နာဂစ်ဆိုင်ကလုန်း ၆ နှစ်ပြည့်

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး သဘာဝ ကပ်ဘေးလို့ ဆိုနိုင်တဲ့ လူပေါင်း သိန်းနဲ့ ချီ သေဆုံး ခဲ့ရတဲ့ နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့တာဟာ ၆ နှစ်ပြည့်မြောက် ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုချိန် အထိ မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ပြည်သူတွေရဲ့ ဘ၀တွေကို အရင်လို ပြန်လည် ထူထောင်နိုင်ခြင်း မရှိသေးသလို ဖွံဖြိုးတိုးတက်မှုတွေလည်း မရှိကြသေးပါဘူး။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ည က တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရပြီး လူ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရ ပါတယ်။
မုန်တိုင်းဒဏ်ကြောင့် လူရာနဲ့ ချီပြီး သေဆုံးခဲ့ရတဲ့ လပွတ္တာ မြို့နယ် လှိုင်းဘုန်းကန်စုရွာက မုန်တိုင်းဒဏ် ကိုယ်တိုင်ကြုံခဲ့ရသူတွေက တော့သူတို့ ကြုံတွေ ခဲ့ကြရတဲ့ အဲဒီညက ထိတ်လန့်စရာ အဖြစ် အပျက်ကို အခုချိန်ထိ မမေ့နိုင်ကြသေး ပါဘူး။
တစ်ရွာလုံး အိမ်တွေ ပြိုကျတဲ့ အပျက်အစီးတွေက အမှိုက်ပုံတွေလို ဖြစ်နေတဲ့ မြင်ကွင်း၊ အဝတ်အစားတောင် မပါဘဲ လူတွေ ပြေးလွှား နေကြတဲ့ မြင်ကွင်းကို မြင်ယောင် နေကြတုန်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ် ဒေသနဲ့ ရန်ကုန်တိုင်း မြို့နယ်တွေမှာ ထိုးမွှေ တိုက်ခတ်ခဲ့တဲ့ ဒီမုန်တိုင်းကြောင့် ရွာလုံးကျွတ် အိမ်ခြေတွေ ပျက်စီးခဲ့ပြီး လူအသေ အပျောက်တွေ အများကြီးရှိခဲ့ပေမဲ့ အဲဒီကာလက စစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်မခံခဲ့ပါဘူး။
အခုအချိန်မှာလည်း မုန်တိုင်းသင့် ပြည်သူတွေ အတွက် အစိုးရရဲ့ ဒေသဖွံဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေတုန်း ဖြစ်ပါတယ်။




