ကိုဗစ် - ၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဘာကြောင့် မပြီးဆုံးသေးတာလဲ

A performing artist and entertainer trained in traditional styles called "geisha" wears a face mask as she takes part in a training session

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ဒေးဗစ်ကော့စ်
    • ရာထူးတာဝန်, BBC Future
  • ရေးသားခဲ့သည်။

၂၀၂၂ အောက်တိုဘာလအတွင်းမှာ ကမ္ဘာတဝန်းက ကူးစက်ရောဂါ ဆိုင်ရာ ကျွမ်းကျင်သူတွေက စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခုကို သတိပြုမိခဲ့ကြပါတယ်။

ကူးစက်ရောဂါဆိုင်ရာ ပညာရှင် တယောက်ဖြစ်တဲ့ အက်ဒမ် ကူချာစကီးက ကိုဗစ် လှိုင်းသစ်တခု လာနေပြီ၊ ဒါကို သိပ်သတိမထားမိကြဘူးလို့ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

ဒီနေ့အချိန်မှာတော့ ကိုဗစ်-၁၉ နဲ့ သေဆုံးသူနဲ့ ဆေးရုံတင်ရသူ အရေအတွက်က စိုးရိမ်စရာ ကောင်းအောင် မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀နဲ့ ၂၀၂၁ အတွင်းက ကိုဗစ်ကြောင့် ကြုံခဲ့ရတဲ့ စိတ်မကောင်းစရာ နေ့ရက်တွေကို ဘယ်သူမှ မေ့ကြဦးမှာ မဟုတ်ပါဘူး။ အခုတော့ အဲဒီနေ့ရက်တွေ နေရာမှာ နောက်ထပ် လှိုင်းတခု မသိမသာ စိမ့်ဝင် ကူးစက် ဝင်ရောက်လာနေပြီ ဖြစ်သလို နေ့စဉ် အသေအပျောက်နှုန်းလည်း မရပ်သွားသေးပါဘူး။

ဥပမာ အနေနဲ့ ပြရရင် ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အင်္ဂလန်မှာ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး သေဆုံးရသူ ၁၃၃ ယောက်ရှိတယ်လို့ အစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက ဒီဗိုင်းရပ်စ်ကြောင့် လူတွေ ထောင်နဲ့ ချီပြီး သေဆုံးနေရတာနဲ့ စာရင် မပြောပလောက်ဘူးလို့ ဆိုရမှာပါ။ အမေရိကန် ပြည်ထောင်စုမှာတော့ အဲဒီ သီတင်းပတ်ထဲမှာတင် ကိုဗစ်-၁၉ ကြောင့် လူ ၂၉၁၉ ယောက် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို အရေအတွက် မများလှတဲ့ အသေအပျောက်နှုန်းကလည်း ကာလကြာလာတာနဲ့ အမျှ ထိပ်လန့်စရာကောင်းအောင် အရေအတွက်တွေ များလာနိုင်တယ်လို့ ကူချာစကီးက ထောက်ပြပါတယ်။

အင်္ဂလန်မှာ ပြီးခဲ့တဲ့ ၂၀၂၂ အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူပေါင်း ၄၆၀၉၉ ယောက်ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ အစိုးရက ယူကေတနိုင်ငံလုံးစာ အဲဒီလို အချက်အလက် ကောက်ယူမှုတွေကို မလုပ်တော့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ က ၇၅၂၄၀ ဦး နဲ့ ၂၀၂၁ မှာ ၇၄၅၅၈ ဦးသေဆုံးခဲ့ရတာနဲ့ ယှဉ်ရင် နည်းတယ်လို့ ဆိုနိုင်ပေမယ့် မှန်းထားတာထက် ပိုများပါတယ်။ တဖက်မှာလည်း တုပ်ကွေး ရာသီက အတော်လေး ဆိုးသွားခဲ့ပြန်တာကြောင့် ယူကေအတွင်း တုပ်ကွေးနဲ့ အဆုတ်ရောင် ရောဂါတွေ ဖြစ်ပြီး သေဆုံးရသူ အရေအတွက် ၃၀,၀၀၀ လောက် ရှိနေပြန်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေအကြား နိုင်ငံအလိုက် နှစ်စဉ် ကိုဗစ်ကြောင့် သေဆုံး ရသူဆိုင်ရာ အချက်အလက်တွေကို နှိုင်းယှဉ်ဖို့ကတော့ မလွယ်ပါဘူး။ အကြောင်းက ကိုဗစ်နဲ့ သေဆုံးရသူလို့ သတ်မှတ်ပုံတွေက မတူညီတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကတော့ အဲဒီလို နိုင်ငံအလိုက် ကိုဗစ်ကြောင့် သေဆုံးရသူ ဆိုင်ရာ အရေအတွက် စာရင်းကို ခုထက်ထိ ကောက်ယူစုဆောင်းနေပါတယ်။

