ကန့်ဘလူမြို့တောင်ပိုင်း ကျီစုရွာနဲ့ အနီးတစ်ဝိုက်မှာ ရွာခံ ၁၈ ဦးထက်မနည်း အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Screen Shot
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျီစုရွာနဲ့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်း ပြန်ထွက်သွားအပြီး အသတ်ခံထားရတဲ့ ရွာခံ ၁၈ ဦး ရဲ့ အလောင်းတွေကို တွေ့ရှိရတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ် ကျီစုရွာကို ဇူလိုင်လ ၁၈ ရက်မနက်ပိုင်းက စစ်တပ်က ရဟတ်ယာဥ်နှစ်စီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ကုန်းလမ်းကနေလည်း စစ်ကြောင်းထိုးပြီးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျီစုရွာ တစ်ရွာတည်း လူဆယ်ချီသေဆုံးခဲ့ပြီး နေအိမ် အလုံး ၄၀၀ ထက်မနည်းမီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျီစုရွာဟာ ကန့်ဘလူမြို့နယ်ရဲ့ တောင်ဘက်အစွန်မှာ ရှိပြီး ခင်ဦးမြို့နယ်နဲ့ တန်ဆည်မြို့နယ်တို့နဲ့လည်း နီးကပ်စွာတည်ရှိပါတယ်။
ဒီရွာဟာ အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး မြန်မာ တစ်ဝက် မွတ်ဆလင် တစ်ဝက် နေထိုင်တဲ့ ရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့ စစ်ကောင်စီတပ်တွေ ထွက်သွားအပြီးမှာ ရွာထဲမှာ အလောင်း ၁၂ လောင်း ရရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကျီစုရွာနဲ့ အတူ စစ်ကြောင်းထိုးခံရတဲ့ သာဝထ္ထိရွာမှာလည်း ဒီကနေ့ ဒေသခံ အလောင်း ၃ လောင်းထပ်တွေ့ရသလို ရှားတောရွာမှာလည်း သတ်ဖြတ်ခံထားရတဲ့ အလောင်း ၃ လောင်း ထပ်တွေ့ထားတယ်လို့ ဒေသကာကွယ်ရေး တပ်တွေဘက်က ပြောပါတယ်။
ဒေသခံတွေပြောပြတဲ့ အချက်အလက်တွေနဲ့ပေါင်းရင် ကန့်ဘလူမြို့နယ် ကျီစုရွာတစ်ဝိုက် စစ်ကြောင်းထိုးတိုက်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP
စစ်ကိုင်းတိုင်းမှာ စစ်ဒေသ ကွပ်ကဲရေးမှူးတွေ ဖွဲ့စည်းလိုက်ပြီလို့ NUG က ထုတ်ပြောလာပြီးနောက် စစ်ကိုင်းတိုင်းထဲက ကချင်ပြည်နယ်နယ်စပ်မှာရှိတဲ့ ကန့်ဘလူမြို့နယ်ထဲမှာ အခုလိုတိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို ဆိုပါတယ်။
ကျီစုရွာကတော့ PDF အဖွဲ့တွေရှိနေတယ်ဆိုပြီး အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံရတာလို့ ယူဆကြပါတယ်။
"လေယာဥ်နှစ်စီးလာတယ်၊ ရွာပေါ်ကွေ့ပတ်ပျံပြီးတော့ တရကြမ်းပစ်ထည့်တယ်၊ လက်နက်ကြီးတွေချတယ်၊ အိမ်၄၀၀ လောက်ကို တလင်းပြောင် ဖြစ်သွားအောင်ရှို့သွားတာ၊ ဒဏ်ရာနဲ့ ကလေးတစ်ယောက်လည်း သေတာတွေ့တယ်၊ စိတ်ရောဂါရှိတဲ့ သူ နှစ်ယောက်ပစ်သတ်ခံရတယ်။ ရွာကတော့ ဘာမှကောင်းတဲ့ဟာ မရှိတော့ပါဘူး "လို့ မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်ထဲကနေ ကန့်ဘလူမြို့နယ်ထဲကို စစ်ကြောင်း သုံးကြောင်းထိုးပြီး ဝင်ရောက်လာတာဖြစ်ပြီး ကန့်ဘလူမြို့နယ် ကျီစုရွာထဲကိုတော့ ဇူလိုင် ၁၈ ရက်နေ့ကနေစပြီး လေကြောင်းကနေ ပစ်ခတ်ပြီး ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းနဲ့ ပစ်ခတ်မှုအပြီး ရွာထဲမှာ ၂ ရက်တာ တပ်စွဲခဲ့ပြီး ဒီကနေ့ ဇူလိုင် ၂၀ ရက်မနက်ပိုင်းမှာ ကျီစုရွာထဲကနေ ထွက်ခွာသွားတယ်လို့ ပြောပါတယ်။
ဘီဘီစီနဲ့ ဒေသခံ ဆက်သွယ်မေးမြန်းအပြီး ဇူလိုင် ၂၀ ရက် ညနေ ၃နာရီမှာ ထပ်မံသိရှိရတဲ့ သတင်းတွေအရ ကျီစုရွာထဲမှာ အလောင်း ၁၂ လောင်းအထိ တွေရပြီး ဒေသခံ PDF အလောင်း ၉ လောင်းနဲ့ အရပ်သားအလောင်း ၃ လောင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျီစုရွာနဲ့ အတူ စစ်ကြောင်းထိုးခံရတဲ့ သာဝထ္ထိရွာမှာလည်း ဒီကနေ့ ဒေသခံ အလောင်း ၃ လောင်း ၊ ရှားတောရွာမှာလည်း သတ်ဖြတ်ခံထားရတဲ့ အလောင်း ၃ လောင်းထပ်တွေ့ထားတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
သေဆုံးသူတွေ အများစုဟာ အမျိုးသားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီဖြစ်စဉ်ကို မှတ်တမ်း ဓာတ်ပုံတွေ ရိုက်ယူထားတယ်လို့သိရပေမယ့်လည်း အင်တာနက် လုံးဝဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်တဲ့အတွက် ဘီဘီစီအနေနဲ့ သတင်းဓာတ်ပုံတွေတော့ ဇူလိုင်လ ၂၀ ရက်နေ့အထိ မရရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, PATRICK AVENTURIER
ဒီစစ်ကြောင်း ၃ ကြောင်းဟာ ဆိုရင် ဒီကနေ့ ဇူလိုင် ၂၀ ရက်ညနေပိုင်းအထိ ကန့်ဘလူနယ်ထဲက ကျေးရွာတွေကို ဆက်ပြီး ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် လက်ရှိအချိန်ထိကျေးရွာပေါင်း ၈ ရွာထက်မနည်းဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စိမ့်၀င်နေရာယူမှုတွေရှိနေပြီလို့ စစ်ကောင်စီဘက်က သတင်းစာရှင်းလင်းပွဲမှာထုတ်ပြောခဲ့တာရှိပြီး အဲဒီနောက်မှာ အခုလို စစ်ကြောင်းထိုးလာတာလို့ စစ်ရေးနီးစပ်သူတွေက ပြောလာပါတယ်။
စစ်ကောင်စီတပ်တွေဘက်က တိုက်ခိုက်မှုကြောင့် ကျီစုရွာက ဗလီ နဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့ပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ အထိရွာထဲမှာ မီးခိုးတွေရှိနေဆဲဖြစ်ပြီး ရွာသားတွေအားလုံး ကျီစုရွာထဲကို ပြန်မဝင်ရဲကြသေးကြောင်းနဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ သတင်းပေးတွေက သတင်းပေးတဲ့ အိမ်တွေကို မီးရှို့ခံခဲ့ရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျီစုရွာက ထွက်သွားပြီး ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်ရှာဖွေ စီးနင်းမှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေ ထံက တစ်ဆင့်သိရပါတယ်။








