အလင်္ကာပုလဲပန်း ကပ်ကြီးသုံးပါး၊ အပါယ်လေးပါး

ဓာတ်ပုံ ရင်းမြစ်, getty images
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးတဲ့အခါတိုင်းမှာ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ၈ ပါး၊ ရန်သူမျိုး ၅ ပါး ကနေ ကင်းလွတ်ဖို့ ဆုတောင်းတတ်ပါတယ်။ ဘုရားရှိခိုးစာထဲမှာ တခါတည်းထည့်သွင်းထားတဲ့အတွက် မပါမပြီး ဖြစ်နေတတ်ပါတယ်။
အမြဲလိုလို ကင်းလွတ်ဖို့ ဆုတောင်းမြဲဖြစ်တဲ့ အဲဒီကပ်ကြီးသုံးပါးဟာ အခုစုပြုံကျရောက်နေပြီလို့ လူအများက ပြောဆိုနေကြပါတယ်။ ကပ်ဆိုတာ ဘာလဲ။ ကပ်ကြီးသုံးပါးဆိုတာ ဘာတွေပါလဲ။
ကပ်
"ကပ်ဆိုတာ ကာလကို ပြောတာပါ။ ကပ်သုံးပါးဆိုတာ ကာလသုံးပါးကို ပြောတာပါပဲ။ ကပ်ဆိုတာဟာ အချိန်ကာလကိုပဲ ဟောပါတယ်။"
ကပ်ဆိုတာ ပါဠိစကား "ကပ္ပ" က လာတယ်လို့လည်း ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ပါဠိစကား ကပ္ပဟာ အချိန်ကာလကို ဟောပါတယ်။ ကပ္ပဆိုတဲ့စကားဟာ ပါဠိသက်မြန်မာစကားအဖြစ် ဆင်းသက်လာတဲ့အခါ ကပ်ဆိုတဲ့စကားအဖြစ်တမျိုး၊ ကပ္ပာသို့မဟုတ် ကမ္ဘာဆိုတဲ့စကားအဖြစ်တမျိုး နှစ်မျိုး ဆင်းသက်လာပါတယ်။ ကမ္ဘာဆိုတဲ့စကားမှာလည်း မြေကြီးကိုဟောတဲ့ ကမ္ဘာက တမျိုးဖြစ်ပါတယ်။ လေးသင်္ချေနဲ့ကမ္ဘာတသိန်းဆိုတဲ့ စကားမျိုးမှာတော့ ကမ္ဘာဆိုတာ အချိန်ကာလကို ဆိုလိုတာ ဖြစ်ပါတယ်။
ကပ်ကြီးသုံးပါးမှာပါတဲ့ကပ်က အချိန်ကို ဆိုလိုပါတယ်။ ဒါ့ကြောင့် တခါတလေမှာ အချိန်လို့အဓိပ္ပာယ်ထွက်တဲ့ "ကာလ" ဆိုတဲ့စကားနဲ့လည်း ဖလှယ်သုံးစွဲတာမျိုး ရှိပါတယ်။ ဥပမာအားဖြင့် ကာလဝမ်းရောဂါမှာပါတဲ့ ကာလဟာ ကပ်နဲ့ အတူတူပါပဲ။ ကာလနာတိုက်တယ်ဆိုတဲ့ အသုံးမှာပါတဲ့ ကာလဟာလည်း ကပ်တိုက်တယ်၊ ကပ်ဆိုက်တယ်လို့ ပြောတာပဲဖြစ်ပါတယ်။
"ကပ္ပဆိုတဲ့စကားက ကြံစည်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရတယ်။ အဲဒီစကားက ဆက်စပ်ယူရင် ဘယ်အထိ ရောက်သလဲဆိုရင် ဒီအချိန်အခါကြီးက ရေတွက်လို့တောင် မရဘူး။ ဘာနဲ့မှ ကိန်းဂဏန်းပြလို့ မရဘူး။ စိတ်နဲ့ပဲကြံဆလို့ရတယ်။ အဲသလောက်အထိ ရှည်လျားကြာညောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း သက်ရောက်ပါတယ်" လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
