ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်သုံးဆီဈေးတက်လို့ ရခိုင် ငါးဖမ်းလုပ်ငန်းတွေ ကျဆင်း
လတ်တလော စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက်ကြောင့် ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ပြည်နယ်က ငါးဖမ်းလုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
ယခင်က ဒီဇယ်ဆီ တစ်ပေပါကို ကျပ် ၁ သိန်းခွဲဝန်းကျင်ကနေ ၂ သိန်းလောက်ထိသာ အမြင့်ဆုံးပေးဝယ်ခဲ့ကြရပေမယ့် လက်ရှိမှာတော့ ကျပ် ၅ သိန်းအထိ ဈေးပေါက်နေတဲ့အတွက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ တွက်ခြေမကိုက် ဖြစ်နေရတယ်လို့ ငပလီမြို့ ဂျိတ္တောရပ်ကွက် ကျောပိုက်လုပ်ငန်းရှင်များအသင်းက ဦးကျော်စိုးက ပြောပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ၂၀၂၀ ပြည့်နှစ်တုန်းကထက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြင့်တက်လာခဲ့တာဖြစ်ပြီး အခု ၂၀၂၂ ခုနှစ် မေလကစလို့ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
အခုလို ဆီဈေးတွေမြင့်တက်နေတာကြောင့် ငါးဖမ်းလှေတွေဟာ ဆီကို ချွေတာသုံးစွဲနေကြရပြီး ငါးရှာထွက်တဲ့အခါမှာလည်း ရရှိတဲ့ငါးတွေကို ဈေးကွက်ထဲပုံမှန်အရောက် မပို့နိုင်တာတွေ၊ အရင်ကလို ခေါက်ရေများများ မထွက်နိုင်တာတွေ ကြောင့် ငါးဖမ်းဆီးရရှိမှုတွေလည်း လျော့နည်းလာနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
ကမ်းနီးငါးဖမ်းလှေတွေက တစ်ညအိပ်ခရီးလောက်သာ ပင်လယ်ပြင်ထွက်ကြပြီး လိုအပ်တဲ့ဆီကို တစ်ခေါက်စာဖြည့်လို့ရနိုင်ပေမယ့် ကမ်းဝေးကိုထွက်ဖမ်းရတဲ့လှေတွေမှာတော့ လှေမောင်းတဲ့စက်နဲ့ မီးစက်အတွက်ဆိုရင် လှေတစ်စီးကို ၂၅ ဂါလံကနေ ၃၀ လောက်ထိအသုံးပြုရပြီး ကျောပိုက်တစ်လက်ကို လှေသုံးစီးထိ အသုံးပြုရတာကြောင့် ကုန်ကျစရိတ်တွေ များပြားတယ်လို့ ဆိုပါတယ်။
"ဆီတစ်လုံးကို အရင်က ၁၂၀၀၀၀ - ၂၀၀၀၀၀ လောက်ပဲ ဝယ်ရတယ်။ အခုက ၅ သိန်းဆိုတော့ မကိုက်ဘူး ဖြစ်နေတယ်။ ခါတိုင်းဆိုရင် တစ်နွေရှာလို့ သိန်း ၁၀၀ လောက်ကုန်တယ်။ အခုဆိုရင် သိန်း ၃၀၀ လောက်ကုန်တော့ ၂၀၀ က ကိုယ်စားမယ့်အထဲက ဖဲ့ပေးလိုက်ရတာပေါ့ "လို့ ကျောပိုက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဟောင်း ဦးကျော်စိုးက ပြောပါတယ်။
ဆီဈေးမြင့်တက်မှုအပြင် ရေလုပ်သားငှားရမ်းခ၊ စားစရိတ်တွေရှိသလို ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိသေးတာကြောင့် ခြုံငုံတွက်ရင် တစ်ရာသီငါးဖမ်းလို့ရတဲ့ငွေကြေးက အရှုံးမရှိပေမဲ့ အရင်းနဲ့အမြတ်မျှနေတဲ့အခြေအနေရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
ငါးတွေဟာ တစ်နှစ်ပတ်လုံးဖမ်းဆီးလို့ရနေတာမဟုတ်ဘဲ ပွင့်လင်းရာသီမှသာ ဖမ်းကြရသလို တပေါင်း၊ တန်ခူးလတို့မှာဆိုရင် ပင်လယ်ရေမျက်နှာပြင်အပူရှိန်မြင့်တက်နေတဲ့အတွက် ငါးဖမ်းဆီးရရှိမှုနည်းပါးပြီး ကျန်တဲ့လတွေမှာတော့ အတန်အသင့် ဖမ်းဆီးရရှိကြပေမယ့် အခုနှစ်အတိုင်းအတာမှာတော့ လုပ်ငန်းရှင်တွေအဖို့ မျှော်မှန်းသလောက် တွက်ခြေမကိုက်ကြဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးရရှိတဲ့ငါးတွေကိုလည်း ပြန်လည်ရောင်းချတဲ့အခါမှာ ကုန်သည်တွေဘက်က သတ်မှတ်တဲ့ဈေးနှုန်းတွေအတိုင်း ရောင်းချပေးနေရပြီး ရန်ကုန်နဲ့တခြားဒေသကဈေးကွက်တွေကို ကိုယ်တိုင်ပို့ဆောင်ရောင်းချဖို့အတွက်လည်း ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်တွေ၊ ဈေးကွက်အခက်အခဲတွေရှိကြတယ်လို့ ဆိုပါတယ်။