အဲဒီ အချက်အလက်တွေကနေပဲ ပြီးခဲ့တဲ့ နှစ်အတွင်း ကပ်ရောဂါရဲ့ အခြေအနေကို သိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ အတွင်း တကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် သေဆုံးရသူ ၁,၂၁၅,၀၀၀ ဦး ရှိခဲ့ပါတယ်။ ဒါဟာ အဲဒီ မတိုင်ခင် နှစ်က သေဆုံးရသူ ၃,၅၀၅,၀၀၀ နဲ့ စာရင် နည်းတယ်လို့ ဆိုနိုင်ပေမယ့် အရေအတွက်အားဖြင့်တော့ များနေဆဲပဲ ဖြစ်ပါတယ်။ နောက်ပြီး တကယ့်သေဆုံးသူ ဦးရေထက် အများကြီး နည်းကောင်းလည်း နည်းနေနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သတင်းခန်းတွေအစ အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတွေပါမကျန် သိပ်ပြီး အလေးထား ပြောကြားတာမျိုး မရှိကြပါဘူး။ စစ်ပွဲ၊ လူနေမှုစရိတ် ကြီးမြင့်မှုနဲ့ စွမ်းအင် လောင်စာ ဈေးတွေ မြင့်တက်လာမှုတွေနဲ့ ယှဉ်ရင် ဒီပြဿနာဟာ သိပ်အပြောမများတဲ့ အထဲ ပါနေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ က လပေါင်းများစွာ တငွေ့ငွေ့နဲ့ လောင်ကျွမ်းလို့ နေခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒဏ်

သိပ္ပံပညာရှင်တွေကတော့ စူပါမျိုးစိတ်သစ် တမျိုး ဖြစ်လာမှသာ အပြောင်းအလဲ တခုခုမြင်လာရမယ်လို့ ဆိုပါတယ်။ ကူချာစကီးကလည်း ကိုဗစ်ကြောင့် သေဆုံးမှုတွေနဲ့ပတ်သက်လာရင် အဖြစ်အများဆုံး အချိန်ကိုသာ အာရုံထားကြတယ်၊ ကူးစက်သေဆုံးမှုတွေ မသိမသာနဲ့ များများ လာနေတာကို သတိမထားမိကြဘူး။ တချိန်မှာ အဲဒီ အရေအတွက်ဟာ အင်မတန် များပြား နေနိုင်တယ်လို့ ပြောပါတယ်။

၂၀၂၁ တုန်းက ဖြစ်ခဲ့တဲ့ ဒဲလ်တာ မျိုးကွဲသစ် ကူးစက်တုန်းက ကြုံခဲ့ရပြီးပြီလို့ ကူချာစကီးက ပြောပါတယ်။ အဲဒီတုန်းက ကူးစက်မှု အမြင့်ဆုံးကို သိသိသာသာကြီး တက်သွားတာမျိုး မကြုံခဲ့ရေပမယ့် ကူးစက်မှု ကာလက ပိုကြာခဲ့တယ်၊ တကယ်ဆေးရုံ တက်ရတဲ့ လူအရေအတွက်ကလည်း ၂၀၂၀ နဲ့ သိပ်မကွာဘူး၊ ကူးစက် ကာလ ပိုကြာတာကြောင့် အရင် ကူးစက်မှုတွေ ဖြစ်တုန်းကလို ဗိုင်းရပ်စ်က အကုန်သိမ်းကျုံး ကူးစက်ပစ်သလို ဖြစ်မသွားခဲ့တာလို့ ဆိုပါတယ်။

This antigen test cassette shows the control at top followed by flu B, SARS-CoV-2 and flu A

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီနှစ်ဆောင်းရာသီအတွင်း မြောက်ကမ္ဘာခြမ်းမှာ ကိုဗစ် - ၁၉ နဲ့ တုတ်ကွေး ၂ မျိုးစလုံးရဲ့ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရ

