လူမှုအသိုင်းအဝိုင်း အခြေပြု သစ်တောဆိုတာ ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, UN-REDD
ကမ္ဘာ့ပေါ်မှာ ဒီရေတော ပျက်စီး ဆုံးရှုံးမှုနှုန်း အကြီးမားဆုံး ဖြစ်နေတဲ့ နေရာတွေထဲ မြန်မာနိုင်ငံလည်း ပါဝင်နေတယ် ဆိုပြီး ကုလသမဂ္ဂ သတင်းလွှာက ရေးသားပါတယ်။
အဲဒီလို ပျက်စီးရတဲ့ အကြောင်းအရင်းတွေထဲက အခြေခံအကြောင်း တစ်ခုကတော့ ကုမ္ပဏီတွေဟာ သဘာဝတော တည်ရှိရာ နေရာတွေကို ဝယ်ယူပြီး စီးပွားရေး လုပ်ကွက်တွေ အဖြစ် ပြောင်းလဲ အသုံးချနေတဲ့ အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ စစ်တမ်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ အဲဒီလို မြေနေရာ ရယူပိုင်ဆိုင်ဖို့ စီးပွားရေး ကုမ္ပဏီတွေ ကြိုးစားတာကို ကာကွယ်နိုင်ဖို့ရာ အသင့်ပြင်ဆင်ထားတဲ့ ဒေသခံတွေ ရှိလာကြတယ် ဆိုပြီး ကုလသမဂ္ဂ သတင်းလွှာမှာ ဖော်ပြ ထားပါတယ်။
ဒီရေတော ဆုံးရှုံးမှု ကြီးမားနေတဲ့ တနင်္သာရီဒေသမှာ ဆိုရင် ကုမ္ပဏီတစ်ခုက ပုဇွန်မွေးမြူရေး အတွက် ကန်တွေ ဖော်ဖို့ ရည်ရွက်ချက်နဲ့ ဒီရေတောနေရာလည်း ပါဝင်နေတဲ့ မြေနေရာ အကျယ်ကြီးကို ဝယ်ယူဖို့ ကြိုးစားတဲ့အခါ ဒေသခံတွေဟာ ငြိမ်မနေတော့ပဲ ဒီရေတော မပျက်စီး မဆုံးရှုံး ရလေအောင် ပြန်လည် တွန်းလှန် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ အဖြစ်အပျက်မှာ ဆိုရင် ကုမ္ပဏီဟာ မြေနေရာ အကျယ်အဝန်း အတိုင်းအတာ တစ်ခုထိ ပထမအကြိမ် ဝယ်ယူထားခဲ့နှင့်ပြီး ဖြစ်ပါတယ်။ အဲဒီနောက် နောက်တချီ အနေနဲ့ မြေနေရာ အကျယ်အဝန်း ၂၈၃ ဟက်တာ (ဧက ၇၀၀ နီးပါး) ထပ်ပြီး ဝယ်ဖို့ ကြိုးပမ်း လာပြန်တာ ဖြစ်ပါတယ်။
ကုမ္ပဏီဘက်က မြေရယူမှုကို ပထမတစ်ကြိမ်တုန်းက မတားဆီးနိုင်ခဲ့တဲ့ ဒေသခံ ရွာသားတွေဟာ အခု တချီမှာတော့ အသင့်ပြင်ဆင်ခဲ့နှင့်ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ သတင်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN-REDD
လူမှုအခြေပြု သစ်တော
ဒေသခံတွေ ပြင်ဆင် ထားနှင့်တယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ သူတို့ရပ် သူတို့ရွာက သဘာဝ ပတ်ဝန်းကျင်နဲ့ ဒီရေတောတွေ မဆုံးရှုံးရလေအောင် တာဝန်ယူ စောင့်ရှောက်ခွင့်ကို တရားဝင် ရယူ ထားတာ ဖြစ်ပါတယ်။
ဒီရေတောတွေ ပြုန်းတီးမှုကနေ ကာကွယ်နိုင်ရေး နည်းနာ တစ်ခု အနေနဲ့ သဘာဝတောတွေကို ဒေသခံ လူမှုအသိုင်းအဝိုင်း အခြေပြု စီမံခန့်ခွဲခွင့် ပေးထားတဲ့ စနစ်ယန္တရားမျိုး မြန်မာနိုင်ငံမှာ ကျင့်သုံးနေပါတယ်။
