ရွှေတြိဂံနယ်မှာ ကွာရန်တင်း ရက်ရှည်ဝင်နေရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆန္ဒပြနေ
မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံနယ်စပ် လာအိုအပိုင်ထဲက ရွှေတြိဂံနယ်မြေထဲက ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီနေထိုင်နေရတဲ့မြန်မာအလုပ်သမားရာချီ ဒီနေ့ သြဂုတ်လ ၆ ရက်နေ့လည်မှာ ဆန္ဒပြနေကြပါတယ်။
ကွာရန်တင်းစင်တာတွေထဲက တစ်ခုဖြစ်တဲ့ စျေးသစ်က ၆ ထပ်အဆောက်အအုံတွေမှာ နေထိုင်တဲ့ မြန်မာရာချီဆန္ဒပြနေတာဖြစ်တယ်လို့ အဲဒီက ရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောပါတယ်။
''ထမင်းလာပို့တာ နောက်ကျရာကနေ စတယ်လို့ ကျတော် ထင်တယ်။ ထမင်းက လာအို စံတော်ချိန် နေ့လည် ၁ နာရီခွဲမှာမှရောက်လာတယ်။ အခုတော့ မြန်မာဘက်က ကိုယ်စားလှယ်အုပ်ချုပ်ရေးမှူးသဘောမျိုးပုဂ္ဂိုလ်က ကြားဝင် ဖြေရှင်းပေးနေတယ်။'' လို့ အဲဒီလုပ်သားက ပြောပါတယ်။
လက်ရှိမှာ လူစုလူဝေးနဲ့ဖြစ်နေလို့ လူစုခွဲဖို့ သက်ဆိုင်ရာလာအိုရဲတပ်ဖွဲ့ဝင်တချို့နဲ့ ရဲကားတွေအပြင် မီးသတ်ကား ၃ စင်းထက်မနည်းလည်း အခင်းဖြစ်တဲ့နေရာကို ရောက်နေပါတယ်။
ရွှေတြိဂံရောက်မြန်မာလုပ်သားရာတွေဟာ ကိုဗစ်ပိုးတွေ့တယ်ဆိုပြီး အဲဒီက ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီနေနေရတာ၊ အစားအသောက်ချို့တဲ့တာတွေအပြင် နေထိုင်ရတာ တင်းကျပ်တဲ့အခြေအနေရှိတယ်ဆိုပြီး အဲဒီက ရွှေ့ပြောင်းလုပ်သားတွေက ဘီဘီစီကို အစောပိုင်းမှာ ပြောထားဖူးပါတယ်။