အမေရိကန် ပြည်ထောင်စုမှာလည်း ဒီလိုခပ်ဆင်ဆင် ပုံစံမျိုးကို တွေ့ရပါတယ်၊ သူတို့ဆီမှာ နေ့စဉ် လူ ၂၀၀၀ ကနေ ၃၀၀၀ ကြား ကိုဗစ်-၁၉ ကြောင့် သေဆုံးနေရပါတယ်။ ဟားဗတ် တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ပညာရှင် ဝီလျံ ဟန်းနေ့ဂျ်က နေ့စဉ် သေဆုံးသူ ဦးရေဟာ ဒီအတိုင်းပဲ ဆက်သွားရင် တနှစ်ကြာရင် အဲဒီ သေဆုံးသူ အရေအတွက်ဟာ တော်တော်ဆိုးတဲ့ တုပ်ကွေးရာသီ ၃ ခု ပေါင်း သေဆုံးသူ အရေအတွက်နဲ့ သွားတူနိုင်တယ်လို့ သတင်းဌာနကြီး တခုကို စာရေးပြောပြခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီသတင်းဟာလည်း အရင်လို ခေါင်းကြီးပိုင်း သတင်း ဖြစ်မလာခဲ့ပါဘူး။

အဲဒီအရေအတွက်က တော်တော်များပါတယ်လို့ ဟန်းနေ့ဂျ်က ပြောပါတယ်။ လူတွေဟာ တစုံတခုကို မကြာခဏ ကြုံတွေ့လာနေရတဲ့အခါ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ အရာတခုလိုပဲ သဘောထားလာတတ်ကြတယ်လို့ ပြောပါတယ်။ လူတွေက ကူးစက်မှု တအားမြင့်တက်လာပြီ ဆိုမှ သတိထားကြတာ ဖြစ်တယ်လို့ နယူးယောက်က စီးတီး တက္ကသိုလ်ရဲ့ ကူးစက်ရောဂါဆိုင်ရာ ပညာရှင် ဒဲန်းနစ္စ နက်ရှ်က ပြောပါတယ်။ အဲဒါကြောင့်လည်း လူတွေက အခုဘာတွေ ဖြစ်နေလဲ ဆိုတာကို တော်တော်ကို ကြီးမားတဲ့ အခြေအနေ တခု ဖြစ်မလာသေးသမျှ သိပ် အာရုံစိုက်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့ထိ လူတွေ ဘယ်လောက်သေဆုံးနေရတယ်ဆိုတာကို ကြည့်မယ်ဆိုရင် တော်တော် ထိတ်လန့်စရာကောင်းတာကို သိလာမှာ ဖြစ်ပါတယ်။

နက်ရှ်နဲ့ သူ့လို လူတချို့ မချင့်မရဲ ဖြစ်နေရတာက သေဆုံးနေရသူတွေထဲက တော်တော်များများကို အသက်မဆုံးရှုံးရဖို့ ကာကွယ်ပေးနိုင်လောက်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးနဲ့ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ နှောင့်နှေးခြင်း

အစိုးရရဲ့ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ အဆုံးမရှိ ဂရပ်ဖ် တွေနဲ့ ပုံရိပ်တွေ နောက်မှာ ကိုဗစ်- ၁၉ ကြောင့် ဘယ်သူတွေ သေဆုံးနေရသလဲ ဆိုတာကို သိနားလည်နိုင်ဖို့တော့ တော်တော် ခက်ပါတယ်။

Aerial view of students and teachers queuing up for Covid-19 nucleic acid testing at Northwestern Polytechnical University

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်မှာ ကိုဗစ် စည်းကမ်းတွေ ဖြေလျှော့ပေးခဲ့ပြီး နောက်ပိုင်းက စပြီး ကိုဗစ် - ၁၉ ကူးစက်မှုတွေ ထောင်တက်သွားခဲ့

