မြေမြုပ်မိုင်းဒဏ် တတိယ အဆိုးဆုံး ခံရတဲ့ နိုင်ငံ

မြေမြှပ်မိုင်း တားဆီးရေး ဆိုင်ရာ နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ (ICBL) ကနေ ကမ္ဘာ့ နိုင်ငံတွေ မှာ မြေမြှပ်မိုင်း အသုံး မပြုဖို့ ဆော်သြပြီး မိုင်း အသုံး မပြုရေး စာချုပ် ချုပ်ဆိုပြီး သက်ဝင် လှုပ်ရှား လာတာ မနေ့တုန်း ၁၂ နှစ်ပြည့်ခဲ့ပါပြီ။
နိုဘယ်ငြိမ်းချမ်းရေးဆုရဘူးတဲ့ ICBL အဖွဲ့ကြီးရဲ့မိုင်းအသုံးမပြုရေး စာချုပ်ကိုနိုင်ငံပေါင်း ၁၅၆ နိုင်ငံက လက်မှတ်ထိုးထားကြပေမယ့် မြန်မာနိုင်ငံအပါအဝင် တရုတ်၊ အမေရိကန်၊ ရရှား စတဲ့ ၃၉ နိုင်ငံကတော့ လက်မှတ်မထိုးသေးပါဘူး။
မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ IBCL ရဲ့မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Yeshua Moser-Puangsuwan ကို မေးမြန်းထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာရော မိုင်းအသုံးပြုမှုက ဘယ်လောက်များနေသလဲ၊
ဖြေ။ ။ ICBL ကနေ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လူနင်း မိုင်းကို အစိုးရဘက်ကရော၊ သူပုန်တွေဘက်ကပါ ကျယ်ကျယ်ပြန်ပြန့်အသုံးပြုဆုံး တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။ မိုင်းကြောင့် လူတွေ သေကြေထိခိုက် မှုတွေဘက်က ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ကမ္ဘာမှာ နံပါတ် ၁၀ အတွင်းမှာရှိပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ နံပါတ် ၄ အတွင်းမှာ ရှိပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မှာတော့ ထိခိုက်မှုက နံပါတ် ၃ နေရာမှာရှိပါတယ်။ ကမ္ဘာမှာ မိုင်းအသုံး ပြုမှုကြောင် သေကြေသူအရေအတွက်မှာ မြန်မာထက်များတာဆိုလို့ အာဖကန်နစ္စတန်နဲ့ ကိုလံဘီယာပဲ ရှိပါတော့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ရတဲ့ ကိန်းကဏန်းတွေက အစိုးရဘက်ကရော၊ သူပုန်အဖွဲ့တွေဘက်ကပါ တရားဝင်ထုတ်ပြန်ပြီး ရလာတာ မဟုတ်ပါဘူး။ တကယ်တမ်း သေကြေမှုက ဒီထက်ပိုများနိုင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံဟာ မိုင်းထုတ်လုပ်အသုံးမပြုရေးစာချုပ် မချုပ်ဆိုနိုင်သေးတာက ဘာကြောင့်လဲခင်ဗျ။ နောက်ပြီး ဘာကြောင့် ဆက်ပြီး အသုံးပြုနေရတာလဲ။
ဖြေ။ ။ ဒီအကြောင်း မြန်မာအစိုးရကို မေးကြည့်တော့ မကြာခင်ကပဲ သူတို့ ပြောတာက တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးမရမချင်း သူတို့အနေနဲ့ မိုင်း အသုံးပြုမှုကို ရပ်တန့်လို့ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို ကျနော်တို့ မေးကြည့်တဲ့ အခါမှာလဲ ဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ နှစ်ဘက်စလုံးကို တိုက်တွန်းနေတာကတော့ မိုင်းအသုံးပြုမှုကို ချက်ချင်းရပ်တန့်ဖို့ပါ။ အထူးသဖြင့် မိုင်းအသစ်တွေ ထပ်မထောင်ဖို့ တိုက်တွန်းနေပါတယ်။ ဒါက ပထမအဆင့်အနေနဲ့ ကျနော်တို့ အဓိကထားတိုက်တွန်းနေပါတယ်။ နောက်ပြီး စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား လေးနက်ပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးအဖြေရှာမှု ရှိသင့်ပါတယ်။ အဲဒီအခါကျမှ ကြာရှည်တဲ့ အပစ်ခတ်ရပ်စဲမှုတွေဖြစ်လာပြီး မိုင်းအသုံးပြုမှုလည်း ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ ဒါပေမယ့် လောလောဆယ်မှာ ငြိမ်းချမ်းရေးထက် နှစ်ဘက်တင်းမာမှုတွေက ပိုတောင်များနေတော့ ဘယ်လိုပုံစံနဲ့ မိုင်းအသုံးပြုမှု ကျအောင် လုပ်ဆောင်နိုင် မယ်ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ မိုင်းအသုံးပြုမှုကြောင့် ဘယ်လောက် ဆိုးကျိုးတွေ ဖြစ်စေသလဲဆိုတာကို ထုတ်ဖော်ရှုံ့ချမှုတွေ အဆက်မပြတ်လုပ်ဖို့ လိုပါတယ်။
ဒီမိုင်းတွေကြောင့် လူထုအနေနဲ့ ဘယ်လောက်သေကြေထိခိုက်ရသလဲဆိုတာ မပြတ်ထုတ်ဖော်နေဖို့ လိုပါတယ်။ အစိုးရတပ်ရော သူပုန်တပ်ကပါ ထောင်ထားတဲ့မိုင်းတွေကြောင့် ကျေးလက်တောတောင်တွေမှာ နေကြတဲ့ လူတွေဟာ မိုင်းနင်းမိကြပြီး တကယ်လို့ မသေပဲ ကျိုးပြတ်ကုန်ရင်လဲ နယ်တွေမှာက ဆေးရုံမရှိ၊ ရှိပြန်ရင်လည်း ပစ္စည်းကိရိယာမစုံလင်နဲ့ တော်တော် ဒုက္ခရောက်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီအကြောင်းတွေကို သက်ဆိုင်ရာ နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေကို ပြောပြနေတဲ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေနဲ့ လူထုကိုလည်း ပြောပြတဲ့အစီအစဉ်တွေလည်းရှိပါတယ်။ နောက်ပြီး ဒီမိုင်းတွေက ငြိမ်းချမ်းရေးရသွားရင်တောင် ဆိုးကျိုးတွေက ရပ်လို့ရမှာ မဟုတ်ပါဘူး။ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိဘူးဆိုတာ အားလုံးသဘောပေါက်ရင် အသုံးပြုမှုတွေ လျာ့သွားနိုင်မယ်လို့ ကျနော်တို့ ယုံပါတယ်။








