ်ပြန်ချက်ပြန်လည်ရုတ်သိမ်း

    မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သံဃာတော်တွေကိုမြို့နယ်စစ်ဆေးရေးဂိတ်တွေမှာ စောင့်ကြပ်ခိုင်းတဲ့ အမိန့်ထုတ်ပြန်ချက်ကို သံဃာတော်အများစုသဘောမတူတဲ့အတွက် ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့က မိန့်ကြားပါတယ်။ " လိုအပ်မယ်ထင်လို့ထုတ်ပြန်ခဲ့တာပါ ။ အခုတော့အားလုံးစိတ်ချမ်းသာအောင် တချက်ကိုပြန်ရုတ်သိမ်းပေးလိုက်ပါပြီ ။ သံဃာတော်သုံးပါး စောင့်ရမယ်ဆိုတာကိုတော့ ရုတ်သိမ်းလိုက်ပြီ " လို့ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ကတာဝန်ရှိ ဆရာတော်တစ်ပါးက ဘီဘီစီ ကိုမိန့်ကြားပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုအခြေနေနဲ့ပတ်သတ်ပြီး မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ၊ မန္တလေး ၅မြို့နယ်သံဃနာယကအဖွဲ့တို့နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ကိုဗစ်စစ်ဆေးရေးဂိတ်တွေမှာ သံဃာတော် ၃ပါး နေ့စဉ်စောင့်ကြည့်ဖို့သြဂုတ်လ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ကြတာပါ ။ ဒီထုတ်ပြန်ချက်ထွက်ပေါ်လာပြီးတဲ့နောက် ဂိတ်စောင့်ပုံစံဖြစ်သွာတဲ့အတွက် လက်မခံ နိုင်ကြောင်းနဲ့ သံဃာတော်တွေနဲ့သက်ဆိုင်တဲ့အလုပ်မဟုတ်ကြောင်းကန့်ကွက်ပြောဆိုခဲ့ကြပြီး အများစု သဘောမတူခဲ့ဘူးလို့မန္တလေးတိုင်းအတွင်းကသံဃာတော်တွေက ပြောပါတယ်။ လက်ရှိမှာတော့ သံဃာတော်တွေ ဂိတ်မှာစောင့်ကြပ်ရမယ်ဆိုတဲ့အချက်ကိုပြန်လည်ရုတ်သိမ်းလိုက်ပေမယ့်မြို့နယ်ဖြတ်ကျော်သွားလာရေးကတ်တွေနဲ့သံဃာတော်တွေဆွမ်းကပ်နိုင်ရေးအတွက်မြို့နယ်သံဃနာယကအဖွဲ့များက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတာတွေကိုတော့ဆက်လက်လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ကမိန့်ကြားပါတယ်။

  15. နွေဦးထီကို အသံတိတ်ပါဝင်ပေးဖို့ NUG ပြော, တဖက်မှာလည်း တရားမဝင်ငွေကြေးလွှဲပြောင်းမှုတွေကို စိစစ်ဆောင်ရွက်ဖို့ ဆိုပြီး ဗဟိုဘဏ်ဘက်ကပြောလာ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG က နေရောင်းချတဲ့" အောင်လံလွှင့်ချီနွေဦးထီ "ကို အသံတိတ်ပါဝင်ဆင်နွဲပေးဖို့နဲ့ငွေပေးချေမှုနည်းလမ်းတွေကို စစ်ကောင်စီဘက်က ခြေရာ မခံနိုင်အောင်လုပ်ဆောင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က သြဂုတ်လ ၁၆ ရက်နေ့မှာပြောဆိုထုတ်ပြန်လာပါတယ် ။

    NUG ရဲ့ နွေဦးထီကိုစတင်ရောင်းချတဲ့ သြဂုတ်လ ၁၅ ရက်နေ့ညနေပိုင်းမှာပဲ နာရီပိုင်းအတွင်း သတ်မှတ်ထားတဲ့ အစောင်အရေအတွက် ပြည့်သွားခဲ့တယ်လို့လည်း NUG ကထုတ်ပြန်ကြေငြာခဲ့တာပါ။ ဒါကြောင့် NUG အနေနဲ့ ပိုမိုစိတ်ချရစေရန် နည်းပညာလုံခြုံရေးကွန်ယက်ကို မွမ်းမံပြင်ဆင်နေကြောင်းနဲ့ဒုတိယမြောက်နေ့အဖြစ်ထီရောင်းချမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။ တဖက်မှာလည်း တရားမဝင်အဖွဲ့အစည်းတွေက ထီဖွင့်လှစ်ရောင်းချရာမှာ တရားမဝင်ငွေကြေးလွှဲပြောင်းမှုတွေကို စိစစ်ဆောင်ရွက်ဖို့ဆိုတဲ့ထုတ်ပြန်ချက်တစ်ခုကို ဗဟိုဘဏ်က သြဂုတ်လ ၁၃ ရက်နေ့မှာထုတ်ပြန်ထားပါတယ် ။