အဲဒီလို သိနိုင်ဖို့ အတွက်ဆိုရင် ရှေ့တန်းမှာ ရင်ဆိုင်နေရတဲ့ ဆေးရုံတွေက ဆရာဝန်တွေနဲ့ ဆွေးနွေးကြည့်မှသာ ဆက်စပ်တွေးယူနိုင်မှာပါ။ အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ် နက်ရှ်ဗီးလ်မြို့က ဗန်ဒါဘေ့လ်တ် တက္ကသိုလ် ဆေးပညာ ဌာနက ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ ဝီလျံ ရှဖ်နာက အဲဒီ လူတွေဟာလည်း ကပ်ရောဂါ ကူးစက်မှုတွေရဲ့ အစပိုင်းကလိုပဲ ကူးစက်ခံရနိုင်ဆုံး လူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

သူက အခု ဆေးရုံ တင်ရတယ်ဆိုတဲ့ လူတွေကို ကြည့်ရင် အသက်ကြီးသူ ငယ်သူ ဘယ်သူမဆို ကိုယ်ခံအားကျနေတာမျိုးတွေ၊ နောက် ရောဂါတခုအတွက် ကိုယ်ခံအားကို ချတဲ့ ဆေးကို ပေးထားတဲ့ သူတွေများတယ်၊ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ လူတွေအများကြီးပဲလို့ ရှဖ်နာက ဆိုပါတယ်။

ယူကေက မန်ချက်စတာ မြောက်ပိုင်း အထွေထွေကု ရောဂါကု ဆေးရုံကြီးက ဆရာဝန်ကြီး အဲန်ဒရူး အူစတီယန်နောစကီးကလည်း သူမှတ်မိသလောက် သေဆုံးရသူတွေထဲမှာ ကိုယ်ခံအားချထားရတဲ့ လူတွေနဲ့ တော်တော် အားနည်းနေတဲ့ လူတွေများတယ်၊ ဒါကြောင့် ကိုဗစ်ရဲ့ ဆိုးကျိုးက တော်တော် ကြီးတယ်လို့ ပြောနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကြောင့် သေဆုံးရတယ်ချည်းပဲ ပြောလို့လည်း မရနိုင်ဘူး။ သူတို့ဟာ ဆေးရုံတက်နေတုန်း ကိုဗစ် ကူးကောင်း ကူးခံရနိုင်ပေမယ့် တကယ်တမ်းမှာ သူတို့ရဲ့ နဂို ရောဂါအခံကြောင့် သေဆုံးရတာမျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆရာဝန်တော်တော်များများကတော့ အဲဒီလိုလူတွေအတွက် အန္တရာယ်ပိုရှိနေရတာဟာ ကာကွယ်ဆေးကို ဆေးစွမ်းမြှင့်ပေးတဲ့ ဘူစတာ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ နှောင့်နှေးနေကြတာလည်း ပါတယ်လို့ ယူဆကြပါတယ်။ နောက်ဆုံး ရထားတဲ့ အချက်အလက်တွေအရ ဆိုရင် ယူကေမှာ ဘူစတာဆေးထိုးဖို့ လိုတဲ့လူ ၂၆ သန်းရှိပေမယ့် တကယ်ထိုးတဲ့လူဦးရေက အဲဒီအရေအတွက်ရဲ့ ထက်ဝက်သာ ထိုးနှံရပါသေးတယ်။ ဘူစတာထိုးဖို့ တွန့်ဆုတ်နေကြခြင်းက အမေရိကန် ပြည်ထောင်စုမှာ ပိုတောင်ဆိုးနေပါတယ်။ အမေရိကန်မှာ အသက် ၆၅ နှစ်အထက် လူဦးရေထဲက ၂၉.၆ ရာခိုင်နှုန်းသာ ထိုးနှံရပါသေးတယ်။

ဒီလို နှောင့်နှေးမှုတွေဖြစ်နေရတဲ့ အကြောင်းရင်းကလည်း များစွာ ရှိပါတယ်။ ကာကွယ်ဆေး ရဖို့ ခက်ခဲတာနဲ့ နိုင်ငံရေးတင်းမာမှုနဲ့ သတင်းအချက်အလက်မှားတွေကို အခြေခံပြီး ဖြစ်လာရတဲ့ ကာကွယ်ဆေးထိုးဖို့ နှောင့်နှေးခြင်းတွေ၊ ကိုဗစ်ကို စိတ်မဝင်စားခြင်းတွေ ဖြစ်လာပြီး နိုင်ငံရေး သမားတွေရော ပြည်သူလူထုကပါ ရှေ့ကို ဆက်သွားဖို့ စဉ်းစားလာကြတာတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒဲန်က ကပ်ရောဂါကြီး ပြီးသွားပါပြီ ဆိုပြီး ကြေညာခဲ့သလို လူထုအကြားမှာလည်း မျောက်ကျောက်ရောဂါ၊ ပိုလီယိုလို ရောဂါတွေ ပေါ်လာတာကို အာရုံစိုက်နေကြတာနဲ့ ဆေးရုံတွေမှာလည်း ၂ နှစ်လောက် အလုပ်ကြွေး တင်နေတဲ့ ခွဲစိတ်မှုတွေနဲ့ အလုပ်များနေချိန်တွေ သွားတိုက်ဆိုင်နေခဲ့ပါတယ်။

