စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့ နယ်မြေ ၅၀ % အောက်မှာဆိုတဲ့ စစ်တမ်းထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်တွင်း မျက်မှောက် အခြေအနေတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ နယ်မြေဒေသ အားလုံးကို effective control လို့ ခေါ်တဲ့ ပိုင်စိုး ထိန်းချုပ်ထားနိုင်မှု အာဏာသိမ်း စစ်တပ်ထံမှာ မရှိဘူးလို့ မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ SAC-M က လောလောလတ်လတ်မှာပဲ အသေးစိတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။
နယ်မြေဒေသတွေကိုလည်း မပိုင်စိုးနိုင်၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း မရတဲ့ အတွက် အစိုးရရဲ့ တာဝန်ဝတ္တရား လုပ်ငန်း ဆောင်တာတွေကို မပြုလုပ်နိုင်တဲ့ စစ်ကောင်စီဟာ ဒေသတစ်ခုခုကို ထိန်းချုပ်နိုင်ဖို့ ဆိုရင် လူအမြောက်အများ အပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်တဲ့ နည်းနာကို သုံးနေတယ် ဆိုပြီးတော့လည်း SAC-M အဖွဲ့က ဝေဖန် ထောက်ပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ နယ်မြေ စိုးမိုးနိုင်ဖို့ ကြိုးစားတိုင်း အရပ်သား ပြည်သူတွေ အကြီးအကျယ် အတိဒုက္ခ ရောက်ကြရပြီး၊ စာနာမှုဆိုင်ရာ အခက်အခဲ အကျပ်အတည်း ပမာဏ အတိုင်းအတာ ကြီးကြီးမားမား ပေါ်ပေါက်လာရတယ်လို့ SAC-M အဖွဲ့က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစားထိုး တည်ဆောက်လာတဲ့ အုပ်ချုပ်ရေးကဏ္ဍ
စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေ လက်လွှတ်နေရတဲ့ နှုန်း တိုးမြင့်လာနေပြီး၊ စစ်ကောင်စီရဲ့ အာဏာစက် မရှိတဲ့ နယ်မြေဒေသတွေကို ဒီမိုကရေစီ တော်လှန်ရေး ဘက်တော်သားတွေကို ချုပ်ကိုင်နေတာ ဖြစ်တယ်လို့လည်း SAC-M အဖွဲ့က ဆိုပါတယ်။
အဲဒီ တော်လှန်ရေး အင်အားစုတွေဟာ သူတို့ ထိန်းချုပ်နိုင်မှု တိုးမြင့် ရလာနေတဲ့ ဒေသတွေမှာ de facto လို့ ခေါ်တဲ့ လက်တွေ့ စီမံ အုပ်ချုပ်မှု ပေးနေတာ ဖြစ်တယ်လို့လည်း SAC-M အဖွဲ့ရဲ့ အစီရင်ခံစာထဲ ရေးသားထားပါတယ်။
လက်နက်ကိုင်နည်းနာနဲ့ ဆောင်ရွက်နေကြသူတွေရော၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ဆောင်ကြသူတွေရော ပါဝင်တဲ့ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေဟာ အစိုးရ လုပ်ငန်းဆောင်တာတွေကို တွေ လက်တွေ့ လုပ်ဆောင်ပေးနေတဲ့ နေရာတွေ မြန်မာနိုင်ငံ တလွှား ကျယ်ပြန့်လာ နေတယ်လို့ ဆိုပါတယ်။
SAC-M အဖွဲ့ ပြုစုထားတဲ့ မြေပုံတွေ၊ စာရင်းဇယား ကိန်းဂဏန်းတွေ အရ ဒီမိုကရေစီ အင်အားစုတွေ လက်တွေ့ အုပ်ချုပ်မှု ပေးနေတဲ့ နယ်မြေတွေဟာ စစ်ကောင်စီ အာဏာစက် သက်ရောက် အကောင်အထည် ဖော်နိုင်ရာ နေရာတွေထက် ပိုကျယ်ဝန်းပြီး၊ နေထိုင်တဲ့ လူဦးရေ အရေအတွက်ကို ကြည့်မယ် ဆိုရင်လည်း တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ရာ နယ်မြေတွေထဲက လူဦးရေ အရေအတွက်က ပိုမိုများပြားတယ်လို့ ဆိုပါတယ်။
မြို့နယ် စုစုပေါင်း ၃၃၀ မှာ စစ်ကောင်စီ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ထားနိုင်တာ ၇၂ မြို့နယ်ပဲ ရှိပြီး၊ ဒါဟာ စုစုပေါင်းရဲ့ ၂၂% ပဲ ဖြစ်တယ်လို့ SAC-M ရဲ့ စာရင်းဇယားတွေက ဆိုပါတယ်။
စစ်ကောင်စီ သစ္စာခံ ပြည်သူ့စစ် အဖွဲ့တွေ၊ လက်နက်ကိုင် အုပ်စုတွေကတဆင့် ထိန်းချုပ်ထားနိုင်တာကလည်း နောက်ထပ် ၂၁ မြို့နယ်ပဲ ရှိတဲ့ အတွက် စုစုပေါင်းရဲ့ ၆% ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAC-M
တော်လှန်ရေးအဖွဲ့တွေလက်ထဲ ၅၂% ရောက်နေ
ဒါ့ကြောင့် မြို့နယ် ၃၃၀ ထဲက ၂၈% မှာပဲ စစ်ကောင်စီဟာ အာဏာစက် တချို့နေရာတွေမှာ အပြည့်အဝ တချို့နေရာတွေမှာ တစိတ်တပိုင်း ထူထောင် ထားနိုင်တာ ဖြစ်ပြီး ကျန်နယ်မြေတွေကို အနည်းဆုံး အမျိုးအစား ၆ မျိုး နဲ့ SAC-M အဖွဲ့က ခွဲခြား ဆန်းစစ်ထားတာ တွေ့ရပါတယ်။
အဲဒါတွေကတော့ ...