    ဒီထုတ်ပြန်ချက်ထဲမှာဆိုရင် အောင်လံလွှင့်ချီ နွေဦးထီအစီစဉ်ကို ပုဂ္ဂလိကဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ငွေစာရင်းတွေနဲ့တရားဝင်ခွင့်ပြုထားတဲ့ ပြည်တွင်းငွေလွှဲလုပ်ငန်းတွေရဲ့ အသုံးပြုဆောင်ရွက်လာရင်စိစစ်အရေးယူဖို့ပါရှိပါတယ် ။ ဒါ့အပြင်ဘဏ်တွေ ၊ ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုလုပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ NUG ရဲ့နွေဦးထီအတွက် တရားမဝင်ငွေလွှဲပြောင်းမှုတွေကို စောင့်ကြည့်ပြီး တွေ့ရှိပါက ဗဟိုဘဏ်ကိုအကြောင်းကြားရမှာဖြစ်ပြီး အကြောင်းကြားရန်ပျက်ကွက်ပါ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ နဲ့အရေးယူမယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။

  16. သံအမတ်နေအိမ်ရှေ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဦးကျော်စွာမင်း ဗြိတိသျှ အာဏာပိုင်တွေကို တိုင်ကြား

    လန်ဒန်မြို့ မြန်မာသံရုံးရဲ့ ဦးဆောင်သူ နေရာကို လက်လွတ်ထားရတဲ့ ဦးကျော်စွာမင်းဟာ သူ့ရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတယ် ဆိုပြီး လန်ဒန်မြို့တော် ရဲတပ်ဖွဲ့နဲ့ ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာရနဲ့ ဖွံ့ဖြိုးရေးရုံးထံ တရားဝင် တိုင်ကြားထားတယ်လို့ သူ့ကို ကိုယ်စားပြုသူတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်၊ စနေ ညနေပိုင်းကတည်းက စပြီး ဦးကျော်စွာမင်း ဆက်လက် နေထိုင်နေတဲ့ လန်ဒန်မြို့ မြောက်ပိုင်းက မြန်မာသံအမတ် နေအိမ်ရဲ့ အပြင်ဘက်မှာ မသင်္ကာဖွယ်ရာ လှုပ်ရှား သွားလာမှု၊ စောင့်ကြည့်မှုတွေကို ခြိမ်းခြောက်မှု အသွင် တွေ့လာရတယ်လို့ ဆိုပါတယ်။

    ဒီကိစ္စဟာ အာဏာသိမ်း စစ်ကောင်စီအပေါ် သစ္စာခံသူတွေ လက်ရှိ ထိန်းချုပ်ထားတဲ့ လန်ဒန်မြန်မာသံရုံးနဲ့ ဆက်စပ် ပတ်သက်နေတယ် ဆိုပြီး ရဲတပ်ဖွဲ့ အပါအဝင် ယူကေ အာဏာပိုင်တွေထံ တိုင်ကြားသူတွေဘက်က စွပ်စွဲမှုတွေ ပြုလုပ်ထားပါတယ်။

    “ယူကေအစိုးရကိုယ်တိုင် သံတမန်အဖြစ် အသိအမှတ် ပြုထားသူတွေ ပါဝင် ပတ်သက် နေတာကြောင့် စုံစမ်းပေးဖို့ အာဏာပိုင်တွေထံ တိုင်ကြားထားတယ်” ဆိုပြီး မြန်မာအရေး တာဝန်ခံမှု ရှိစေရေး ပရောဂျက် အဖွဲ့က ပြောပါတယ်။

    အဲဒီအဖွဲ့ဟာ မြန်မာ သံအမတ်နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီ ဘက်က ထိန်းချုပ်ခွင့် ရမသွားအောင် အဓိက ဆော်ဩလုပ်ဆောင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

    အခုလို စွပ်စွဲမှုတွေ ရှိနေကြောင်း မြန်မာသံရုံး ဘက်ကို ယူကေ အာဏာပိုင်တွေ ဘက်က အကြောင်းကြားထားပြီလား ဆိုတာတော့ မသိရသေးပါဘူး။