ဒီရေတောတွေ ကာကွယ် ထိန်းသိမ်းရေးမှာ လူမှုအခြေပြု သစ်တော အဖြစ် အသိအမှတ်ပြုမှု CFC တွေ ဒေသခံတွေကို ထုတ်ပေးတဲ့ နည်းနာဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှုရလာတယ်၊ အကျိူးရှိကြောင်း အသိအမှတ် ပြု ခံနေရတယ်၊ လိုက်လံ ကျင့်သုံးသူတွေ တိုးပွားလာနေတယ်လို့ စင်္ကာပူ တက္ကသိုလ် NUS က သုတေသီတစ်ယောက် ဖြစ်တဲ့ ဟိုဇေး ဒွန်တီဒီအယ်လ်ဘန်က ဆိုပါတယ်။ သူဟာ ရာသီဥတု ပြောင်းလဲခြင်း ပြဿနာကို သဘာဝ အခြေပြု နည်းနာတွေနဲ့ အဖြေရှာရေး ကဏ္ဍမှာ အထူးပြု လေ့လာနေသူ ဖြစ်ပါတယ်။
ကိုယ်တိုင် စီမံ ခန့်ခွဲခွင့် ရတဲ့ အခါ၊ ဒေသခံတွေ အတွက် လည်း တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်က ပေးတဲ့ ဂေဟစနစ်ရဲ့ မြောက်များလှစွာသော အကျိူးကျေးဇူးတွေကို ပိုပြီး အာမခံချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် ရရှိ ခံစားနိုင်တယ်လို့ သူက ဆိုပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ပုဇွန်ကန်ဖော်ကြမယ့် ကုမ္ပဏီရဲ့ မြေရယူမှုကို တွန်းလှန်နိုင်ခဲ့တဲ့ အဖြစ်အပျက်ကနေ တဆင့် တနင်္သာရီ ဒေသတွင်း အခြေစိုက် ပရဟိတ အဖွဲ့တစ်ခု ပေါ်ပေါက် လာခဲ့ပါတယ်။ တနင်္သာရီဒေသ အစိမ်းရောင်ကွန်ရက် Green Network Tanintharyi Region (GNTR) လို့ ခေါ်တဲ့ ခေါင်းစဥ် အောက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN-REDD
ဖိစီးနေတဲ့ အချက် ၃ ချက်
အဲဒီ အသင်းရဲ့ အကူအညီနဲ့ လူမှု အခြေပြု သစ်တောအဖြစ် စီမံခွင့် ရယူထားတဲ့ ကျေးရွာပေါင်း တနင်္သာရီမှာ ရွာ ၂၀ ထိ ရှိတယ်လို့ ကုလသမဂ္ဂ သတင်းလွှာက ဆိုပါတယ်။ အဲဒါတွေဟာ စစ်အာဏာသိမ်းမှု မတိုင်ခင် နှစ်တွေမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါ ဒဏ်ကြောင့်ရော၊ ၂၀၂၁ စစ်အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာာတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့်ပါ GNTR အဖွဲ့ရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်တွေ နှေးကွေးသွားစေတယ်လို့ ဆိုပါတယ်။
"နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာတဲ့နောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အရင် တက်တက်ကြွကြွ လုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ကိုယ်ရှိန်သတ်ကြရတယ်၊ ခပ်လျှိုလျှို နေကြရတယ်။ နိုင်ငံတကာ အလှူရှင်တွေ ထွက်သွားကြတယ်။ ဒီတော့ အခု ဘာမှ အများကြီး မလုပ်နိုင်ဘူး" လို့ GNTR ကို ကမကထလုပ် တည်ထောင်ခဲ့သူက ဆိုပါတယ်။
မြန်မာနိုင်ငံကသူတွေကို ဆင်းရဲမွဲတေမှု မျဥ်းအောက် တွန်းပို့နေတဲ့ အခြေခံ ၃ ချက် ရှိပြီး ကိုဗစ်၊ စစ်ရေးပဋိပက္ခနဲ့ ရာသီဥတု ပြဿနာတို့ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP က ဆန်းစစ်ထားပါတယ်။