ကပ်ကြီးသုံးပါး
နေ့စဉ်ဘုရားရှိခိုးတဲ့အခါ ကင်းလွတ်ပါစေကြောင်း ထည့်သွင်းဆုတောင်းတတ်တဲ့ ကပ်ကြီးသုံးပါးကတော့ သတ္ထန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဆိုတဲ့ ကပ်ကြီးသုံးပါးဖြစ်ပါတယ်။
သတ္ထန္တရကပ်
"သတ္ထန္တရကပ်ဆိုတာ သတ္ထ၊ အန္တရ၊ ကပ္ပ ပေါ့ဗျာ။ သတ္ထဆိုတာ လက်နက်၊ခဲယမ်း၊မီးကျောက်၊တုတ်၊ ဓား စသည်ဖြင့် လက်နက်တွေ သောင်းကျန်းတဲ့ အချိန်အခါကြီးပေါ့ဗျာ။"
ဆရာကြီးဦးထွန်းတင့်ရှင်းပြတာ ဖြစ်ပါတယ်။
လက်နက်တွေကြောင့်သေကြေပျက်စီးတဲ့အချိန်ကာလကို သတ္ထန္တရကပ်လို့ခေါ်ပါတယ်။ သတ္ထန္တရကပ်ဆိုတဲ့စကားဟာ သတ္ထဆိုတဲ့စကား၊ အန္တရဆိုတဲ့စကား၊ ကပ္ပဆိုတဲ့စကား ပါဠိစကားသုံးလုံးရဲ့ အတွဲအစပ် ဖြစ်ပါတယ်။
"သတ္ထ" ကို ဦးဟုတ်စိန်ရဲ့ ပါဠိမြန်မာအဘိဓာန်မှာ အဓိပ္ပာယ် ၄ မျိုး ဖွင့်ဆိုထားပါတယ်။ လက်နက်၊ သံလျက်၊ ဓားငယ်၊ ညှဉ်းဆဲခြင်း ဆိုတဲ့အဓိပ္ပာယ် ၄ မျိုးပါ။
"အန္တရ" ဆိုတဲ့ပါဠိစကားကတော့ "ခြားသော၊ အကြားဖြစ်သော၊ စပ်ကြားဖြစ်သော" လို့ အဓိပ္ပာယ်ရပါတယ်။ နာမ်အနေနဲ့ဆိုရင် "ပျက်စီးခြင်း" လို့လည်း အဓိပ္ပာယ်ရပါတယ်။ အန္တရာယဆိုတဲ့ပါဠိစကားကတော့ "ဖျက်ဆီးတတ်ခြင်း" ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အန္တရာယဆိုတဲ့စကားကနေ ဆင်းသက်လာတဲ့ အန္တရာယ်ဆိုတာကတော့ ဗမာစကားသဖွယ် လူတိုင်းနားလည်နေတဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် သတ္ထ၊ အန္တရ၊ ကပ်ဆိုတဲ့စကားသုံးလုံးကို ပေါင်းတဲ့အခါ လက်နက်အန္တရာယ်ကျရောက်တဲ့အချိန် သို့မဟုတ် ညှဉ်းဆဲနှိပ်စက်တဲ့ ဘေးအန္တရာယ်ကျရောက်တဲ့အချိန်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဒါ့ကြောင့် လမ်းပေါ်မှာ သေနတ်နဲ့ အပစ်ခံရတဲ့အချိန်၊ အိမ်ထဲဝင်သေနတ်နဲ့အပစ်ခံရတဲ့အချိန်၊ ဖမ်းဆီးပြီးညှဉ်းဆဲနှိပ်စက်ခံရတဲ့အချိန်၊ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျည်ဆံက လာမှန်နိုင်တဲ့အချိန်၊ ခေါင်းကိုတည့်တည့်ပစ်ခတ်နေတဲ့အချိန်မျိုးကို သတ္ထန္တရကပ်ဆိုက်တဲ့အချိန်လို့ လူတွေက မှတ်ယူကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, getty images