  17. ရန်ကုန် မြဝတီ လမ်းမကောင်းလို့ ကုန်ကားတွေပိတ်, ချဥ်းကပ်လမ်းပိုင်း ပျက်နေလို့ ကုန်ကားတွေ အတက်အဆင်း ကြန့်ကြာနေ

    မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မှု တိုးလာတဲ့ဇူလိုင်လဆန်းကစလို့ နယ်စပ်ကုန်သွယ်ရေးစခန်း တွေ အားလုံးနီးပါး ပိတ်ထားရပြီး မြဝတီ နယ်စပ်ဂိတ်တစ်ခုသာ ဖွင့်ထားနိုင်ခဲ့ပါတယ်။

    တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်နယ်စပ်ဂိတ်တွေ ပိတ်ထားလိုက်တဲ့အတွက် ကုန်ကားအများစုဟာ မြဝတီလမ်းဘက်ပြောင်းလာ ကြသလို ထိုင်းဖက်ကနေ သစ်သီးတွေ မြေဆီကျောက်ပြားနဲ့ စက်ပစ္စည်း တချို့တင်သွင်းတာတွေရှိနေပြီး မြန်မာဘက်အ ခြမ်းကတော့ ပြောင်းတွေ အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။

    မြဝတီမြို့ကနေ ရန်ကုန် ဘားအံကို လာတဲ့ လမ်းမှာ လမ်းပျက်စီးမှု တွေရှိနေတဲ့ အတွက် ကုန်တင်ကားတွေဟာ ညအိပ်စောင့်ဆိုင်းနေရတယ်လို့ ကုန်ကားမောင်းသူ တချို့က ပြောပါတယ်။

    တချို့ ကားတွေဆို ၂ ညအိပ် လောက် အထိ စောင့်ဆိုင်းနေရတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    မြဝတီကနေ မိုင် လေးဆယ်လောက် ဝေးတဲ့ ကျုံဒိုးမြို့အထွက်နားက စလို့ ကုန်ကားကြီးတွေ တန်းစီ စောင့်ဆိုင်းနေရတယ်လို့ ကုန်ကား မောင်းသူတွေက ပြောပါတယ်။

    သြဂုတ်လ ၁၅ရက် မနက်အထိ အဲဒီနားမှာ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားအရေအတွက် အဆင်းရော အတက်ကားပါ ပေါင်းရင် အစီးရေ ၂၀၀ ကျော်ရှိတယ်လို့ ကုန်ကားမောင်းသမားတွေက ဆိုပါတယ်။

    မိုးရွာသွန်းမှု များတဲ့အတွက် တစ်မိုင်နီးပါးလောက်ရှည်တဲ့ ချဥ်းကပ်လမ်းပိုင်းပျက်နေတာကြောင့် ကုန်ကားတွေ အတက်အဆင်း ကြန့်ကြာနေရတာ ဖြစ်ပါတယ်။

    တစ်ခါတစ်လေ လမ်းပျက်တဲ့အပိုင်းမှာ ကုန်ကားတွေနစ်နေရင် ပိုကြန့်ကြာတယ်လို့လဲ ကားသမားတစ်ဦးက ပြောပါတယ်။

    အခုလို ရန်ကုန်မြဝတီလမ်းမှာ ကုန်ကားကြီးတွေ ကြန့်ကြာနေတဲ့အတွက် ကုန်ကျစရိတ်တွေတိုးလာပြီး ကုန်ဈေးနှုန်းတွေ တက်လာစေတယ်လို့ မြဝတီဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

    အခုလိုကုန်ကားကြီးတွေ လမ်းပျက်လို့ ညအိပ်စောင့်နေရပေမဲ့ ခရီးသည်တင်ကားနဲ့ ကားသေးတွေကတော့ စောင့်စရာမလိုဘဲ တံတားပေါ်က သွားလာနိုင်တယ်လို့ သိရပါတယ်။

  18. မင်းတပ် တိုက်ပွဲပြန်ဖြစ် ၊ လူနေအိမ်အချို့မီးရှို့ခံရတယ်လို့ CDF ကပြော

    ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ မတူပီကြား မိုင်တိုင် အမှတ် ၁၆မှာ သြဂုတ်လ ၁၅ရနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ CDF-Mindat အဖွဲ့က တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

    တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က CDFတွေအိမ်၂လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။

    သူတို့ဘက်က သေဆုံးမှု တစ်စုံတစ်ရာ မရှိဘဲ အနည်းငယ် ထိခိုက် ဒဏ်ရာရမှုသာ ရှိခဲ့ပေမဲ့ စစ်ကောင်စီ တပ်တွေဘက်က အကျအဆုံး အများအပြား ရှိပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ CDF-Mindat က ပြောပါတယ်။

