ဗစ်တိုးရီးယားအမှု- စီစီတီဗီမှတ်တမ်းကို တရားခွင်မှာ စစ်ဆေးခဲ့ရတဲ့ နည်းပညာကျွမ်းကျင်သူနဲ့ အင်တာဗျူး

ဗစ်တိုးရီးယားအမှုရဲ့ ၁၀ ကြိမ်မြောက် ရုံးထုတ်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်ရုံးချိန်းမှာ သက်သေခံအဖြစ် တင်ပြထားတဲ့ စီစီတီဗီမှတ်တမ်း ကိုင်တဲ့သူကို စစ်ဆေးခဲ့ပါတယ်။ သူ့ကို မစစ်ဆေးခင်မှာ ရုံးတော်ကို တင်ပြထားတဲ့ စီစီတီဗီရဲ့ Hard disk အကြောင်း သိရဖို့ ဥပဒေအရာရှိကနေ နည်းပညာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ကိုမိုး ဆိုသူကို စစ်ဆေးစေခဲ့ ပါတယ်။ ကိုမိုးဟာ အခုလို အိုင်တီပစ္စည်းတွေကို လိုက်လံတပ်ဆင်တာ၊ ပြုပြင်တာတွေလုပ်နေသူ ဖြစ်သလို အိုင်တီနည်းပညာနဲ့ပတ်သက်လို့လေ့လာသင်ယူထားသူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ဒီ Hard disk (ဟာ့ဒစ်) ကို စစ်ဆေးကြည့်တဲ့အခါ တွေ့ခဲ့တာတွေနဲ့ပတ်သက်လို့ကိုမိုးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။အရင်ဆုံး ဒီရုံးတော်မှာ လာရောက်စစ်ဆေးပေးခဲ့ရပုံကို ရှင်းပြပါဦး။
ကိုမိုး။ ။တရားရုံးဘက်မှာ ဒီဟာနဲ့ပတ်သက်လို့ပေါ့။ သူတို့သိပ်ပြီးတော့လည်း အတွေ့အကြုံမရှိဘူးပေါ့။ စီစီတီဗီ အထိုင်စက် (DVR+Hardisk) တွေ ၊ ကင်မရာတွေရဲ့ အလုပ်လုပ်ပုံကို သိပ်မသဲကွဲတဲ့အတွက် ကျွန်တော့်ကို အကူအညီတောင်းတာနဲ့ကျွန်တော်က လာပြီး ကိုယ်သိသလောက်လေး လာရှင်းပြပေးတာပါခင်ဗျ။
ဘီဘီစီ။ ။ အခု ကိုမိုးအနေနဲ့ရုံးတော်မှာ သွားကြည့်တဲ့အခါ Hard disk ထဲမှာ ဘာတွေ တွေ့ရလဲခင်ဗျ။
ကိုမိုး။ ။သက်သေခံပစ္စည်းထဲမှာ ဘာမှမပါဘူး။ သက်သေခံပစ္စည်းက အလွတ်ကြီးပါ။ လုံးဝဖိုင်အလွတ်ကြီး ဖြစ်နေတယ်။ Hard disk တောင်မှပဲ ဒီတက် Detect လုပ်မထားဘဲ ရိုးရိုး DVR စက်တစ်လုံးထဲမှာ Hard disk ဟာ့ဒစ်တစ်လုံးကို ရုပ်ပိုင်းဆိုင်ရာတပ်ဆင်ထားတဲ့ပုံစံမျိုးပဲတွေ့ ရပါတယ်။ Detect တောင်မှ လုံးဝလုပ်မထားဘူး။ ကျွန်တော် သူတို့ကိုပြပါတယ်။ ဟာ့ဒစ်တော့ စိုက်ထားတယ်။ ဟာ့ဒစ်ဒီတက်ရှင်မရှိလို့ကျွန်တော် ဒီတက်ရှင်လုပ်ပေးထားရတယ်။ ဟာ့ဒစ်ကလည်း အလွတ်ကြီး။ ဘာဖိုင်မှ လည်းမရှိဘူး။ ဘာလော့ခ်မှလည်း မကျန်ဘူး။ အလွတ်ကြီးဖြစ်နေတာကို ကျွန်တော် တင်ပြခဲ့ပါတယ်။
ဘီဘီစီ။ ။Detect မလုပ်ထားဘူးဆိုတာ သာမန်ပြည်သူတွေနားလည်အောင်ဆို ဘယ်လိုရှင်းပြလို့ရမလဲ ခင်ဗျ။
