ကမ်းထောင်းကြီး စစ်ရှောင်စခန်းနေရာ ဖယ်ပေးရမယ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းကို မကြာခင်လက်ရှိနေရာကနေ ပြောင်းရွှေ့ပေးရတော့မယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
အဲ့ဒီနေရာဟာ ကမ်းထောင်းကြီးမြို့ရဲ့ ဘောလုံးကွင်းနေရာမှာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကနေ ယာယီ တည်ဆောက်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီဘောလုံးကွင်းကို အသုံးပြုဖို့ လိုအပ်လာတယ်ဆိုပြီးတော့ စစ်ဘေးရှောင်စခန်းကို နေရာပြောင်းရွှေ့ခိုင်းထားတာဖြစ်တယ်လို့ စခန်းကော်မတီ ဦးဝင်းလှအောင်က ပြောဆိုပါတယ်။
ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်နေအိမ်ပေါင်း ၁၈၀ ခန့်ရှိပြီး ဒေသခံတွေဘက်က စခန်းတည်ဆောက်ထားတဲ့နေရာကို ဘောလုံးကွင်းအဖြစ် ပြန်လည်အသုံးပြုဖို့ တောင်းဆိုမှုတွေရှိနေသလို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူကယ်ပြန်) ကလည်း နေရပ်ပြန်မယ့်သူတွေကို စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လူကယ်ပြန်က အခုလဆန်းပိုင်းလောက်မှာ နေရပ်ပြန်မယ့်သူတွေကို ပထမဦးစားပေးအနေနဲ့ စာရင်းပေးပါဆိုပြီးတော့ စာရင်းကောက်ယူမှုတွေပြုလုပ်ခဲ့ပြီး နောက်ဆွေမျိုးမိသားစုဆီမှာ နေမယ့်သူတွေက ဒုတိယဦးစားပေး၊ စစ်ရှောင်စခန်းမှာ ဆက်နေမယ့်သူတွေက တတိယဦးစားပေးဆိုပြီး စာရင်းကောက်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"ဒီကမ်းထောင်းကြီးဒေသခံတွေက ဒီဘောလုံးကွင်းနေရာမှာ သူတို့ဒေသခံတွေ အားကစားတွေ လုပ်ချင်တယ်ဆိုပြီး နေရာပြောင်းရွှေ့ပေးဖို့ ဖေဖော်ဝါရီ ၂၆ ရက်လောက်မှာ ပြောထားတာရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း နောက်ထပ်နေရာသစ်တစ်ခုကို တစ်ဧကကို တစ်နှစ်မှာ သိန်းနှစ်ဆယ်နဲ့ နှစ်ဧကငှားထားရပါတယ်။"လို့ ဦးဝင်းလှအောင်က ပြောပါတယ်။
အခုလို စာရင်းကောက်ယူမှုတွေ ပြုလုပ်တဲ့အခါမှာ အိမ်ထောင်စုပေါင်း ၁၈၀ ရှိတဲ့အနက် ၇၂ အိမ်ထောင်စုက နေရပ်ပြန်ဖို့ စာရင်းပေးထားပြီး ကျန်တဲ့မိသားစုတွေကတော့ စခန်းအသစ်ချပေးမယ့်နေရာမှာ ဆက်နေသွားမယ်လို့ သိရပါတယ်။
အဲ့ဒီစာရင်းကို စခန်းတာဝန်ရှိသူတွေနဲ့ လူကယ်ပြန်ဌာနတို့က ကောက်ယူခဲ့တာဖြစ်ပြီး နေရပ်ပြန်မယ့်သူတွေကိုတော့ အိမ်ထောင်စုတစ်ခုကို ကျငွေငါးသိန်းစီ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ကမ်းထောင်းကြီးစခန်းကို နေရာပြောင်းရွှေ့ပေးဖို့ ဒေသခံတွေဘက်က တောင်းဆိုလာခဲ့တဲ့အချိန်မှာ စစ်ဘေးရှောင်တွေကို နေရပ်ကို အတင်းပြန်ခိုင်းတဲ့သဘောနဲ့ အစိုးရဘက်က စာရင်းကောက်ယူနေတာ မဟုတ်ဘဲ နေရပ်ပြန်လိုတဲ့သူတွေရှိရင် အကူအညီပေးနိုင်ရေးအတွက် စာရင်းကောက်ခိုင်းထားတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီက ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"ကျွန်တော်တို့မှာ နေရပ်ပြန်မယ့်စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့အတွက် မူရှိပါတယ်။ ပြန်လိုတဲ့နေရာမှာ ရှင်းလင်းမှုတွေလုပ်ပေးမယ်။ ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ပေးမယ်။ နေရပ်ပြန်မယ့်စစ်ဘေးရှောင်တွေကို ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ စာရင်းကောက်ယူဖို့ ညွန်ကြားထားပါတယ်။ အတင်ပြန်ခိုင်းနေတာမဟုတ်ဘူး။"လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
နေရာအသစ်ချပေးမယ့် စခန်းမှာဆက်နေမယ့် စစ်ဘေးရှောင်မိသားစုတွေအတွက် နေအိမ်တွေ ဆောက်လုပ်ပေးဖို့အတွက် UNHCR ကနေ အကူအညီပေးသွားဖို့ရှိနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းမှာတော့ အစိုးရရဲ့ထောက်ပံ့ရိက္ခာတွေ အဖြတ်ခံထားရတာ သုံးလကြာပြီး အခုလမှာတော့ ပြန်လည်ရရှိခဲ့တယ်လို့ စခန်းကော်မတီ ဦးဝင်းလှအောင်က ပြောပါတယ်။
အခုလအတွက် ရိက္ခာထောက်ပံ့မှုတွေ ပြန်လည်ရရှိပြီဖြစ်ပေမယ့် လွန်ခဲ့တဲသုံးခန့်က ထောက်ပံ့မှု အဖြတ်ခံခဲ့ရတာကြောင့် စားရေးသောက်ရေး အခက်အခဲတချို့ ရှိနေပြီး လက်ရှိမှာလည်း စခန်းပြောင်းရွှေ့ပေးရမှာဖြစ်တဲ့အတွက် အဆင်မပြေမှုတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။
ကမ်းထောင်းကြီး စခန်းကို ဘယ်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရမယ်ဆိုတာနဲ့ ပက်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဒေသခံတွေက တစ်ဆင့် သိရပါတယ်။