    သြဂုတ်လ ၁၅ ရက် မင်းတပ်တိုက်ပွဲသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    အခု ရက်ပိုင်းတွေ အတွင်း မင်းတပ်မှာ စစ်ကောင်စီ တပ်တွေဟာ စစ်ကားတွေ နဲ့ သွားလိုက် လာလိုက် လုပ်နေတာကြောင့် တပ်အပြောင်းအရွေ့ အင်အား ဖြည့်တင်းမှုတွေ အကြီးအကျယ် လုပ်နေတာ တွေ့ရတယ်လို့လည်း မင်းတပ်မြို့ပေါ်က ဒေသခံ တယောက်ကို ဘီဘီစီကို ပြောကြား ထားပါတယ်။

    အခုလို စစ်ကောင်စီဘက်က တပ်အင်အား ပြောင်းရွေ့ ဖြည့်တင်းမှုတွေ ၊ ဒီမနက်က တိုက်ပွဲ ပြန်စမှု အနေအထား တွေအရ ရှေ့ဆက်ပြီး တိုက်ပွဲ ပြင်းထန်လာနိုင်ဖွယ် ရှိတယ်လို့ CDF-Mindat က သတိပေးထားပါတယ်။

    ပြီးခဲ့တဲ့ သီတင်း၂ပတ်လောက်က မင်းတပ်မြို့ ၇၆မိုင်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်တွေဘက်က တပ်ရင်းမှူးနဲ့ ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ ကျဆုံးမှုတွေရှိတယ်လို့ မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ သတင်းစာတွေမှာ အဆိုပါ ကျဆုံးသွားသူတွေ နာရေး ကြော်ငြာတွေ တွေ့ခဲ့ရတယ်လို့ဆိိုိုိုပါတယ်။

  19. ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအများစု ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စိုးရိမ်

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ နီးစပ်တဲ့ ခရိုင် ၇ခုမှာ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ထိုင်းအစိုးရကစတင်နေပါတယ်။ အဲဒီခရိုင် ၇ခုမှာ မြန်မာလုပ်သားအများဆုံးအလုပ်လုပ်ကြတဲ့ မဟာချိုင်မြို့ရှိတဲ့ စမွတ်စခုံခရိုင် နဲ့ နောက်ထပ် ခရိုင် ၆ခုပါပါတယ်။ ဒါပေမယ့် အဲဒီက မြန်မာလုပ်သားအများစုကတော့ကာကွယ်ဆေးထိုးဖို့စိုးရိမ်နေကြတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက် လူသေဆုံးတယ်ဆိုတဲ့ သတင်းမှားတွေကို မြန်မာလုပ်သားအများစုကယုံကြည်နေကြတယ်လို့ဆိုပါတယ်။

    ''ကာကွယ်ဆေးထိုးဖို့တော်တော်များများကစိုးရိမ်စိတ်ရှိကြတယ်၊သာမန်လူမပြောနဲ့ဒီမှာ သူနာပြုဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေပါထိုးလို့သေကြတယ်ဆိုပြီးပြောကြတာကိုး၊ တကယ်က အနည်းအကျဉ်းပါ၊ ပြီးတော့ သူတို့ရောဂါအခံကြောင့်သေတာလည်းဖြစ်နိုင်တယ်၊ ဒါပေမယ့်အဲဒါကို မြန်မာလုပ်သားမပြောနဲ့ ဒေသခံထိုင်းတွေတောင် ကာကွယ်ဆေးထိုးလိုလိုလားလား မရှိကြဘူး၊ နောက်ဆက်တွဲသက်ရောက်မှုမှာ တစ်ခုခုလွဲမှားတိမ်းစောင်းသွားရင် အသက်ပေးကြရမှာစိုးရိမ်ကြတာပေါ့ '' လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

    လက်ရှိမှာထိုင်းနိုင်ငံသားတွေ နဲ့ မြန်မာလုပ်သားတွေထိုးခွင့်ရတဲ့ဆေးက တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးမယ့် မြန်မာလုပ်သားတွေဟာ တရားဝင်အထောက်အထားရှိဖို့လိုအပ်သလို၊ လူမှုဖူလုံရေးကြေးပေးဆောင်ထားတဲ့သူတွေ ဖြစ်ရမှာပါ။ ထိုင်းနိုင်ငံရဲ့အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ ဘယ် နိုင်ငံသားမဆို ကာကွယ်ဆေး ထိုးနှံခွင့်ရမှာဖြစ်ပါတယ်။