ကိုမိုး။ ။ဥပမာ စက်ထဲမှာ ဟာ့ဒစ်ကိုတော့ ထည့်ထားတယ်။ ဒါပေမဲ့စက်နဲ့ System ကိုပေါ့ ချိတ်ထားတာမရှိဘူး။ ဒီတက်ရှင်ဆိုတာ ကော်နက်ရှင်ချိတ်ထားတာကိုပြောတာ။ ဒါပေမဲ့ ကော်နက်ရှင်တောင် ချိတ်မထားဘူး။ ဖစ်ဆစ်ကယ်အရပဲ ဒီအတိုင်းပဲထိုးထည့်ထားတာ။ ဒီဟာက အော်ရဂျင်နယ် ပုံစံမျိုး မဟုတ်ဘူးဗျာ။ အခုမှ ဟာ့ဒစ်တစ်လုံးကို ကောက်ထည့်ထားတဲ့ပုံစံမျိုးကို ကျွန်တော် တွေ့ရတာပါ။ ကျွန်တော်ကိုယ်တိုင် ဒီတက်ရှင် လုပ်ထားရတယ်။ ကျွန်တော် လုပ်ထားတဲ့ လော့ခ်ဖိုင်ကိုလည်း ကျွန်တော် ဘက်ကပ် လုပ်ထားလိုက်ပါတယ်။
ဘီဘီစီ။ ။ဒီဟာ့ဒစ်ထဲမှာ ဗီဒီယိုဖိုင်တွေမရှိဘူး။ လော့ခ်ဖိုင်တွေမရှိဘူးဆိုတာ ဟာ့ဒစ်တွေရဲ့သဘောက အချိန်ကြာ ရင် ပျက်သွားတဲ့သဘောလား။ တစ်စုံတစ်ယောက်က ဖျက်လိုက်တဲ့သဘောလား။ ဘယ်လိုသုံးသပ်နိုင်ပါသလဲ။
ကိုမိုး။ ။ အဲဒီဟာက ဘယ်လိုပြောရမလဲ။ အသေးစိတ်ကြီးတော့ မှတ်ချက်ပေးလို့မရဘူးဗျ။ အကြောင်း အမျိုးမျိုးကြောင့်ပျက်သွားတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဖျက်လိုက်ရင်လည်း ဖြစ်နိုင်တယ်။ အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားတယ်ဆိုရင်လည်း ဟာ့ဒစ်တစ်ခုလုံး လုံးဝပျက်သွားတာမျိုးဖြစ်ရမယ်။ ဟာ့ဒစ်တစ်ခု လုံးပျက်သွားမှသာလျှင် ရှိသမျှဖိုင်တွေလည်း အကုန်ပျက်သွားမှာ။ အခုဟာက ဟာ့ဒစ်ပျက်သွားပါတယ် လို့ ထွက်ဆိုထားတာ ၊ တင်ပြထားတာလည်း တစ်ခုမှမတွေ့ရဘူး။ သူတို့ဒီဟာကို ထိလည်း မထိပါဘူး။ ကိုင် လည်း မကိုင်ပါဘူး။ ဘာမှလုပ်ထားခြင်းလည်း မရှိပါဘူးဆိုရင်တော့ ဒါက ဖျက်ထားတဲ့အရာဖြစ်နေပြီပေါ့။ ဒါက ကျွန်တော်တို့သုံးသပ်တာပေါ့။ စဖြစ်တဲ့အချိန်ကနေ အခုချိန်ထိ ဒီအတိုင်းပါပဲ လို့ပြောဆိုထားတာဖြစ်တဲ့အ တွက် ဒီဖိုင်တွေက လွယ်လွယ်ကူကူနဲ့သူ့ဘာသာသူ အော်တို လော့ခ်ဖြစ်သွားနိုင်တဲ့ အနေအထားမဟုတ် ဘူး။ အော်တိုလော့ခ်ဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ တစ်ယောက်ယောက်က ဖျက်တာသော် လည်းကောင်း ၊ ဖောမတ်ချလိုက်တာသော်လည်းကောင်း ၊ ရီဖောမတ် လုပ်လိုက်တာမျိုးသော်လည်းကောင်း ဒါမျိုးလုပ်ထားတာဖြစ်နိုင်ပါတယ်။
ဘီဘီစီ။ ။ရုံးတော်ကိုတင်ပြထားတာ စီစီတီဗီမှတ်တမ်းဖိုင် ၁၁ ဖိုင်ရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်။ ဒီစီစီတီဗီမှတ်တမ်းတွေက ဟာ့ဒစ်ထဲမှာသိမ်းတဲ့အခါ တစ်နေ့စာတစ်နေ့စာကို တစ်ဖိုင်ချင်းစီသိမ်းလား ခွဲပြီး သိမ်းထားပေးတာလား။
