ခရီးသည်တွေ ပိုဝင်လာဖို့ ကိုဗစ်စည်းကမ်းတချို့ စစ်ကောင်စီ ဖြေလျှော့

မြန်မာနိုင်ငံတွင်း ဝင်ရောက်လာကြသူများ

ဓာတ်ပုံ ရင်းမြစ်, Yangon International Airport FB

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံတွင်း ဝင်ရောက်လာကြသူများ
ရေးသားခဲ့သည်။

ကိုဗစ်ကူးစက်မှုတွေနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ရတဲ့ နိုင်ငံတကာ လေကြောင်းခရီးစဥ်တွေ (commercial flights) ကို စစ်ကောင်စီက ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးလိုက်ပြီးနောက် နှစ်ပတ်ခန့်အကြာမှာ ကိုဗစ်စည်းမျဥ်းစည်းကမ်းတချို့ကိုပါ ထပ်မံ ဖြေလျှော့ပေးလိုက်ပါတယ်။

မေလ ၁ ရက်နေ့ကစပြီး ပုံမှန်ပြေးဆွဲနေကြ နိုင်ငံတကာ ခရီးသည်တင် လေယာဥ်တွေနဲ့ လိုက်ပါလာသူတွေဟာ အချိန်တိုအတွင်း ကိုဗစ်ရှိမရှိ ချက်ချင်းသိနိုင်မယ့် RDT နည်းနဲ့ တနာရီအတွင်း လေဆိပ်မှာ အလွယ်တကူ စစ်ဆေးနိုင်တော့မယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ပြနိုင်ပြီး ကိုဗစ်မရှိဘူးလို့ စမ်းသပ်တွေ့ရှိရရင် ကွာရန်တင်း ဝင်စရာမလိုတော့ဘဲ ဆက်လက်ခရီးနှင်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ‌ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က လေဆိပ်မှာ နှစ်ပတ်အတွင်းလူ ၆၀၀၀ လောက်ကို RT PCR နည်းနဲ့ စစ်ဆေးရာမှာ ပိုးတွေ့ရှိမှုနှုန်းနည်းတဲ့ အတွက် အခုလို RDT နည်းနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

ကိုဗစ်စည်းမျဥ်းတချို့ ဖြေလျှော့မယ်လို့ စစ်ကောင်စီ ကြေညာ

ဓာတ်ပုံ ရင်းမြစ်, MOHS FB

ဓာတ်ပုံ ပုံစာ, ကိုဗစ်စည်းမျဥ်းတချို့ ဖြေလျှော့မယ်လို့ စစ်ကောင်စီ ကြေညာ

“Commercial Flights နဲ့ လိုက်ပါလာသူတွေက မြန်မာနိုင်ငံသားဆိုရင် ၅၀၀၀ နီးပါး၊ နိုင်ငံခြားသား ၁၀၀၀ လောက်ပေါ့လေ။ အဲလို စစ်ဆေးတဲ့နေရာမှာ ခရီးသည် ၁၅ ဦးလောက်ပဲ တွေ့တဲ့အတွက် ပိုးတွေ့ရှိမှုနှုန်းကလည်း ၀.၃ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက်ကြောင့်မလို့ အခု RT PCR နည်းနဲ့ စစ်ဆေးတယ်ဆိုတာ RDT နဲ့ လေဆိပ်မှာပဲ စစ်မှာပေါ့လေ။ “လို့ ဒေါက်တာဉာဏ်ဝင်းမြင့်က ပြောပါတယ်။

ပုံမှန်ပြေးဆွဲနေကြ နိုင်ငံတကာ ခရီးသည်တင် လေယာဥ်တွေနဲ့ လိုက်ပါစီးနင်းလာပြီး မြန်မာပြည်ဝင်ရောက်လာမယ့်သူတွေဟာ လွန်ခဲ့တဲ့ (၁၄)ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးကြောင်းလက်မှတ်၊ လွန်ခဲ့တဲ့ (၇၂)နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်မရှိကြောင်း အဖြေအပါအဝင် ကျန်းမာရေးကြေညာချက် (Health Declaration Form) စတဲ့ စာရွက်စာတမ်းတွေ လိုအပ်မှာလည်း ဖြစ်ပါတယ်။

ပြည်တွင်းကို ဝင်ရောက်လာမယ့် ခရီးသည်တွေ ပိုအဆင်ပြေစေဖို့အတွက် အခုလို ကိုဗစ်စည်းမျဥ်းတွေ လျှော့ချပေးတာလို့ စစ်ကောင်စီဘက်က ပြောနေပေမယ့် လက်ရှိ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းကို အလည်အပတ်လာရောက်သူ မရှိသလောက် နည်းပါးတယ်လို့လည်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ထောက်ပြကြပါတယ်။

ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေဟာ မြန်မာနိုင်ငံသား အများစုဖြစ်ပြီး နိုင်ငံခြားသားတချို့ကတော့ စီးပွားရေးလုပ်ငန်းတွေကြောင့် ပြန်လည် ဝင်ရောက်လာကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်နိုင်ငံတကာလေဆိပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်နိုင်ငံတကာလေဆိပ်

ကမ္ဘာ့ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အထိနာခဲ့ရတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ဖို့ စစ်ကောင်စီဘက်က အခုလိုကြိုးစားနေပေမယ့် နိုင်ငံခြား ခရီးသွားလုပ်ငန်း ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်ပါတယ်။

“ကဏ္ဍသုံးခု ကျွန်တော်တို့ ပြောလေ့ရှိတယ်ပေါ့လေ။ ပြင်ပထွက်ခွာတဲ့ ခရီးစဥ်တွေမှာလည်း လက်ရှိမှာ ပြည်တွင်းကနေ ပြည်ပထွက်တာရှိတယ်။ ဒါကတော့ အခုလောလောဆယ် ပြန်စနေပြီ။ အခု နိုင်ငံတကာ လေကြောင်းလိုင်းတွေ အခု ပြန်ဆွဲပြီဆိုတော့ ခရီးသွားအေဂျင်စီတွေကနေ လက်မှတ်ပြန်ရောင်းကြပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံကို အပန်းဖြေခရီးအနေနဲ့ မလာကြသေးဘူး။ မလာသေးတဲ့အတွက် ပြည်တွင်းကိုလာရောက်တဲ့ ခရီးသည်တွေအပေါ် အားထားပြီး လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ အခုလောလောဆယ် အလုပ်လည်း မရှိသေးဘူး။ အနည်းဆုံး ၆ လလောက် စောင့်ရမယ်။ ၂၀၂၃ လောက်မှပဲ ပြန်ပြီးတော့ ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်” လို့ ဆိုပါတယ်။

ကယ်ဆယ်ရေး လေယာဥ် (Relief flights) နဲ့ ပြန်လည်ဝင်ရောက်လာကြမယ့်သူတွေကတော့ ကိုဗစ်ပိုး ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ သတ်မှတ်ထားတဲ့ နေရာတွေမှာ သီးခြားခွဲနေရမှာ ဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာန ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သူတို့အတွက်လည်း ကွာရန်တင်း ဝင်ရမယ့်ရက်တွေကို လျှော့ပေးလိုက်ပြီး ကာကွယ်ဆေး အပြည့်ထိုးထားသူတွေအနေနဲ့ အသွားအလာ ကန့်သတ်ထားရှိမှု (၅)ရက်အစား (၃) ရက်ကို ပြောင်းလဲ သတ်မှတ်လိုက်သလို ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူတွေကိုလည်း အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်ကို ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်။