ရောဂန္တရကပ်
"ဒါကတော့ရှင်းပါတယ်။ ရောဂရယ်၊ အန္တရရယ်၊ ကပ်ရယ်ပေါင်းထားတာပေါ့ဗျာ။ ရောဂါအန္တရာယ်ကျရောက်တဲ့အချိန် ဆိုပါတော့။"
"ရောဂ" ဆိုတာ "အနာမျိုး၊ နာကျင်ခြင်း" လို့ ဦးဟုတ်စိန်ရဲ့ ပါဠိ-မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ပေးထားပါတယ်။ ပါဠိသက်ဝေါဟာရ ရောဂါဟာ မြန်မာစကားလိုဖြစ်နေပြီဆိုတော့ ရောဂါလို့ပြောလိုက်ရင် လူတိုင်းနားလည်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဆိုးကြီးကြောင့် လူအများအပြားဟာ နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်ဆိုသလို မြန်မြန်ဆန်ဆန်သေဆုံးနေတဲ့အချိန်၊ သုသာန်မှာ အလောင်းတွေ တန်းစီနေရတဲ့အချိန်ဆိုးကြီးဖြစ်လို့ ရောဂန္တရကပ်ဆိုက်တဲ့အချိန်လို့ လူတွေက ပြောဆို သတ်မှတ်ကြတာ ဖြစ်ပါတယ်။
ဒုဗ္ဘိက္ခန္တရကပ်
"ဒုဗ္ဘိက္ခဆိုတဲ့စကားရယ်၊ အန္တရဆိုတဲ့စကားရယ်၊ ကပ်ဆိုတဲ့စကားရယ်ပေါင်းစပ်ထားတာပါ" လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
"ဒုဗ္ဘိက္ခ" ကို ဦးဟုတ်စိန်ရဲ့ ပါဠိမြန်မာအဘိဓာန်မှာရှာဖွေကြည့်တဲ့အခါ "ရခဲသောထမင်းရှိသည်" "ငတ်မွတ်သည်" လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ရခဲသောထမင်းရှိသည် ဆိုတာ ထမင်းရဖို့ ခဲယဉ်းတာ၊ တနည်းအားဖြင့်ပြောရရင် အစာရေစာ ခေါင်းပါးရှားပါးတာကို ပြောတာပါပဲ။ နာမ်အနေနဲ့ဆိုရင် "ငတ်မွတ်ခြင်း" လို့ပဲ အဘိဓာန်က အဓိပ္ပာယ်ပေးပါတယ်။ ဒီတော့ ဒုဗ္ဘိက္ခန္တရကပ်ဆိုတာက အငတ်ဘေးအန္တရာယ်ကျရောက်တဲ့အချိန်ကို ဆိုလိုပါတယ်။
"သတ္ထန္တရကပ်ကြီးဖြစ်ပြီးရင်၊ ရောဂန္တရကပ်ကြီး ကျရောက်တယ်ပေါ့ဗျာ။ အဲဒီကပ်ကြီး ၂ ခုဖြစ်ရင် ဒုဗ္ဘိက္ခန္တရကပ်ကြီး ဖြစ်မှာပဲဗျ။ အဖြစ်များတဲ့အစဉ်ကတော့ ရောဂန္ထရကပ်ကြီးကျ၊ အဲသလို ရောဂါဘေးကြီးကျလို့ အငတ်ဘေးကြီးကျ၊ အငတ်ဘေးကြီးကျတော့မှ လုယက်ခိုးဆိုးတာတွေ ဖြစ်တတ်တာပေါ့။ အခုတော့ သတ္ထန္တရကပ်ပြီးတော့မှ ရောဂန္ထရကပ်၊ ရောဂန္ထရကပ်ပြီးရင်တော့ ဒုဗ္ဘိက္ခန္တရကပ်က ဖြစ်တတ်တာပေါ့ဗျာ။ ဒီကပ်ကြီးသုံးပါးကတော့ တခုဖြစ်ရင်တခု သံသရာလည်တတ်တာပါပဲ။"