၁။ တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပြိုလဲနေတဲ့နေရာတွေ
၂။ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေထိန်းချုပ်နိုင်မှု တိုးရလာပေမယ့် စီမံခန့်ခွဲမှု ယန္တရား အပြည့်အဝ မထူထောင်နိုင်သေးတဲ့ နေရာတွေ
၃။ စစ်ကောင်စီတပ်တွေနဲ့ကြား အပစ်ရပ်သဘောတူမှုကို ဆက်လက် ထိန်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ် နယ်မြေတွေ
၄။ စစ်ကောင်စီရဲ့ ချုပ်ကိုင်မှုကနေ လုံးဝ ကင်းလွတ်သွားပြီး တော်လှန်ရေး အင်အားစုတွေ ဒေသ စီမံ ခန့်ခွဲရေး လုပ်ငန်းတွေ စတင် အစားထိုး ဝင်ရောက် လာနေတဲ့ နေရာတွေ
၅။ တော်လှန်ရေး အင်အားစုတွေရဲ့ အခိုင်အမာ ထိန်းချုပ် ဒေသတွေ ဖြစ်ပြီး မြို့နယ်တစ်ခုရဲ့ ၉၀% နဲ့ အထက် နေရာတွေမှာ အုပ်ချုပ်ရေး ရေး ထူထောင်ထားနိုင်တဲ့ နေရာတွေ
၆။ နယ်မြေ ၁၀၀% အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးလည်း အပြည့်အဝ ထူထောင်ထားနိုင်တဲ့ နေရာတွေ ဆိုပြီး ပိုင်းခြား ဆန်းစစ်ထားတာ ဖြစ်ပါတယ်။
SCA-M အဖွဲ့ အဓိက ပြောဆိုနေတာကတော့ မြန်မာနိုင်ငံ နယ်နမိတ်ထဲက နေရာအများစုဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက် အပြည့်အဝ ရှိနေတာ မဟုတ်တာကြောင့် စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ effective control ရှိတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရည်ရွယ် ပြောဆိုတာ ဖြစ်ပါတယ်။
SAC-M အဖွဲ့ရဲ့ အသေးစိတ် လေ့လာ ဆန်းစစ်ထားချက်တွေအရ NUG နဲ့ တော်လှန်ရေး အဖွဲ့တွေဟာ တိုင်းပြည်ရဲ့ ၅၂% ကျော်မှာ လက်တွေ့ ပိုင်စိုးထိန်းချုပ်မှု ရထားတာ ဖြစ်ပြီး၊ ၂၃% မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတို့ အပြိုင်ကြိုးစားနေရပြီး စစ်ကောင်စီ အာဏာစက် ပြည့်ပြည့်ဝဝ သက်ရောက်နေတဲ့ နေရာဟာ ၁၇% ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်တွေ့ပိုင်စိုး ထိန်းချုပ်မှုရဲ့ အရေးပါမှု
အဲဒီ effective control ဘယ်လောက်ရှိသလဲ ဆိုတဲ့ အချက်ဟာ အစိုးရ အနေနဲ့ လက်တွေ့ လုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတကာ အလယ်မှာလည်း အစိုးရ အဖြစ် အသိအမှတ် ပြု ဆက်ဆံခံရရေး စတဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ ဥပဒေရေးနဲ့ နိုင်ငံရေး တွေမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စစ်ကောင်စီထံမှာ effective control ရှိနေသယောင် ထင်မြင်ချက်တွေ အပေါ် အခြေခံပြီး နေပြည်တော် စစ်ဗိုလ်ချုပ်တွေနဲ့ကြား ဆက်ဆံရေး ထူထောင်တာမျိုး မလုပ်သင့်ဘူး၊ အာဏာသိမ်း စစ်တပ်ကို မဆက်ဆံသင့်ဘူးလို့ SAC-M အဖွဲ့က ဆော်ဩပါတယ်။
SAC-M အဖွဲ့ အဓိက တိုက်တွန်းတဲ့ အချက်ထဲမှာ ဥပဒေကြောင်းနဲ့ လျော်ညီတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရဟာ NUG ဖြစ်တဲ့ အတွက် NUG အပေါ် ဒီမိုကရေစီ နိုင်ငံတွေမှာ အဓိက အတိုက်အခံပါတီက အစိုးရအဖွဲ့ပုံစံ အတိုင်း လိုက်လံ ဖွဲ့ထားတဲ့ ရှဲဒိုးအစိုးရအဖွဲ့ ပုံစံမျိုး ဒါမှမဟုတ် စင်ပြိုင်အစိုးရ ၊ အဝေးရောက် အစိုးရ စသဖြင့် မရည်ညွှန်း မသုံးစွဲသင့်ဘူး၊ ပုံမဖော်သင့်ဘူး ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