    အခုလို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ငြင်းဆန်တဲ့မြန်မာလုပ်သားတွေများနေလို့ တကျော့ပြန်ကိုဗစ်ပြန်ဖြစ်လာရင် မြန်မာလုပ်သားတွေကြားကူးစက်မှုမြင့်တက်မှာကို အလုပ်သမားအရေးဆောင်ရွက်သူတွေကစိုးရိမ်နေကြပါတာပါ။ ဒါ့ကြောင့် လူဦးရေထူထပ်တဲ့ခရိုင်တွေက မြန်မာလုပ်သားတွေ ကာကွယ်ဆေးထိုးကြဖို့ပညာပေးတိုက်တွန်းနေရတယ်လို့မြန်မာလုပ်သားအရေးဆောင်ရွက်တဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားအခွင့်အရေး ကွန်ရက် (MWRN) က ဦးဇော်ကပြောပါတယ်။

    ''သတင်းမှားတွေကိုယုံပြီးကြောက်နေကြတာပေါ့၊တကယ်က ထိုင်းနဲ့မြန်မာကအတူတူတန်းစီရတယ် အတူတူဆေးတစ်မျိုးထဲကိုပဲထိုးပေးတာပါ၊ ပြီးတော့ စိုးရိမ်စရာလည်းမရှိတော့ ဆေးထိုးထားကြဖို့ အသိပညာပေးတာတွေကို တစ်ဦးချင်းရော၊အဖွဲ့လိုက်ရောပြောပေးနေရပါတယ် '' လို့ ဆိုပါတယ်။ မြန်မာလုပ်သား ၄သန်းလောက်ရှိတဲ့ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်သမားက ၂သန်းကျော်ရှိပါတယ်။ တရားမဝင်လုပ်သားက ၁သန်းကျော်ရှိတာပါ။

    အခုတော့ တရားဝင်မြန်မာလုပ်သားသောင်းဂဏန်းက ကာကွယ်ဆေးထိုးပြီးပြီလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့စာရင်း အရသိရပါတယ်။ လက်ရှိမှာ တရားမဝင်အထောက်အထားမဲ့ မြန်မာလုပ်သားတွေပါကာကွယ်ဆေးထိုးဖို့ စာရင်းပေးကြဖို့ ထိုင်းက အရပ်ဘက်အဖွဲ့အစည်းတချို့က တိုက်တွန်းနေပေမယ့် ဒါဟာ တရားမဝင်လုပ်သားတွေ အဖမ်းအဆီးခံရနိုင်ခြေရှိလို့ စာရင်းမပေးကြဖို့ လည်းပြောဆိုတာတွေရှိနေပါတယ်။

  20. ရန်ကုန် ဒေါ်လာစျေး ဆက်တက်

    ရန်ကုန်မြို့မှာ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်ပေမယ့်ဒေါ်လာနဲ့ကျပ်အရောင်းအဝယ်စျေးကွက်မှာ တစ်ဒေါ်လာကို ၁၇၅၀ ကျပ်ဝန်းကျင် အထိစျေးပေါက်လာခဲ့တယ်လို့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

    ပြီးခဲ့တဲ့ရက်က တစ်ဒေါ်လာကို ၁၇၀၀ ဝန်းကျင်ရောက်လာခဲ့ပြီး အခု ၁၇၅၀ အထိရောက်လာတာလည်း ဖြစ်ပါတယ်။

    အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၄၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ၆ လ ကျော်အတွင်းမှာ တစ်ဒေါ်လာကို ၃၀၀ ကျပ် ပိုတက်လာတာလို့ စျေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။

    ကိုဗစ်ရောဂါကုသရေး အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ဆေးဝါးလို ပြည်တွင်းကို တင်သွင်းရတဲ့ကုန်တွေ များတာ၊ နိုင်ငံခြားကို ပို့ကုန် မရှိသလောက်ဖြစ်တာ စတဲ့အကြောင်းတွေကလည်း ဒေါ်လာစျေး တက်လာတဲ့ အကြောင်းတွေထဲမှာ ပါဝင်တယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

    ရန်ကုန်ရွေစျေးကလည်း တစ်ကျပ်သားကို ၁၆ သိန်းကျော်ရောက်လာပြီး တော့ လာမယ့်ရက်တွေမှာ ဆက်ပြီးတက်လာမယ်လို့ခန့်မှန်းနေကြပါတယ်။

    သြဂုတ်လ ၁၃ ရက်နေ့ကနေ့ သြဂုတ်လ ၂၀ ရက်နေ့အထိ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်တွင်းက ဘဏ်တွေကို ပိတ်ထားဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားခဲ့ပါတယ်။