စစ်ပြေးရင်းက တံတားကျိုးကျလို့ ရေနစ်အသက်ဆုံးရ၊ မြွေကိုက်ခံရတဲ့သူတွေလည်း ရှိနေ

မြစ်သာမြစ်၊ ကလေးမြို့၊ တံတားကျိုးကျ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေရဲ့ အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျခဲ့တဲ့ မြစ်သာမြစ်ကူးတံတား (ပုံဟောင်း)
ရေးသားခဲ့သည်။

ရွာထဲကို ဧပြီ ၂၈ ရက်မနက်ပိုင်းမှာ တရစပ်ပစ်ခတ်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ဒဏ်ကြောင့် အသက်ဘေးလွတ်အောင် ဒိုးနွယ် ၊ အရှေ့စည်းနဲ့ ကျောက်ဖူးရွာဒေသခံတွေဟာ မြစ်သာမြစ်တဖက်ကမ်းကို ထွက်ပြေးဖို့ မြစ်ကူးတံတားပေါ်မှာ ပြည့်ကျပ်နေချိန် တံတားဟာ ရုတ်တရက် ကျိုးကျသွားခဲ့ပါတယ်။

"တံတားကျိုးလို့ မြစ်ထဲကျပြီး ကျွန်မသမီးဆုံးသွားတာ။ ကျွန်မသမီးလေးက အသက် ၆ နှစ်ပါ ။ နာမည်ကတော့ ယွန်း၀တီ" လို့ပြောပြီးနောက်မှာတော့ မယွန်း၀တီရဲ့မိခင်အသံဟာ တိုးတိမ်သွားပါတယ်။

တခဏတိတ်ဆက်သွားတဲ့နောက် မယွန်း၀တီမိခင်အသံကို နောက်ထပ်မကြားရတော့ပါဘူး။ မယွန်း၀တီရဲ့ အဒေါ်ဖြစ်သူကတော့ "သူစကားဆက်မပြောနိုင်တော့ဘူး။ ငိုနေပြီ " လို့ပြောလာပါတယ်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှာ ဧပြီ ၂၇ ရက်က မြစ်သာမြစ်ကူးတံတားကျိုးကျပြီး ရေနစ်သေဆုံးသူတွေ ၇ ဦးထက်မနည်း ရှိခဲ့ပါတယ်။

အဲဒီနေ့က ဖြစ်စဥ်နဲ့ သူတို့ရင်ဆိုင်ခဲ့ရတဲ့အခြအနေတွေကို မယွန်း၀တီရဲ့အဒေါ်က ခုလိုပြန်‌ပြောပြပါတယ်။

မြစ်သာမြစ်ကို ဘာလို့ဖြတ်ကူးရသလဲ

ရွာမြောက်ဘက်ကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်လာချိန်မှာ မယွန်းဝတီရဲ့ မိသားစုဝင်တွေဟာ အရေးကြီးတာတွေ အဆင်သင့်ထုပ်ပိုးထားတဲ့ အထုပ်တွေနဲ့ ကလေးတွေကို ဆိုင်ကယ်နဲ့ခေါ် ပြီး မြစ်သာမြစ်ကူးတံတားကို ရောက်ခဲ့ကြပါတယ်။

အဲဒီတံတားကလည်း နွေရာသီမှာ မြစ်ကူးလို့ရအောင် ဒေသခံတွေက စုပေါင်းပြီး သစ်သားနဲ့ဆောက်ထားကြတာပါ။

မြစ်သာမြစ်ရဲ့တစ်ဖက်ကမ်းမှာ တောတောင်တွေရှိတာကြောင့် စစ်ဘေးလွတ်ရာ အဲဒီဘက်ကို ထွက်ပြေးကြဖို့ မြစ်သာမြစ်ကို ဖြတ်ကူးဖို့ကြိုးစားကြပါတယ်။