အခု မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့အစည်းလက်ထဲ effective control ရှိနေသလဲ ဆိုရင် NUG နဲ့ NUG ရဲ့ မဟာမိတ် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေ လက်ထဲမှာ ရှိနေတာ ဖြစ်တယ်လို့ SAC-M အဖွဲ့က ဆိုပါတယ်။
"မြန်မာနိုင်ငံတော်သစ်ရဲ့ ပုံပန်းသဏ္ဍာန်ဟာ ပေါ်လွင် ထင်ရှားလာနှင့်ပြီး ဖြစ်တယ် ဆိုတဲ့ အခြေအနေမှန်ကို သဘောပေါက်နိုင်ဖို့ရာ ကမ္ဘာကြီး အိပ်ရာက နိုးထဖို့ အချိန်တန်ပြီ" လို့ SAC-M အဖွဲ့ကို ဦးဆောင်ထူထောင်သူ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီက ဆိုပါတယ်။
" NUG ဆိုတာ အတိုက်အခံတွေ စင်ပြိုင်လိုက်လံ ဖွဲ့ထားတဲ့ ရှဲဒိုးအစိုးရ၊ အဝေးရောက် အစိုးရ မဟုတ်ပဲ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေး၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကို ကိုယ်စားပြုထာားကြသူတွေ ဖြစ်သလို၊ အဲဒီ တော်လှန်ရေး အင်အားစုတွေကသာ တိုင်းပြည်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားတာာ ဖြစ်ပါတယ်" လို့လည်း မစ္စ ယန်ဟီးလီက ဆိုပါတယ်။
"အာဏာသိမ်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ အကြောင်းမဲ့ ဖျက်စီးမှုတွေ ခါးစည်းခံနေရတဲ့ မြန်မာပြည်ကြီး လုံးလုံး ပျက်စီးမသွားရအောင် တော်လှန်ရေးက တိုင်းပြည်ကို ထောက်မတ် ပေးထားရတာ ဖြစ်တယ်။ အဲဒီ အချက်ကို မြန်မာပြည်အရေးကြောင့် ထိခိုက် ပျက်ယွင်းနေရတဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည် ဆောင်ကြဉ်း ပေးလိုကြတယ် ဆိုတဲ့ နိုင်ငံတွေ မျက်မှောက်ပြုမိဖို့ အရေးကြီးတယ်" ဆိုပြီး မြန်မာအရေး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ကို ဦးဆောင်ခဲ့ပြီး၊ အခု SAC-M အဖွဲ့မှာ ပါဝင်တဲ့ မာဇူကီ ဒါရွတ်စမန်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG-MOFA
ကုလမှာ ကိုယ်စားပြုခွင့် နောက်တချီရောက်လာပြန်
လာမယ့် သီတင်းပတ် စက်တင်ဘာ ၁၃ ရက်နေ့ ဆိုရင်ပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံ စတင်တော့မှာ ဖြစ်တဲ့ အတွက် ကုလမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရရေး စစ်ကောင်စီနဲ့ NUG နောက်တချီ အပြိုင် ကြိုးစားကြရမယ့် အချိန် ရောက်လာဖို့ ရှိနေပါတယ်။
လက်ရှိမှာတော့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားတယ် ဆိုတဲ့ လမ်းကြောင်းကနေ NUG နဲ့ လက်တွဲနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံရဲ့ ခုံနေရာမှာ ဆက်ရှိနေတဲ့ အတွက် နိုင်ငံတကာ သံတမန်ရေး မျက်နှာစာမှာ NUG ရဲ့ အဓိက အသာစီး ရနေမှုထဲက တစ်ခု ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံရပါတယ်။
