ဒေါ်လာနဲ့ ဒီဇယ် ကျပ် ၃၀၀၀ ကျော်နဲ့ စံချိန်သစ်ထပ်တင်

ရေးသားခဲ့သည်။

ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့ ရန်ကုန်စျေးကွက်ပေါက်စျေးများအရ အမေရိကန်‌တစ်ဒေါ်လာကို ပြင်ပပေါက်စျေး ကျပ်၃၀၅၀ နဲ့ ဒီဇယ်တစ်လီတာကို ဆိုင်အရောင်းစျေး ၃၀၅၅ ကျပ်အထိ စျေးပေါက်လာကြောင်း ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာပေါက်စျေးကို စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က ကျပ် ၂၁၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ပြင်ပ အမေရိကန်ဒေါ်လာ စျေးကလည်း တောက်လျှောက်တက်လာခဲ့ရာမှာ ဒီကနေ့မှာတော့ ကျပ် ၃၀၀၀ ကို စပြီး ကျော်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ကုန်ပစ္စည်း သယ်ယူရေးမှာ အရေးပါတဲ့ ဒီဇယ်ဆီစျေးတွေကလည်း တစ်လီတာကို ၃၀၅၅ ကျပ် အထိ စျေးတက်လာလို့ ကွန်တိန်နာ ယာဥ်တွေ ပြေးဆွဲမှု ရပ်ဆိုင်းလုဖြစ်နေတယ်လို့ သိရပါတယ်။

မနေ့က သြဂုတ်လ ၂၄ ရက်နေ့က စပြီး ပြင်ပစျေးအမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၂၉၆၀ အထက်ရောက်လာခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ကျပ် ၃၀၀၀ ကျော်လာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီခန့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော် နဲ့ အခြားဝန်ကြီးအချို့တို့ကို လက်ရှိရာထူးကနေ အနားပေးလိုက်တယ်လို့ စစ်ကောင်စီက သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဗဟိုဘဏ်လက်ရှိ ဥက္ကဋ္ဌ နေရာကို ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ပြောင်းလဲခန့်ထားခဲ့ပြီး ဒုဥက္ကဋ္ဌ အသစ်အဖြစ် ဦးဇော်မြင့်နိုင်ကို ခန့်အပ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်သန်းသန်းဆွေဟာ လုပ်ငန်းအတွေ့ကြုံများစွာရှိတဲ့ ဘဏ်ဝန်ထမ်းဖြစ်ပေမယ့် လက်ရှိမြန်မာနိုင်ငံကြုံတွေနေရတဲ့ ဒေါ်လာငွေပြဿနာကို အလွယ်တကူရှင်းရာမှာ ထိထိရောက်ရောက်ရှိနိုင်မယ်မထင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ပြောဆိုမှုတွေရှိပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌ တာဝန်ယူပြီးတဲ့နောက်မှာတော့ ဒေါ်လာငွေတန်ဖိုးတွေ တက်နေတာကို ကျဆင်းအောင်လုပ်နေတယ်လို့ သတင်းတွေကြားသိရပေမယ့် ဒေါ်လာစျေးတွေကလည်း တောက်လျှောက် တက်လာနေခဲ့ပါတယ်။

ဒေါ်လာနဲ့ ဆက်စပ်ပြီးတော့ ပြည်တွင်း ရွှေစျေးတွေလည်းတက်နေပြီးတော့ ဒီကနေ့မှာ တစ်ကျပ်သားကို ၂၈ သိန်းနားကို ကပ်လာနေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အများအပြား ရပ်ဆိုင်းနေပြီးတော့ ၊ ဒီကာလအတွင်းမှာဘဲ ဒီဇယ်ဆီစျေးနှုန်း တစ်လီတာကို ၃၀၀၀ကျော်အထိ‌ ရောက်လာလို့၊ ကုန်သေတ္တာပို့ဆောင်ပေးရမှု အလွန်နည်းပါးလာတာ တွေကြောင့် လက်ရှိပြေးဆွဲလုပ်ကိုင်နေကြတဲ့ ကုန်သေတ္တာတင်လုပ်ငန်းများက ရပ်ဆိုင်းရမယ့် အခြေအနေ အထိကို ရောက်လာနေပြီလို့ အသင်းတာဝန်ရှိသူတွေထံက သိရပါတယ်။

အရင် ပုံမှန်အခြေအနေမှာ မြို့တွင်းကုန်သေတ္တာတင်ပို့ပေးခ ၂သိန်းကျပ် ရတဲ့အခါမှာ ငွေကျပ် ၆သောင်း လောက် အမြတ် ရှိခဲ့ပေမယ့် အခုလို အလုပ်ရှားပါးချိန်မှာ ဆီးစျေးကြောင့် ငွေကျပ် ၂သောင်းကျော်သာ ကျန်ရှိ တာကြောင့် လုပ်ငန်းရှင်တွေလည်း ဆက်တိုက် အရှုံးပေါ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူသုံးကုန်နဲ့ ဆေးဝါးအပါအဝင် နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်းတွေ အားလုံးနီးပါးစျေးတွေ နေ့စဥ်တက်နေပြီးတော့ အချို့ဆေးဝါးတွေ စျေးကွက်မှာ ပြတ်နေတယ်လို့ သိရပါတယ်။

အခြေခံလူတန်းစားတွေ စားသုံးတဲ့ ဇီယာဆန်စျေးတွေလည်း တက်လာနေသလို စားအုန်းဆီစျေးတွေလည်း တက်လာနေလို့ အခြေခံလက်လုပ်လက်စားတွေ စားဝတ်နေ‌ရေး ပိုကျပ်တည်းလာတယ်လို့ သိရပါတယ်။

ဒေါ်လာစျေးဟာ တစ်ဒေါ်လာ ကျပ် ၃၀၅၀ ဝန်းကျင် စျေးပေါက်နေပေမယ့် အပြင်မှာ ဝယ်လို့မရကြောင်း နဲ့ ရောင်းမယ့်သူမရှိဖြစ်နေတယ်လို့ စျေးကွက်သတင်းတွေအရ သိရပါတယ်။

ဒေါ်လာစျေးတွေ အခုလို ဆက်တိုက်တက်နေတဲ့အတွက် ကုန်ရောင်းကုန်ဝယ်လုပ်ရမှာ အဆင်မပြေမှုတွေကြုံနေရပြီး စျေးကွက်သတင်း မသိဘဲ ရောင်းဝယ်ကြသူတွေအတွက် စျေးရောင်းရင်း အရင်းပြုတ်ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်း စျေးတွေဟာ အမြင့်ဆုံးစျေးတွေမဟုတ်ဘဲ ထပ်ပြီးတက်ဖို့ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

အလားတူ ‌ဒေါ်လာနဲ့ ဆက်စပ်ပြီး ရွှေနဲ့ ဒီဇယ် စက်သုံးဆီ စာအုန်းဆီ ပြည်ပသွင်းကုန်တွေစျေးတက်ဖို့ရှိတဲ့ အပြင် ကုန်ပို့စရိတ်တွေမြင့်လာလို့ ပြည်တွင်းထွက်ကုန်တွေလည်း စျေးတက်လာဖို့ရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။