ကုလ မြန်မာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီး မရေရာသေး

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည်ကိုလာမယ်လို့ မေလနှောင်းပိုင်းက သတင်းတွေထွက်ခဲ့ပေမယ့် ခုချိန်အထိ ခရီးစဥ်က မရေမရာ အခြေအနေပဲရှိနေပါသေးတယ်။
စစ်ကောင်စီဘက်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာကို ကုလသမဂ္ဂကို ကိုယ်စားပြုတဲ့ တရားဝင်စာပို့ဖို့ ပြောခဲ့ပြီးဖြစ်ပြီးတော့ အဲ့ဒီတရားဝင်စာ အခုအချိန်အထိ ရောက်လာခြင်းမရှိသေးဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ ကိုပြောပါတယ်။
အခု စစ်ကောင်စီဘက်ကို ပို့ထားတဲ့ စာဟာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ ကိုယ်ရေးစာသာဖြစ်တယ်လို့ ပြောပြီး သံတမန် လုပ်ထုံးလုပ်နည်းတွေမှာ ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ ရှိပြီးသားဖြစ်တယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။
အခုလို တရားဝင်စာပိုဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့မှာ တွေ့ဆုံစဥ်ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့ ကြိုးစားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်္ကာပူနိုင်ငံသူ ကုလသမဂ္ဂ ဝါရင့်သံတမန် မစ္စ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အော်တိုဘာလ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဒေါက်တာ နိုလင်းဟေဇာဟာ မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာရဲ့ နေရာကို ဆက်ခံသူ ဖြစ်ပါတယ်၊သူဟာ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာကော်မရှင် အကြီးအကဲ တာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး၊ ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး၊ နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေ၊ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အဲဒီ အချိန်က မြန်မာ အာဏာပိုင်တွေနဲ့ကြား နီးနီးကပ်ကပ် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
အာဆီယံ ဒေသတွင်း တီမော-လက်စ်တစ် ငြိမ်းချမ်းရေး တည်ဆောက်မှု ကဏ္ဍမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုဒ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်္ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
မစ္စဟေဇာဟာ စင်္ကာပူ တက္ကသိုလ်ကနေ ပထမ ဝိဇ္ဇာဘွဲ့နဲ့ နောက် မဟာသိပ္ပံဘွဲ့တွေ ရရှိခဲ့ပြီး ကိန်းဘရစ်ချ် တက္ကသိုလ်ကနေ လူမှုသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရယူ ထားသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုလင်းဟေဇာဟာ အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ပြီးခဲ့တဲ့ မေလကုန် ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့ကြအပြီးမှာ သူမြန်မာနိုင်ငံကို သွားဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ကတည်းက မြန်မာနိုင်ငံကို လာခွင့်မရသေးတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့ပြောတဲ့ ကုလသမဂ္ဂကိုယ်စားပြု တရားဝင်စာပို့လာရင် သူ့ရဲ့ခရီးစဥ်ကို ဆောင်ရွှက်ပေးမယ်လို့လည်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးကနေ မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူမှု ၅ ချက် ရလာခဲ့တာ အခုဆိုရင် ၁ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် ရှိနေခဲ့တဲ့ အဲဒီ ၂၀၂၁ ဧပြီ ၂၄ ရက် ဂျာကာတာ အစည်းအဝေးကနေ ၁။ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရေး ၂။ သက်ဆိုင်သူတွေ တွေ့ဆုံ ဆွေးနွေးရေး ၃။ အဲဒီလို ဒိုင်ယာလော့ဂ်တွေ ဖြစ်လာဖို့ အာဆီယံ အထူးသံက ကြားဝင် ညှိနှိုင်းပေးရေး ၄။ အာဆီယံကတစ်ဆင့် စာနာမှု အကူအညီတွေ ပေးရေးနဲ့ ၅။ အာဆီယံ အထူးသံ မြန်မာပြည်ကို လာပြီး သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး ဆိုတဲ့ ဘုံသဘောတူမှု ၅ ချက် ရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်ကျော့ပြန် စစ်အာဏာသိမ်းခံရတဲ့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေးမှာ အာဆီယံက ကမကထလုပ်ပြီး ကြားဝင် ဆောင်ရွက်မယ် ဆိုတဲ့ လမ်းကြောင်း အပေါ် ကုလသမဂ္ဂ မျက်နှာစာမှာ တရုတ်၊ ရုရှား ကအစ ကန့်ကွက်သူမရှိဘဲ အားပေး ထောက်ခံတယ် ဆိုတဲ့ သဘောထားတွေ ဖော်ပြခဲ့ကြပါတယ်။
မြန်မာ့အရေး ဖြေရှင်းမှုမှန်သမျှဟာ လူထုဆန္ဒကိုသာမက မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တွေ လိုလားတဲ့ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီ၊ ခွင့်တူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ အခြေခံမူတွေကို ထင်ဟပ်ခြုံငုံနိုင်စွမ်း ရှိရပါမယ်ဆိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောခဲ့ပါတယ်။
စစ်ကောင်စီဘက်က အခုလောလောဆယ် အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွှက်နေပြီးတော့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ စစ်ကောင်စီရပ်တည်ချက်ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်တာမရှိရင် အရာအားလုံးကို ဆွေးနွေးလို့ရတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။