ကိုမိုး။ ။များသောအားဖြင့်စီစီတီဗီ စစ်စတမ်များသည် ကင်မရာတူကင်မရာ၊ ဒေးတူဒေး (တစ်ရက်ချင်း အလိုက်)သိမ်းတာပါ။ အဲဒီလို မျိုးဖိုင်တွေကို ပိုင်းပိုင်းပြီးတော့ သိမ်းလေ့သိမ်းထ မရှိဘူးပေါ့။
ဘီဘီစီ။ ။ရုံးတော်ကိုတင်ပြတဲ့ ၁၁ ဖိုင်ထဲမှာ အချို့နေရာတွေ ပြတ်တောက်နေတာတွေရှိတော့ တချို့ကလည်း ပြောကြတာရှိပါတယ်။ မီးပျက်လို့ပျက်သွားတယ်ဆိုတာမျိုးပေါ့။ မီးပျက်သွားရင် စီစီတီဗီကင်ရာက ဖိုင်ထဲမှာ ဘယ်လို ပုံစံမျိုး သိမ်းထားပေးလဲ။
ကိုမိုး။ ။မီးပျက်သွားရင်တော့ ဘယ်လိုမှသိမ်းထားလို့မရတော့ဘူးလေ။ မီးပျက်သွားတဲ့အခါကျရင် ရှိသမျှ မှတ်တမ်းတွေက အဲဒီနေရာမှာ ဥပမာဆိုကြပါစို့၊ နေ့လယ် ၁၂ နာရီမှာ မီးပျက်ရင် ၁၂ နာရီမှာ ဒီထဲမှာ ကင်မရာ ၃၂ လုံးရှိရင် ၃၂ လုံးစလုံးက ဘာမှတ်တမ်းမှာမကျန်ဘဲ အော်တိုပိတ်သွားမှာ။ မီးပြန်လာတဲ့အချိန်မှာ သူ့ဘာ သာသူပြန်လာမယ်၊ တစ်နာရီမှာ မီးပြန်လာမယ်ဆိုရင် တစ်နာရီမှာပြန်ပြီး မှတ်တမ်းလုပ်မယ်။ ၁၂ နာရီ နဲ့၁ နာရီကြားမှာတော့ မှတ်တမ်းမရှိဖြစ်နေမယ်။ ကင်မရာတစ်လုံးက ၁၂ နာရီမှာပျက်ပြီး ကျန်တဲ့ဟာက ၁ နာရီမှ ပျက်နေတယ်ဆို မဖြစ်နိုင်ဘူး။ တကယ်လို့မီးပျက်သွားမယ်ဆိုရင် ကင်မရာ ၃၂ လုံးရှိရင် တစ်ချိန်တည်း တစ်နေရာတည်းမှာ ပျက်နေရမယ်။
ဘီဘီစီ။ ။ ဟာ့ဒစ်ထဲမှာမရှိတော့တဲ့ ဗီဒီယိုဖိုင်တွေပြန်ရဖို့အတွက်ဆိုရင် ဘယ်ဟာက အရေးကြီးလဲ။ ဘယ်လို လုပ်ရင် ပြန်ရနိုင်လဲ။
ကိုမိုး။ ။ အဲဒီဟာကတော့အခြေအနေက အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲက ဟာတွေကို ပြန်လည် ဆယ်ယူဖို့ဆိုတာက ၁ အချက် ဒီဟာ့ဒစ်က သူတို့ပထမဦးဆုံးစသုံးထားတဲ့ နဂိုအခင်း ဖြစ်တဲ့ အချိန်မှာ မှတ်တမ်းယူထားတဲ့ မူရင်းဟာ့ဒစ်ဖြစ်ရမယ်။ မူရင်းဟာ့ဒစ်မဖြစ်ဘူးဆိုရင် ဘယ်လိုနည်းပညာ မျိုးနဲ့ဘယ်လိုလူမျိုးကမှ ဆင်းလာပြီးယူလို့မရဘူး။ နောက်တစ်ကြောင်းကတော့ ပြန်လည်ဆယ်ယူဖို့ဆိုတာ ၅ မိနစ် ၁၀ မိနစ်နဲ့ပြီးသွားတဲ့အလုပ်မျိုးမဟုတ်ဘူး။ နာရီပေါင်းများစွာ ရက်ပေါင်းများစွာ အချိန်ယူပြီးမှလုပ်ရတာ။ အခြေအနေကအများကြီးဖြစ်နေတယ်။ ကျွန်တော် တို့ကပြန်ဆယ်ယူလို့ရပါတယ်လို့အာမခံလို့မရသလို ၁၀၀ ရာခိုင်နှုန်းမရဘူးလို့လည်း ပြောလို့မရဘူး။
ဘီဘီစီ။ ။ ကျေးဇူးတင်ပါတယ်။