ကာကွယ်ဆေး ဘူစတာ ထိုးဖို့ ပျက်ကွက်တာက ကျန်းမာနေတဲ့၊ ကာကွယ်ဆေး ထိုးပြီးသားသူတွေ ဒါမှမဟုတ် အရင် ကူးစက်ခံခဲ့ရပြီးနောက် ကာကွယ်ဆေးပါ ထိုးထားတဲ့အတွက် ကိုယ်ခံအားရှိနေပြီးသား လူတွေမှာ သိပ်မသိသာပါဘူး။ ဒါပေမယ့် အန္တရာယ်ရှိနိုင်တဲ့ လူတွေအတွက်ကတော့ ကာကွယ်ဆေးက ရတဲ့ထားတဲ့ ကာကွယ်မှုတွေ သိသိသာသာ ကျလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ မတ်လအတွင်းက လေ့လာမှုတခုအရ ဘိုးဘွားရိပ်သာတွေမှာ နေထိုင်ကြတဲ့ အသက်အရွယ် ကြီးရင့်သူတွေမှာ ၃ လလောက်အတွင်း ကာကွယ်နိုင်စွမ်းတွေ သိသိသာသာ ကျသွားတာကို တွေ့ခဲ့ရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ အစိုးရတွေနဲ့ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဒီလို ရောဂါ ကူးစက်မှု အန္တရာယ်နဲ့ ကြုံရနိုင်တဲ့ လူတွေအနေနဲ့ ကာကွယ်ဆေး ထိုးနှံခြင်းရဲ့ အရေးကြီးပုံကို လုံးဝသိနားလည်စေဖို့ အခုထက် ပိုပြီး လုပ်သင့်တယ်လို့ ယူဆကြပါတယ်။

ဟန်းနေဂျ့်က အခု ကိုဗစ်အခြေအနေက လက်ခံနိုင်တဲ့ အတိုင်းအတာထက်ကို နည်းနေဖို့ လိုတယ်လို့ ထင်ကြောင်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုလို နေရာမှာ ကာကွယ်ဆေးတွေ ပိုထိုးပေးတာမျိုးနဲ့ ကူးစက်မှု အခုထက် နည်းလာအောင် လုပ်ဖို့ ဖြစ်နိုင်တယ်၊ လူတွေက နိုင်ငံရေးတွေနဲ့ ကပ်ရောဂါအတွက် နွမ်းလျနေကြတာကြောင့် အခုလို အခြေအနေတွေကို ရောက်လာရတာ ဖြစ်တယ်၊ သူနဲ့ သိတဲ့ အထဲက သေဆုံးသွားရသူတွေဆို သူတို့အသက်ကို ကယ်ကောင်းကယ်နိုင်ခဲ့မဲ့ ဘူစတာဆေး ထိုးရမယ်ဆိုတာတောင် မသိသွားတဲ့ လူတွေ ရှိတယ်လို့ ပြောပါတယ်။

Illustration: XBB.1.5 strain, January 4, 2023, Suqian, Jiangsu, China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မကြာသေးမီ လပိုင်းတွေအတွင်းမှာ ကူးစက်မှုနှုန်း မြန်ဆန်ခဲ့တဲ့ Omicron မျိုးကွဲသစ် XBB. 1.5 ဟာ အမေရိကန် ပြည်ထောင်စုထဲမှာလည်း တော်တော် ကူးစက်နေပါတယ်။