"ကပ်ဆိုတာအချိန်ပါပဲ။ ကာလဆိုတာလည်း အချိန်ပါပဲ။ ဒါ့အပြင် နောက်စကားတလုံး ရှိသေးတယ်ဗျ။ သရောကြီးခိုင်းတယ်ဆိုတဲ့စကား။ သရောဆိုတာလည်း အချိန်အခါကို ပြောတာ။ သရောဆိုတာတော့ မြန်မာလို ပြောတာပေါ့ဗျာ။ သရောကြီးခိုင်းတယ်ဆိုတာတော့ ဒုဗ္ဘိက္ခန္တရကပ်ကို ပြောတာပါ။ ငတ်မွတ်တဲ့ကာလကို ပြောတာပါ။"
သရောဆိုတဲ့မြန်မာစကားဖြစ်ပြီး ရှေးသရောအခါ ဆိုတဲ့စကားမှာပါတဲ့ သရောဖြစ်ပါတယ်။ ဒီစကားကိုပဲ တချို့က သက္ကတစကားကလာတယ်လို့ ကြံဆကြတာလည်း ရှိပါတယ်။ သရောကြီးခိုင်းတယ်ဆိုတဲ့ စကားမှာပါတဲ့ ခိုင်းကတော့ ခိုက်နဲ့အတူတူပါပဲ။ ခိုက်ဆိုတာ အချိန်အခါကျရောက်တာကို ဆိုလိုပါတယ်။ ထိခိုက်တယ်ဆိုတဲ့စကားမှာပါတဲ့ ခိုက်ဟာလည်း အဓိပ္ပာယ်တူပဲဖြစ်တယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ထိတာကလည်း ရောက်တာ၊ ခိုက်တာကလည်း ဆိုက်ရောက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, getty images
အပါယ်လေးပါး
"အပါယ်ဆိုတာကတော့ ပါဠိသက်စကားပါပဲ။ မူလပါဠိစကားကတော့ "အပါယ" ပါ။ ပါယမှာ ယပက်လက်ကို အသတ်ကလေးထည့်လိုက်တော့ အပါယ်ဖြစ်သွားတာပေါ့။ အပါယ်ဆိုတာ ချမ်းသာခြင်းကင်းတယ်လို့ အဓိပ္ပာယ်ရပါတယ်။ အပါယ်ဆိုတာ အင်မတန်ဆင်းရဲတဲ့ဘုံပေါ့။"
ဆရာကြီးဦးထွန်းတင့်ရှင်းပြတာပါ။ ဦးဟုတ်စိန်ရဲ့ ပါဠိအဘိဓာန်မှာ အပါယ်ဆိုတာ "ထွက်သွားခြင်း၊ ခွဲခွာခြင်း၊ ပျက်စီးခြင်း၊ ချမ်းသာခြင်းကင်းသော" လို့ အဓိပ္ပာယ်ပေးထားပါတယ်။
"အပါယ်လေးပါးဆိုတာ ဘာလဲဆိုတော့ နံပါတ်တစ်ကတော့ ငရဲပေါ့ဗျာ။ ငရဲကတော့ နိရယကနေ ငရဲဖြစ်လာတယ်လို့ ယူဆတာပေါ့။ နိရယကနေ နရယပေါ့။ နရယကနေ နရယ်။ နရယ်ကနေ နရဲ။ နရဲကနေ ငရဲဖြစ်တယ်ပေါ့ဗျာ။ ငရဲက အင်မတန်ဆင်းရဲတဲ့ဘုံပေါ့ဗျာ။ ငရဲကြီးရှစ်ထပ်တို့ ဘာတို့ ပေါ့ဗျာ။ ဒါက အပါယ်တပါးပေါ့။"
ဦးဟုတ်စိန်ရဲ့ ပါဠိအဘိဓာန်မှာ နိရယကို စီးပွားချမ်းသာကင်းသောလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။