"တူမလေးရယ်၊ တူလေးရယ် အမျိုး ငါးယောက် ပါတယ်။ တံတားပေါ်မှာ ပြည့်ကျပ်နေတာ။ တံတားလည်းကျိုးရော ၊ ကျွန်မက တူလေးကိုကယ်ပြီး ကမ်းစပ်ကို အတင်းကူးတာ၊ ကမ်းစပ်ကလူတွေက ဝိုင်းဆယ်ကြတယ်။ တူမလေးကတော့ ဆိုင်ကယ်နဲ့ရောပြီး မြုပ်သွားတာ ပြန်မပေါ်လာတော့ဘူး" လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ မယွန်း၀တီရဲ့ အဖြစ်ကို အဒေါ်ဖြစ်သူက ပြောပြပါတယ်။

ကပ်ဘေးကြား စာသင်ချင်ခဲ့တဲ့ ၆ နှစ်သမီး

တစ်ဦးတည်းသောသမီး မယွန်း၀တီဟာ စကားပြောသွက်လက်ချက်ချာပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တာတွေကြောင့် ဆွေမျိုးတွေအပြင် ရပ်ရွာကပါ ချစ်ခင်ကြတယ်လို့ ဆိုပါတယ်။

အသက် ၆ နှစ်ရောက်ပေမဲ့ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းအခြေအနေတွေကြောင့် မူကြိုကျောင်းတောင် မတက်ဖြစ်ခဲ့တဲ့ မယွန်း၀တီက စာအရမ်းသင်ချင်တယ်လို့ မိဘတွေကို ပူဆာလေ့ရှိပါတယ်။

ကလေးမြို့ကို စစ်ကြောင်းတွေ မကြာခဏ ဝင်နေတာကြောင့် မြစ်သာမြစ်တစ်ဖက်ကမ်းက တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရင်းကနေ ဒိုးနွယ်ရွာကို ပြန်လာပြီး ဆွေမျိုးနီးစပ်တော်သူတစ်ယောက်ဆီမှာ စာသင်နေတဲ့ ၆ ရက်မြောက်မှာတော့ ဒီအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။

" သူများတွေက စာတွေ ဆိုတတ်နေပြီ။ သမီးက ဘာမှမတတ်သေးဘူး။ စာသင်ချင်တယ်လို့ တဖွဖွပူဆာနေတာ။ သင်လွယ်တတ်လွယ်တဲ့ ကလေးလေးပါ။ သင်တာ ၆ ရက်ပဲရှိသေးတယ်။ ကကြီးခခွေးလေး ရေးတတ်နေပြီ။ရင်နာလွန်းလို့ ဘာပြောရမှန်း မသိတော့ဘူး " လို့ပြောရင်း အဒေါ်ဖြစ်သူရဲ့ ငိုသံနဲ့အတူ အမျိုးသမီးတွေရဲ့ ရှိုက်ကြီးတငင်ငိုသံတွေကို ကြားနေခဲ့ပါတယ်။

မယွန်း၀တီရဲ့အလောင်းကို ပြန်တွေ့ချိန်မှာ ရွာထဲကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတုန်းမို့ ရွာ သုဿာန်မှာ မသင်္ဂြိုဟ်နိုင်တော့ဘဲ သူ အသက်ဆုံးရှုံးခဲ့ရတဲ့ မြစ်သာမြစ်ကမ်းဘေးမှာပဲ မြေမြုပ်ခဲ့ရပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ပေးသူတွေရဲ့ စာရင်းတွေအရ မယွန်း၀တီနဲ့အတူ လက်နက်ကြီးပစ်ခတ်ခံရမယ့်ဘေးကို ရှောင်ရင်း မြစ်သာမြစ်ကူး တံတားကျိုးကျလို့ ရေထဲကျသူ အယောက် ၅၀ ဝန်းကျင်လောက် ရှိခဲ့ပါတယ်။

မြစ်ကမ်းပေါ်က တခြားဒေသခံတွေက ဝိုင်းဝန်းကယ်ဆယ်လို့ အသက်ဘေးလွတ်သူတွေ ရှိခဲ့သလို ရုပ်အလောင်း ပြန်တွေ့တဲ့ အရေအတွက် ၇ ယောက်ရှိတယ်လို့ သိရပါတယ်။

