အခြေခံဥပဒေ ပြင်မှ ငြိမ်းချမ်းရေးရမယ်လို့ ဦးခွန်ထွန်းဦးပြော

အခြေခံ ဥပဒေ ကို ပြင်မယ်ဆိုတဲ့ ကတိကဝတ် ရဖို့ အတွက် လက်ရှိ အစိုးရဟာ တပ်မတော် နဲ့ ဆွေးနွေးသင့်တယ်လို့ ပြော
ဓာတ်ပုံ ပုံစာ, အခြေခံ ဥပဒေ ကို ပြင်မယ်ဆိုတဲ့ ကတိကဝတ် ရဖို့ အတွက် လက်ရှိ အစိုးရဟာ တပ်မတော် နဲ့ ဆွေးနွေးသင့်တယ်လို့ ပြော
ရေးသားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံ ညီလာ ခံ လို့ ခေါ်ဆိုနိုင်တဲ့ ညီလာခံ တစ်ရပ်ကို လာမယ့် တစ်လ နှစ်လ အတွင်း ကျင်းပ လိုကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ပြောခဲ့ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး က အခြေခံ ဥပဒေ ကို မပြင်ဘဲ နဲ့ ငြိမ်းချမ်းရေး ရဖို့က ခက်ခဲမယ်လို့ ပြောပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက် ကလည်း အခြေခံ ဥပဒေ ပြင်ဆင် ရေးကိုပဲ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ရှောင်ကွင်းနေလို့ မဖြစ်ကြောင်း နဲ့ အခြေခံ ဥပဒေ ကို ပြင်မယ်ဆိုတဲ့ ကတိကဝတ် ရဖို့ အတွက် လက်ရှိ အစိုးရဟာ တပ်မတော် နဲ့ ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။

တပ်မတော်နဲ့ အစိုးရအကြား အခြေခံ ဥပဒေ ပြင်ဆင်ဖို့ သဘောတူညီမှု ရပြီးမှသာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ နဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး သင့်တယ်လို့ ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားမှာ သံသယတွေ ကြီးထွားလာ နေပြီး ငြိမ်းချမ်းရေး ညီလာခံ ကနေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို ဆွေးနွေးဖို့ ဆိုတာ ကလည်း မဖြစ်နိုင်ဘူးလို့ သူ က ဆက်ပြောပါတယ်။

အခုလောလောဆယ် မြန်မာ နိုင်ငံရဲ့ အခြေအနေ ကလည်း ဘယ်သူက ဦးဆောင် နေသလဲ ဆိုတာကို တောင် မသိနိုင်သေးဘူးလို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်ရဲ့အခန်းကဏ္ဍက အရေးပါနေပြီး အစိုးရ အနေနဲ့ တပ်မတော်နဲ့ ဆွေးနွေးပြီးမှ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

အဓိက အချက်က အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ကိုယ့်မူနဲ့ ကိုယ် သွားနေတဲ့ အတွက် တစ်စားပွဲတည်းထိုင်ပြီး တန်းတူရည်တူ ဆွေးနွေးမှ ငြိမ်းချမ်းရေး ကိစ္စ ပြေလည်မှာ ဖြစ်တယ်လို့ သူက ပြော ပါတယ်။

အရင်အစိုးရ လက်ထက်တုန်းကလည်း ငြိမ်းချမ်းရေး လုပ်ခဲ့ပေမယ့် တိုက်ပွဲတွေ လည်း ဖြစ်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ရှိခဲ့ပြီး NLD အစိုးရ လက်ထက်မှာလည်း ငြိမ်းချမ်းရေး လုပ်မယ်ဆိုပေမယ့် တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ် နေဦးမယ် ဆိုရင် ငြိမ်းချမ်းရေး ရရှိဖို့ ခက်ခဲမှာဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။