၂၀၂၁ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ အပြိုင်ကြိုးစား ခဲ့ကြစဥ်တုန်းကတော့ ... NUG ရဲ့ အားသာမှုဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ နိုင်ထားတဲ့ တရားဝင်မှုကို ဆက်ခံသူတွေ ဖြစ်တယ် ဆိုတဲ့ အချက်နဲ့ စစ်ကောင်စီရဲ့ အားသာချက်ကတော့ လက်တွေ့ နယ်မြေတွေ ပိုင်စိုးထိန်းချုပ်ထားနိုင်မှု ဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။
အခု အချိန်မှာတော့ ပြည်တွင်းက လက်နက်ကိုင် တော်လှန်ရေး အခြေအနေတွေ အရ စစ်ကောင်စီမှာ လက်တွေ့ နယ်မြေတွေ ပိုင်စိုး ထိန်းချုပ်ထားနိုင်မှု ဆိုတဲ့ အားသာချက် မရှိတော့ဘူးလို့ SAC-M အဖွဲ့က ထောက်ပြ နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဘက်မှာလည်း ကမ္ဘာ့နိုင်ငံရေး အခြေအနေလည်း ယူကရိန်းစစ်ပွဲ အပေါ် မူတည်ပြီး အနောက်အုပ်စုနဲ့ ရုရှားနဲ့ မိတ်ဖက် အုပ်စု ဆိုပြီး သိသိသာသာ ကွဲပြားလာကြပြီး၊ စစ်ကောင်စီနဲ့ မော်စကိုကြား ဆက်ဆံရေး အကြီးအကျယ် ကောင်းမွန် နေချိန် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် အရည်အချင်းစစ်ကော်မတီထဲ တရုတ်နဲ့ ရုရှားတို့ဟာ နှစ်စဥ် ပါဝင်မြဲ နိုင်ငံတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ ဦးကျော်မိုးထွန်း ခုံနေရာမှာ ဆက်ရှိနေစေခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ထားဖို့ ဆိုတဲ့ အပေါ် တရုတ်ရော ရုရှားကပါ မကန့်ကွက်ခဲ့ပါဘူး။
အခုတစ်ခေါက်မှာတော့ ပုဂံအထိ တရုတ်နိုင်ငံခြားရေး ဝမ်ယိ ရောက်လာခဲ့ပြီး စစ်ကောင်စီနဲ့လက်တွဲလို့ ဒေသတွင်း အစည်းအဝေးတစ်ရပ်ကို ကမကထလုပ် ကျင်းပတာမျိုး၊ နေပြည်တော် စစ်ခေါင်းတွေက ရုရှားကို အခေါက်ခေါက် အခါခါ သွားနေတာမျိုးတွေကို ကြည့်ရင် ဒီတစ်ခေါက် ချိန်ခွင်လျှာ စစ်ကောင်စီဘက် အလေးသာ သွားစေမလားဆိုတဲ့ တွက်ဆမှုတွေ ပေါ်ထွက်လာစေပါတယ်။
အခု စက်တင်ဘာ အစောပိုင်းရက်တွေမှာကို ရုရှား အစိုးရက ကမကထလုပ် ကျင်းပတဲ့ စီးပွားရေး ဖိုရမ် တက်ဖို့ ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားမှာ ရှိနေပြီး၊ ရုရှားအစိုးရ ထုတ်ပြန်တဲ့ တရားဝင် ပွဲ အစီအစဥ် ဇယား အချက်အလက်တွေအရ သမ္မတ ပူတင်ဟာ အဲဒီ ဖိုရမ်ကို ရောက်လာကြတဲ့ နိုင်ငံခြား အစိုးရ အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့မယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အရင် အခေါက်တွေမှာ သမ္မတပူတင်နဲ့ လူချင်းတွေ့တာမျိုး မရှိသေးတဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အခုတစ်ခေါက်မှာတော့ သမ္မတပူတင်နဲ့ တွေ့ဆုံ စကားပြောခွင့် ရလာနိုင်ဖွယ် ရှိတယ်လို့ အကဲခတ်တွေ ယူဆထားပါတယ်။
ဒါပေမယ့်လည်း သမ္မတပူတင်နဲ့ စကားပြောရာမှာ ကုလ အရည်အချင်းစစ် ကော်မတီတွင်း ရုရှားရဲ့ ရပ်တည်မှု အကြောင်း ဆွေးနွေးနိုင်တဲ့ အခြေအနေမျိုး၊ အခွင့်အရေးမျိုး မြန်မာစစ်ခေါင်းဆောင် ရပါ့မလား ဆိုတဲ့ မေးခွန်းမျိူးတွေလည်း ရှိနေပါတယ်။








