စစ်အာဏာသိမ်း ဆန့်ကျင်သူအချို့ မန္တလေးက ခွာ

ဓာတ်ပုံ ရင်းမြစ်, Vomdy
မန္တလေးမြို့မှာ ဒီရက်ပိုင်းအတွင်း မြေပြင်သပိတ်လှုပ်ရှားမှုတွေ မရှိသလောက် ဖြစ်နေပြီး မြို့ပြပြောက်ကျား အဖွဲ့တချို့ကလည်း မန္တလေးကနေစွန့်ခွာပြီ ဆိုပြီး ထုတ်ပြန်လာတာတွေ ရှိပါတယ်။
မေလဆန်းလောက်ကစပြီး စစ်အာဏာသိမ်း ဆန့်ကျင်သူတွေ ဖမ်းဆီးခံရ အသက်ခံရတာတွေ၊ မန္တလေးမြို့မှာ ရက်ပိုင်းဆိုသလို ခပ်စိပ်စိပ် ဖြစ်ပေါ်နေခဲ့ပြီး သွေးသောက်ဆိုတဲ့ စစ်တပ်ထောက်ခံတဲ့ အဖွဲ့က စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားသူ ၈ ဦးခန့်ကို ပြီးခဲ့တဲ့ရက်ပိုင်းက သတ်ဖြတ်ခဲ့ကာ အလောင်းတွေကို မန္တလေးမြို့က လမ်းတွေပေါ်မှာ အဖွဲ့တံဆိပ်နဲ့ စွန့်ပစ်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။
ဒီလို မြေပြင်သပိတ်တွေ မြို့ပြပြောက်ကျားအဖွဲ့တွေ မန္တလေးမြို့မှာ လှုပ်ရှားဖို့ အားနည်းလာတာဟာ မန္တလေးမြို့ရဲ့ မြို့နယ်တွေက ဒေသခံအများစု ပူးပေါင်းပါဝင်တာနည်းလို့ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေဘက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SIMPLE lIGHT
အားပေးဖို့မျှော်တဲ့ မြေပြင်သပိတ်
ပြီးခဲ့တဲ့ မေလ (၃)ရက်နေ့ မြလိပ်တောင်ထိပ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ကြွေးကြော်သံစာတမ်းကို မန္တလေးသပိတ် အင်အားစုအဖွဲ့က လူငယ်တချို့ ချိတ်ဆွဲခဲ့ပါတယ်။
နောက်နှစ်ရက်မှာတော့ အဲ့ဒီစာတန်းချိတ်ဆွဲခဲ့တဲ့ လူငယ်တွေကို စစ်ကောင်စီဘက်က ပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးသေဆုံးပြီး လေးဦးဖမ်းဆီးမိတယ်လို့ ဓာတ်ပုံနဲ့တကွ စစ်အာဏာသိမ်း ထောက်ခံသူတွေဘက်က စာတွေ ဖြန့်ဝေခဲ့ပါတယ်။
ဒါတွေဟာ မြေပြင်သပိတ်လှုပ်ရှားမှုတွေကို ရပ်တန့်သွားဖို့ လိမ်လည် ဝါဒဖြန့်တာဖြစ်ကြောင်း စာတမ်းချိတ်ဆွဲခဲ့သူ လူငယ်တွေ ဘေးကင်းပြီး အားလုံး ပြန်လည်ရောက်ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုအဖွဲ့က ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ မြေပြင်သပိတ်လှုပ်ရှားမှုတွေ သိသိသာသာ လျော့နည်းလာတာက ဖေဖော်ဝါရီ ၉ရက်နေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုသူရအောင်အပါဝင် အလွတ်တန်း ဓာတ်ပုံ သတင်းထောက်တွေ အဖမ်းခံရတာကနေ စတင်ခဲ့တယ်လို့ ပြောကြပါတယ်။
ဒါ့အပြင် ဧပြီလဆန်းပိုင်းမှာ သပိတ်အင်အားစုထဲက မိန်းကလေး နှစ်ဦးအပါဝင် ရှစ်ဦး အဖမ်းခံရပြီး လက်ရှိအချိန်ထိ အဆက်သွယ်မရဖြစ်နေပါတယ်။ သင်္ကြန်မတိုင်ခင် ရက်ပိုင်းမှာလည်း ဆက်တိုက်ဆိုသလို မြေပြင်သပိတ်လှုပ်ရှားသူတွေ ထပ်မံ အဖမ်းဆီးခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vomdy
ဒီလို မြေပြင်သပိတ်လှုပ်ရှားသူနဲ့ ဦးဆောင်သူတွေ ဆယ်ချီအဖမ်းဆီးခံလိုက်ရပြီးနောက် လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
မန္တလေးမြို့ ရပ်ကွက်တချို့မှာလည်း ဒေသခံတွေ ပူးပေါင်းပါဝင်မှု လျော့နည်းလာတယ်လို့ မဟာအောင်မြေ တပ်ပေါင်းစုအဖွဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
" တချို့နေရာ တွေမှာ သပိတ်လာရင်ကို တံခါးတွေပိတ်တာ ပြေးတာတို့ ရှိတယ်။ လူနည်းစုလောက်ပဲ ဘယ်ကိုသွား ဘယ်ကိုမသွားနဲ့ စိုးရိမ်ကြတာ။ အခုနောက်ပိုင်းက ထောက်ခံသူတွေပါ ဖမ်းဆီးတာရော သွေးသောက် သတင်းတွေကြောင့် ပြည်သူတွေ ကြောက်လာတာလည်း အားနည်းချက်ပါ"လို့ လက်ရှိမြေပြင်သပိတ်တွေ အားနည်းလာတာနဲ့ ပက်သက်လို့ သပိတ်ဦးဆောင်သူ လူငယ်တစ်ဦးက ဆိုပါတယ်။
ရှုပ်ထွေးမှုတွေကြားက လှုပ်ရှားမှု
မေလ(၃)ရက်နေ့ မြို့ပြပြောက်ကျားတပ်ဖွဲ့က လူငယ်တချို့ဟာ မန္တလေးမြို့မှာ ဒဏ်ရာကုသနေစဉ် သတင်းပေးကြောင့် စစ်ကောင်စီနဲ့ ပစ်ခတ်မှုဖြစ်ပွါးပြီး မိန်းကလေးတစ်ဦးအပါအဝင် လူငါးဦးသေဆုံးခဲ့ပါတယ်။
ဒါဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေသူတွေကို မြို့ဒေသခံတွေက စောင့်ရှောက် ကူညီမှု အားနည်းခဲ့လို့ မြို့ပြလှုပ်ရှားသူတွေအတွက် စိတ်အနှောင့်ယှက်ဖြစ်စရာနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ သုံးခုက မန္တလေးမြို့ပေါ်မှာ စစ်အာဏာသိမ်း လှုပ်ရှားမှု လုပ်ငန်းတွေကို စွန့်ခွါပြီလို့ ကြေညာချက် စာစောင်ထွက်ပေါ်ခဲ့ပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ အဖမ်းခံရပြီး နောက်ရက်တွေအတွင်း မန္တလေးမြို့မှာ ရပ်ကွက်အချို့က နေအိမ်တွေကို စစ်ကောင်စီက အင်အားသုံး စစ်ဆေး ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါ့အပြင် လမ်းမကြီးတွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့တွေက သွားလာနေတဲ့ယာဉ်တွေ ရပ်ခိုင်းပြီး စစ်ဆေးဖမ်းဆီးတာ ရပ်ကွက်တွေမှာ အရပ်ဝတ်တွေနဲ့ လှည့်လည်သွားလာနေတာတွေဟာ အရင်ထက် များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ဟိုနေ့က ရပ်ကွက်ရုံး ၆ရုံးလောက်ရှေ့ဖြတ်တာ ခြောက်ခါလောက် အစစ်ခံရတယ်။ တစ်မြို့လုံးစစ်နေတာကို သတိထားမိတာ။ မြို့ပြပြောက်ကျားတပ်တွေ မြို့စွန့်ခွါတယ်လို့ စာထုတ်တာ သက်ရောက်မှုရှိတယ်။ ထုတ်ပြန်ချင်စရာပါပဲ။ လူတွေက ပုံမှန်အတိုင်း သွားလာနေကြတာ။ လုပ်တဲ့လူက လုပ်နေတာ။ တဖြည်းဖြည်း ဒီမှာက စကစက အုပ်စီးမိသလိုဖြစ်နေပြီ။ ဟိုဘက်ကလည်း အထိခိုက် အဖမ်းဆီး အသေပျောက်များလာတဲ့အခါ လူတော်တော်များများက စိတ်ဓာတ်ကျသလိုမျိုးပဲ။ ငါတို့မန္တလေး ရှုံးနေပြီလားပေါ့"လို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ဒေသခံတစ်ဦးက မြင်တွေ့ခဲ့ရတဲ့ အခြေနေကို ပြောပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီနဲ့ပက်သက်တဲ့ ဌာနဆိုင်ရာရုံးတချို့နဲ့ စီးပွါးရေးလုပ်ငန်း တချို့မှာ ဗုံးပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ပေါ်သလို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီ သတင်းပေးတွေလည်း အသတ်ခံရတာ ခပ်စိတ်စိတ်ရှိလာပါတယ်။
စစ်ကောင်စီသတင်းပေး အသတ်ခံရတာတွေဟာ ဒီနှစ်အတွင်းမှာ ဆယ်ယောက်ကျော် ရှိပြီလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဧပြီလကုန်ပိုင်းရက်တွေက သွေးသောက်အဖွဲ့ အမည်ခံ စစ်အာဏာသိမ်းမှုကို ထောက်ခံကြသူတွေက ရက်ဆက်ဆိုသလို မန္တလေးမြို့ ဒေသခံ ရှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
သူတို့အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းကို သေဆုံးသူတွေရဲ့ လည်ပင်းမှာ သွေးသောက်အဖွဲ့ အမည်ခံကတ်ပြားကို ချိတ်ဆွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီရက်ပိုင်း အသတ်ခံရသူအများစုဟာ NLD ပါတီအဖွဲ့ဝင်တွေအပြင် ပါတီထောက်ခံသူနဲ့ ဆွေမျိုးတော်စပ်သူ သာမာန်အရပ်သားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီလို မတရား ဖမ်းဆီးပြီး သတ်ဖြတ်တာတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာ လက်နက်မဲ့ပြည်သူကို အကြောက်တရားဖြစ်ပေါ်လာအောင် ပြုလုပ်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ဆိုပါတယ်။
ဒီလိုဖမ်းဆီး သတ်ဖြတ်တာတွေ မန္တလေးမြို့မှာ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပေမယ့် ဒီနှစ်ဆန်းပိုင်းကတည်းက ဒေသခံအများစုဟာ ပွဲတော်တွေမှာ ပါဝင်ဆင်နွဲတာ ဘီယာ၊ အရက်ဆိုင်တွေမှာ နေ့စဉ် လူအပြည့်ရှိနေပါတယ်။
ဒါ့အပြင် မြို့တွင်း ရပ်ကွက်နဲ့ လမ်းမကြီးတွေမှာ ပုံမှန်လို သွားလာနေပြီး စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ အားနည်းလာတာတွေ ရှိနေတာကို တွေ့မြင်ရတယ်လို့ လူငယ်ဒေသခံတွေက ပြောပါတယ်။








