ချင်းကာကွယ်ရေးတပ်တွေ အပြင်းအထန်ကာကွယ်နေတဲ့မင်းတပ်ကို စစ်တပ်က ဒီမနက် လေကြောင်းဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
စစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းကို မြေပြင် အင်အားအလုံးအရင်းနဲ့တက်လာချိန်မှာပဲ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းကနေ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။
ချင်းကာကွယ်ရေးတပ်တွေအပြောအရ စစ်တပ်ဟာ ချင်းတောင်ပိုင်း စိုးမိုးရေး အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းထိုးနေချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြေပြင်အခြေအနေသိရှိသူကတော့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းဟာ ဒီမနက် ၉ နာရီဝန်းကျင်ကစကာ နာရီဝက်အတွင်း ဗုံး ၈ လုံးကြဲချတိုက်ခိုက်တာလို့ သူက ပြောပါတယ်။
စစ်တပ်ဟာ ချင်းတောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို တပ်သားအင်အား ၂,၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) က ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့မှာတော့ စစ်တပ်စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်ဟာ ချင်းမြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံကို သိမ်းပြီးတဲ့နောက် ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာပါတယ်။ အဲဒီနောက်မှာ ပြည်နယ်တောင်ပိုင်းကို အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
ချင်းတောင်ပိုင်း ၄ မြို့နယ်ဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီတို့ကို ချင်းညီနောင်အဖွဲ့က သိမ်းထားပြီး ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားပါတယ်။