အန္တရာယ်နဲ့ ကြုံနိုင်သူများကို ကာကွယ်ခြင်း

ကိုဗစ်-၁၉ ကူးစက်မှုတွေက အန္တရာယ်နဲ့ ကြုံနိုင်တယ်လို့ သတ်မှတ်ထားတဲ့ အစုအဖွဲ့တွေမှာ ပိုပြီး အဖြစ်များနေတာကြောင့် ဒါကို ကာကွယ်ဖို့နဲ့ အသေအပျောက် နှုန်းလျော့နည်းလာစေဖို့ လူမှုအသိုက်အမြုံ တခုလုံးကပါ ပိုမို ကြိုးစားကာကွယ်ပေးဖို့ လိုမလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

တကယ်လို့သာ ဘူစတာ ဆေးတွေကို အန္တရာယ်ရှိနိုင်တဲ့ လူတွေအတွက်သာ အဓိက မထားဘဲ အသက်အရွယ် အားလုံးအတွက် ထိုးပေးကြမယ် ဆိုရင် ကူးစက်မှုတွေကို လျော့သွားစေနိုင်ပါတယ်။ နောက်ပြီး Paxlovid လို အသေအပျောက် နည်းစေတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ကမ္ဘာတဝန်းမှာ ပိုပြီး လွယ်ကူ အဆင်ပြေစွာ ထိုးပေးနိုင်လာအောင် ကြိုးစားဖို့ လိုပါတယ်။

နောက်ပြီး ဓာတ်ခွဲခန်းမှာ မွေးတဲ့ ပရိုတိန်းတွေ ဖြစ်ကြတဲ့ ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးနိုင်တဲ့ Regeneron ရဲ့ Regen-Cov နဲ့ Astrazeneca ရဲ့ Evusheld တို့လို ပဋိပစ္စည်းတွေကလည်း အရင်က ကိုယ်ခံအား ချထားရသူတွေအတွက် အများကြီး ကာကွယ်ပေးနိုင်ပေမယ့် နောက်ပိုင်းပေါ်လာတဲ့ မျိုးစိတ်သစ် ပိုးတွေအတွက် အာနိသင်တွေ လျော့ကျလာတာကို တွေ့ရတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

အဲဒါကြောင့်လည်း ဟန်းနေ့ဂျ်က အခုပြန့်လာနေတဲ့ အိုမီခရွန်ရဲ့ မျိုးစိတ်ကွဲသစ် BQ 1.1 ဟာ လူအများအပြား အပေါ် အကြီးအကျယ် ဒုက္ခပေးနိုင်မှာ မဟုတ်ပေမယ့် အန္တရာယ်ကြုံနိုင်တဲ့ လူအစုအဖွဲ့တွေမှာတော့ အသေအပျောက်နှုန်း ပိုလာနိုင်လိမ့်မယ်လို့ ပြောပါတယ်။ အဲဒီလို ဓာတ်ခွဲခန်းမွေး ပဋိပစ္စည်းကုထုံးတွေ ယူနေရသူတွေအတွက် ကာကွယ်ဆေးက ထိရောက်မှု နည်းတာ သိသာပါတယ်။ အဲဒါကြောင့် အခု ဆောင်းရာသီမှာ ဒီလို ခုခံနိုင်စွမ်းနည်းပါးတဲ့ လူတွေမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။ ခက်တာက ဒါဟာ လူနည်းစုဆီမှာပဲ ဖြစ်နေတာကြောင့် လူတိုင်းက သိပ်ပြီး အလေးထားတာမျိုး လုပ်ကြမှာ မဟုတ်တာပါပဲလို့ သူက ပြောပါတယ်။

စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း

ကပ်ရောဂါကာလ ရှည်ကြာလာတာနဲ့အမျှ ကနဦးထဲက ရှိနေခဲ့တဲ့ မညီမျှမှုတွေကလည်း ပိုမို ကြီးထွားလာဖို့ပဲ ရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီလို ဗိုင်းရပ်စ်ကြောင့် မသိမသာနဲ့ သေဆုံးနေရတဲ့ နှုန်းတွေကို လျှော့ချပစ်ဖို့ နည်းလမ်းတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ အတွက်တော့ လူတိုင်းက လိုလိုလားလား ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။ ကူးစက်မှု ကွင်းဆက်ကို ဖြတ်ပစ်နိုင်ဖို့ အများသုံး သယ်ပို့ယာဉ်တွေပေါ်မှာ နှာခေါင်းစည်း တပ်တာမျိုးတွေ၊ အဆောက်အအုံတွေအတွင်း လေဝင်လေထွက် ကောင်းအောင်လုပ်တာမျိုး စသည်ဖြင့် လုပ်သွားရမှာ ဖြစ်ပါတယ်။