အပူပေါ်အပူဆင့်ကြရသူများ

စစ်ဘေးဒုက္ခကို ရှောင်ရင်း ရေနစ်ပြီး အသက်ဆုံးရှုံးခဲ့ရသူတွေထဲ ဒိုးနွယ်ရွာမှာ မယွန်း၀တီအပါအ၀င် အသက် ၂ နှစ်အရွယ်ကနေ အသက် ၈ နှစ်အရွယ်ကြား ကလေးငယ် သုံးဦးနဲ့အသက် ၅၀ အရွယ် ဒေါ်ခင်မာအေးတို့ ဖြစ်ပါတယ်။

အရှေ့စည်းရွာမှာတော့ အသက် ၁၄ နှစ်အရွယ် မချော ၊ အသက် ၂၂ နှစ်အရွယ် မောင်ဇာနည်ထွန်းနဲ့ မဇာဇာဌေးတို့ ပါ။

" သေနတ်သံတွေက ကျွန်တော်တို့လို လူငယ်တွေတောင် လန့်ကြတာဗျာ။ တံတားရဲ့အလေးချိန်လည်း မတွက်ဆနိုင်တော့ဘူး။ လွတ်အောင်ပြေးကြရတာကိုး။ အမေ တစ်ဖက်ကမ်းပေါ်ရောက်ပြီလို့ထင်ထားတော့ ရေထဲကျမယ်လို့ ထင်မထားဘူး။ အမေ့အလောင်းကို ပြန်တွေ့တော့ ပန်ထားတဲ့ပန်းလေးလည်း ရှိနေတယ်။ အဲ့အချိန်မှာက အနောက်မှာက လက်နက်ကြီးသံတွေနဲ့ဆူ၊ အရှေ့မှာက တံတားကျိုးကျပြီး ရေနစ်လို့ အော်ဟစ်နေတာနဲ့ ဘယ်လိုပြောမလဲဗျာ၊ ကမ္ဘာတစ်ဖက်မှာ မီးလောင်ပြီး တစ်ဖက်မှာ မှောင်မိုက်နေသလိုပဲ" လို့ ဒေါ်ခင်မာအေးရဲ့သားဖြစ်သူက ပြောပါတယ်။

အဲဒီလိုအပူပေါ်အပူဆင့်သူတွေထဲ စစ်ကိုင်းမြို့မှာ ဧပြီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကြောင်းထိုးခံရတာကြောင့် ထွက်ပြေးလာတဲ့ ညောင်ပင်ရှည်ရွာက မြေးအဘွား နှစ်ယောက်လည်း ပါ၀င်ပါတယ်။

ဒီမြေးအဘွားနှစ်ယောက်ဟာ မူးမြစ်ကိုဖြတ်ချိန်မှာ ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်ရေနစ်၊ မူးမြစ်၊ စစ်ကောင်စီ ထိုးစစ်၊ ‌‌‌ညောင်ပင်ရှည်ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် ထွက်ပြေးဖို့ မူးမြစ်ကို ဖြတ်ကူးရင်းညောင်ပင်ရှည်ရွာက ‌‌ မြေးအဖွားနှစ်ယောက် ရေနစ်ပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။

"စစ်ပွဲဖြစ်လို့ မြစ်ကိုဖြတ်ပြီး ပြေးလာကြတာ၊ အဲဒီအချိန်က သဖန်းဆိပ်ဆည်က ရေလွှတ်လိုက်တဲ့အချိန်။ ရေကတက်၊ မူးမြစ်က ရေစီးကြမ်းတော့ ရေစီးနဲ့ပါသွားတာ။ အခုချိန်ထိတော့ အလောင်းပြန်မရသေးဘူး။ ရွာထဲမှာလည်း အသက် ၇၀ ကျော်၊ ၈၀ ကျော် အဘိုးအဘွားနှစ်ယောက်လည်း အိမ်တွေမီးရှို့ခံရတော့ မီးထဲပါသွားတယ်" လို့ ဧပြီ ၂၂ ရက်က ဖြစ်ခဲ့တဲ့ အခြေအနေတွေကို စစ်ကိုင်းမြို့က ကူညီပေးသူတစ်ယောက်က ပြောပါတယ်။