"နောက်တခု တိရစ္ဆာန်ပေါ့ဗျာ။ တိရစ္ဆာနဆိုတဲ့ပါဠိပါပဲ။ တိရစ္ဆာနကနေ တိရစ္ဆာန်လို့ အသံထွက်ရမှာပါပဲ။ အဲဒီကနေ အသံထွက်ပြောင်းပြီး တရိစ္ဆာန်တွေဘာတွေအသံထွက်တာပေါ့ဗျာ။ လျှာခလုတ်တိုက်တာပေါ့။ အရေးမှာတော့ တိရစ္ဆာန်ပါပဲ။"
ဦးဟုတ်စိန် အဘိဓာန်မှာ တိရစ္ဆာနကို တိရစ္ဆာန်လို့ပဲ အဓိပ္ပာယ်ပေးပါတယ်။ တိရစ္ဆရဲ့ အဓိပ္ပာယ်ကိုတော့ "ဖီလာ" လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဖီလာကို ခရီးဆောင်မြန်မာအဘိဓာန်မှာ "ကန့်လန့်ဖြစ်လျက်၊ ဆန့်ကျင်ဖီဆန်လျက်၊ ဆန့်ကျင်သည်၊ အတိုက်အခံပြုသည်" လို့အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒီတော့ တိရစ္ဆာန်ဆိုတာဟာ မဂ်ဖိုလ်နဲ့ဆန့်ကျင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်ပါတယ်။ မဂ်ဖိုလ်မရနိုင်တဲ့ သတ္တဝါဆိုတဲ့ သဘောဖြစ်ပါတယ်။
"နောက်ပြိတ္တာပေါ့။ သူလည်းပဲ ချမ်းသာခြင်းကင်းတယ်လို့ ပြန်တာပါပဲ။ ပါဠိလိုတော့ ပေတလို့ခေါ်တာပေါ့။ သက္ကတမှာတော့ပြေတပေါ့ ရရစ်လေးပါတယ်။ အခုဗမာတွေပြောတာက သက္ကတဘက် ပိုနွှယ်တာပေါ့။"
ပေတဆိုတာ "တမလွန်ဘဝသို့ ပြောင်းသွားသော၊ သေသော၊ သူသေ" စသည်ဖြင့် ပါဠိအဘိဓာန်မှာ ဖွင့်ဆိုချက်ပေးပါတယ်။
"နောက်အပါယ်တပါးဖြစ်တဲ့ အသူရကာယ်ဆိုတာကတော့ အသူရကာယပေါ့။ အသူရ ဆိုတာ မရဲရင့်တာ။ ကာယဆိုတာ ကိုယ်ခန္ဓာပေါ့။ အသူရကာယဆိုတာ မရဲရင့်တဲ့သတ္တဝါတွေလို့လည်း ပြောတယ်။ ကိုယ်ရောင်ကိုယ်ဝါ မရှိတဲ့ သတ္တဝါတွေလို့လည်း ပြောကြပါတယ်။"
ရပ်ပြစ် ၈ ပါးဆိုတာက အပြစ်ရှိတဲ့ အရပ် ၈ ပါးကို ဆိုလိုပါတယ်။ ရန်သူမျိုး ၅ ပါးဆိုတာက ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ တို့ကို ဆိုပါတယ်။ ရန်သူမျိုး ၅ ပါးဟာလူကို ရန်ပြုတတ်တဲ့သဘောရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဝိပ္ပတ္တိတရား ၄ ပါးကတော့ သီလပျက်ခြင်း၊ အယူပျက်ခြင်း၊ အကျင့်ပျက်ခြင်း၊ အသက်မွေးမှုပျက်ခြင်းတို့ကို ဆိုလိုပါတယ်။
ဗျသနတရား ၅ ပါးဆိုတာက ဆွေမျိုးညာတိပျက်စီးခြင်း၊ ရာထူးဂုဏ်သိရ်စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါနှိပ်စက်ပျက်စီးခြင်း၊ အကျင့်သီလပျက်စီးခြင်း၊ အယူဝါပျက်စီးခြင်းတို့ကိုဆိုလိုပါတယ်။