ဆီဈေးမြင့်တက်မှုကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေအတွက် တွက်ခြေမကိုက်သလို ကုန်သည်တွေအနေနဲ့လည်း လုပ်ငန်းလည်ပတ်မှုတွေ ကျဆင်းခဲ့ရတယ်လို့ သံတွဲမြို့က ပင်လယ်စာရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်နှင်းဖြူက ပြောပါတယ်။
ဒေသတွင်း ဆီဈေးတွေမြင့်တက်နေတာကြောင့် ငါး၊ ပုစွန်၊ ဂဏန်းစတဲ့ပင်လယ်စာတွေလည်း ဈေးကြီးပေးဝယ်ယူနေရပြီး ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကြောင့် ပြည်မဈေးကွက်တွေလည်း ပုံမှန်မလည်ပတ်တဲ့အတွက် ဒေသတွင်းက စားသောက်ဆိုင်တွေကိုပဲ အားကိုးနေရတဲ့ကာလမှာ လျပ်စစ်မီးကိုအဓိကသုံးစွဲနေရတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာလည်း မီးမရတာကြောင့် ပင်လယ်စာတွေကို လိုအပ်သလောက်သာ ဝယ်ယူကြတဲ့အတွက် အရောင်းအဝယ်လုပ်ငန်းတွေ အကျဘက်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။
"ဆီဈေးတွေလည်း တက်တယ်။ နိုင်ငံရေးအခြေအနေတွေလည်း မကောင်းတော့ ပြည်မဈေးကွက်တွေမရှိဘူး ဖြစ်လာတယ်။ အဆက်အသွယ်ရှိသလောက်ပဲ ရောင်းချနေရတာပေါ့။ တစ်ပိုင်တစ်နိုင်လောက်ပဲ လုပ်နေရတယ်။ စားသောက်ဆိုင်တို့က မှာတာလောက်ပဲ သွားပို့နေရတာ။ အလုပ်သမားခရဖို့နဲ့ လည်ပတ်တယ်ဆိုရုံလောက်ပါပဲ"လို့ ဒေါ်ခင်နှင်းဖြူက ပြောပါတယ်။
ဒေသတွင်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေဟာ ပြည်ပတင်ပို့နိုင်မယ့် ဈေးကောင်းရတဲ့ငါးကြီးတွေကို ဖမ်းဆီးနေကြတာ မဟုတ်ဘဲ ကမ်းနီးလှေတွေကတော့ ဒေသတွင်းစားသုံးဖို့နဲ့ ငံပြာရည်၊ ငပိထုတ်ကုန်တွေမှာအသုံးပြုတဲ့ ငနီတူနဲ့ တခြားငါးလေးတွေလောက်ကိုပဲ ဖမ်းဆီးနိုင်ကြသလို ကမ်းဝေးလှေတွေဆိုရင်လည်း ဒေသတွင်းဈေးကွက်တွေမှာ ရောင်းချနိုင်တဲ့ ငါးတွေကိုပဲ ဖမ်းဆီးနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဟာ ကမ်းမြောင်ဒေသဖြစ်တဲ့အတွက် ပင်လယ်ကမ်းရိုးတန်းမြို့နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲ၊ ကျောက်ဖြူ၊ မြေပုံနဲ့ စစ်တွေမြို့နယ်တွေမှာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပေမယ့် ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့နယ်တွေကတော့ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ဒီကနေ့စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်ဆီ တစ်လီတာကို ၂၂၆၀ ကျပ်၊ ပရီမီယံ တစ်လီတာကို ၂၈၀၀ ကျပ်၊ အောက်တိန်းတစ်လီတာကို ၂၃၂၅ ကျပ်။ 95 တစ်လီတာကို ၂၄၂၀ ကျပ်ထိ ဈေးပေါက်နေပါတယ်။
အဲ့ဒီဈေးနှုန်းတွေကတော့ အစိုးရရဲ့ဆီဝယ်ယူခွင့်ပြုထားတဲ့ဆီဆိုင်တွေရဲ့ ဒီကနေ့ ရောင်းဈေးတွေဖြစ်ပြီး တခြားဆီဆိုင်တွေမှာဆိုရင် တစ်လီတာကို ကျပ် ၃၀၀ ဝန်းကျင်လောက် ကွာခြားပါတယ်။