ပေါ်ပေါက်လာတဲ့ အခြေအနေတွေကြောင့် နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့လည်း ရာသီဥတု ပြဿနာ ကိုင်တွယ်ရေး ကိစ္စတွေ အပေါ် အလေးမပေးနိုင်တော့ပဲ၊ စစ်ဒဏ်ခံရသူတွေကို စာနာမှု ဆိုင်ရာ အရေးပေါ် အကူအညီတွေ ချက်ခြင်းပေးနိုင်ရေး အပေါ်မှာ အာရုံပြောင်းစိုက်ကြရတယ်လို့ UNDP က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN-REDD
UN-REDD အစီအစဥ်
လက်ရှိ အခြေအနေတွေမှာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ အများစုဟာ လှုပ်ရှား လည်ပတ်နိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ တကယ်တော့ အခုလို နိုင်ငံရေး အခြေအနေမျိုးမှာ လူမှု အသိုင်းအဝိုင်းတွေ အတွင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စုပေါင်း လုပ်ဆောင် နိုင်တဲ့ ကိစ္စတွေမှာ ပိုပြီး အားပေးသင့်တယ်၊ ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို ကိစ္စတွေမှာ ညီညီညွတ်ညွတ် လုပ်ဆောင်ကြဖို့ရာ ဒေသခံ အရပ်ဘက်အဖွဲ့တွေ အပေါ် အားပေးမြှင့်တင် ပေးမယ်ဆိုရင် ပဋိပက္ခနဲ့ သဘာဝဘေး အန္တရာယ်တွေကိုလည်း တပါတည်း လျှော့ချနိုင်ပြီးသား ဖြစ်လိမ့်မယ်လို့ UNDP က တိုက်တွန်းပါတယ်။
အခု ၂၀၂၂ နှစ်ဆန်းမှာတော့ ကုလသမဂ္ဂ ရဲ့ UN-REDD ဆိုတဲ့ အစီအစဥ်အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြန်လည် မြှင့်တင်ရေးနဲ့ ထိန်းသိမ်းရေး ကွန်ရက် MERN နဲ့ တွဲဘက်ပြီးတော့ တနင်္သာရီ အစိမ်းရောင် ကွန်ရက် GNTR ရဲ့ လုပ်ငန်းတွေ ပြန်စလာနိုင်ပါတယ်။
UN-REDD ဆိုတာ ကုလသမဂ္ဂ ဖွံဖြိုးရေး အစီအစဥ် UNDP၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ UNEP အဖွဲ့၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး FAO စတဲ့ အေဂျင်စီ အဖွဲ့တွေ စုပေါင်းပြီး သစ်တောပြုန်းတီးခြင်း၊ သစ်တော အရည်အသွေး နိမ့်ကျခြင်း ပြဿနာတွေကိုင်တွယ်ဖို့ ထူထောင်ထားရှိတဲ့ အစီအစဥ် ဖြစ်ပါတယ်။
တကယ်တော့ မြန်မာပြည်ဟာ ဒီရေတောတွေ အထူထပ်ဆုံး ကမ္ဘာ့တိုင်းပြည်တွေထဲ ပါဝင်တယ်လို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီ ပင်လယ်ပြင်တို့နဲ့ ထိစပ်နေတဲ့ မိုင် တစ်ထောင့်ခုနှစ်ရာကျော် ကမ်းရိုးတန်းတလျှောက် ပေါက်ရောက်နေတဲ့ ဒီရေတောဟာ ဧက တစ်ဆယ့်နှစ်သိန်းကျော်ထိအောင် ရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ အာရှမှာ အင်ဒိုနီးရှားနဲ့ မလေးရှားပြီးရင် မြန်မာဟာ ဒီရေတော အကြီးမားဆုံး ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရေတောစစ်စစ်လို့ သတ်မှတ်နိုင်တဲ့ အမျိုးအစား ၇၅ မျိုး ရှိတဲ့ အနက် မြန်မာနိုင်ငံမှာ ၃၄ မျိုး အထိ တွေ့ရတဲ့ အတွက် အာရှမှာ အင်ဒိုနီးရှားပြီးရင် အကြွယ်ဝဆုံး ဖြစ်ပါတယ်။