Residents queue to undergo nucleic acid tests for the Covid-19 coronavirus in Anyang in China's central Henan province

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်က ဟဲနန် ပြည်နယ်ထဲမှာ ရှိတဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ဖြစ်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေပြော

ကူးစက်ရောဂါ ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဗိုင်းရပ်စ် ဘယ်သူတွေ ကူးစက်ခံနေရသလဲ၊ ဘာကြောင့် သေဆုံးနေရသလဲ ဆိုတာကို ခပ်ပေါ့ပေါ့ပဲ သဘောထားပြီး လုပ်နေကြမယ်ဆိုရင် ကူးစက်မှု ဒီရေတက်လာရင် ဘာမှ ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးနေကြပါတယ်။

လတိုင်းမှာ ဒီလို ရောဂါနဲ့ ပတ်သက်လို့ အချက်အလက် ကောက်ယူလေ့လာမှုတွေ အတွက် လိုအပ်တဲ့ လုပ်အားနဲ့ ငွေအား တစစနဲ့ကျဆင်း လာနေတာကို တွေ့ရတယ်လို့ Hodcroft က ပြောပါတယ်။ သူ့အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရဖို့ ဘယ်လို လုပ်ရမလဲ၊ တကယ်လို့ အပြောင်းအလဲ ဖြစ်လာရင် သိနိုင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို အမြဲ မေးခွန်းထုတ်နေရတယ်၊ နောက်ပြီး ဘယ်လို သတိပေးချက်တွေ၊ အကြံပြုချက်တွေ ပေးရမလဲ၊ လိုအပ်တာတွေကို ဘယ်လို လုပ်ရမလဲ ဆိုတာပဲ စဉ်းစားနေရတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ကိုဗစ်-၁၉ ကြောင့် လူတွေ သေဆုံးနေရတာဟာ စိတ်မကောင်းစရာ ကောင်းပေမယ့် တဖက်မှာလည်း ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုတွေကို လက်တွေ့ဆန်ဆန် သုံးသပ်ကြည့်ဖို့ လိုကြောင်း ဆရာဝန်တွေက ပြောကြပါတယ်။ အူစတီယန်နောစကီးကတော့ ကမ္ဘာတဝန်းက ကျန်းမာရေး စောင့်ရှောက်မှု စနစ်တော်တော်များများမှာ အကန့်အသတ်ရှိကြောင်း၊ ဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို အချိန်မီ ထိထိရောက်ရောက် ထိုးနှံပေးနိုင်ကြရင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေအပြင် နှလုံး၊ ဦးနှောက်အမှေးရောင်နဲ့ တခြား သေစေနိုင်လောက်တဲ့ ဝေဒနာတွေအပါအဝင် ရောဂါအခံတွေကြောင့်ပါ သေဆုံးမှုတွေကို နည်းသွားစေနိုင်တယ်လို့ ပြောပါတယ်။

လူနာတွေ ပိုပြီး အခြေအနေ ဆိုးမလာစေဖို့ တားဆီးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို လုပ်ပေးသင့်တဲ့ လူတွေကို လုပ်ပေးနိုင်ရဲ့လားဆိုရင် ဝေးပါသေးတယ်လို့ ဆိုရမှာပါ။ ဒီလို တားဆီးနိုင်မှုတွေ ပိုတိုးလုပ်နိုင်မလား ဆိုရင်တော့ လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ကျန်းမာရေး စောင့်ရှောက်မှု စနစ်မှာမှ လုံးဝပြီးပြည့်စုံတဲ့ အခြေအနေမျိုးတော့ မမျှော်လင့်နိုင်ပါဘူး။ ဆေးလိပ်သောက်တဲ့ အသက် ၃၀ အရွယ်တွေမှာ တားဆီးမှု လုပ်ပေးနိုငရင် အဆုတ်ကင်ဆာ ဖြစ်တာ လျော့နည်းသွားမယ်၊ နောင်မှာ နှလုံးရောဂါဖြစ်တာလည်း နည်းသွားမယ်၊ ယထာဘူတ ကျကျ လုပ်ကိုင်တတ်ဖို့တော့ လိုပါတယ်လို့ သူက ပြောပါတယ်။