လက်နက်သံကဆူ ၊ မြွေရန်လည်း ပူ

စစ်ကိုင်းတိုင်းထဲက မြို့နယ်တိုင်းနီးပါး စစ်ကြောင်းထိုး တိုက်ခိုက်ခံရတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေဟာ တောထဲတွေ၊ လယ်ခင်းယာခင်းတွေထဲမှာ တိမ်းရှောင်ရင်း အခုဆို မြွေအန္တရာယ်ကိုပါ ကြုံတွေ့နေကြရပါတယ်။

ကန့်ဘလူမြို့နယ်မှာဆိုရင် မတ် ၂၉ ရက်ကတည်းက တောထဲမှာ ပုန်းရှောင်နေရတဲ့ ကိုးထောင်ဘို့၊ ကွက်သစ်၊ ပုတောက်ခုံ၊ ကျွန်းကုန်း၊ ပေါက်ကုန်း၊ ကိုင်းမ၊ လျောဖြူကုန်း၊ ဇီးကနား၊ ‌နှောကုန်း၊ ချပ်ကုန်း၊ မိဿလင်ကုန်းနဲ့ ရှားချောင်‌ကျေးရွာအပါဝင် ကျေးရွာ ၁၂ ရာက ဒေသခံ နှစ်သောင်းကျော်ရှိပါတယ်။

အဲဒီထဲက စစ်ဘေးရှောင် ၅ ဦးဟာ မြွေပွေးကိုက်ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ မြွေဆိပ်ဖြေဆေးနဲ့ ဆေးဝါးကုသပေးနိုင်သူတွေရှိတာကြောင့် အသက်မဆုံးရှုံးခဲ့ရပေမဲ့ မြွေထပ်ကိုက်ခံရနိုင်ခြေရှိတာကြောင့် မြွေဆိပ်ဖြေဆေးတွေက ထပ်လိုအပ်နေပါတယ်။

" မြွေဆိပ်က ပြင်းရင် ပြင်းသလို ဆေးက လေးလုံးကနေ ၁၂ လုံးအထိ ထိုးလိုက်ရတဲ့သူတွေရှိတယ်။ အခုမြွေဆိပ်ဖြေဆေး က အရင်က လေးသောင်းကနေ ခြောက်သောင်းဝန်းကျင်၊ အခုတော့ ၈ သောင်းဝန်းကျင်လောက် ဖြစ်သွားတယ်။ ဆေးကလည်း ဝယ်ဖို့က အခုအခြေအနေနဲ့ အရမ်းခက်တယ်။ ဆေးဝယ်ဖို့ အလှူငွေထက် ဆေးရှိတဲ့သူတွေလှူပေးရင် ပိုကောင်းမယ်" လို့ ကိုးထောင်ဘို့ကျေးရွာက စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအတွက် ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။

မြွေဆိပ်ဖြေဆေး၊ ကန့်ဘလူ၊ စစ်ဘေးရှောင်

ဓာတ်ပုံ ရင်းမြစ်, Kotaungbo Revolution KTB-R

ဓာတ်ပုံ ပုံစာ, မြွေပွေးအန္တရာယ် စိုးရိမ်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ မြွေဆိပ်ဖြေဆေး

တောထဲက စစ်ဘေးရှောင်တွေဟာ တဲတစ်နေရာကနေ တခြားနေရာကို သွားတဲ့အချိန်၊ တောထဲမှာ ဟင်းစားထွက်ရှာချိန်၊ ငါး ဖမ်းချိန်တွေမှာ အကိုက်ခံရတာဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်မှာ တစ်နှစ်ကို မြွေကိုက်ခံရသူ အနည်းဆုံး ၇၀ ဝန်းကျင်လောက်ရှိနေပြီး လာမယ့် မေလနဲ့ ဇွန်လတွေမှာ မြွေမိတ်လိုက်တဲ့ရာသီဖြစ်တာကြောင့် မြွေပွေးတွေ ထပ်ထွက်လာဦးမှာဖြစ်တဲ့အတွက် အနည်းဆုံး ဆေးအလုံး ၂၀၀ လောက် လိုအပ်တယ်လို့လည်း ပြောပါတယ်။

တောထဲကနေ ရွာကိုပြန်ဖို့အတွက်ကလည်း အခုချိန်ထိ စစ်ကောင်စီတပ်တွေက တပ်စွဲထားတာကြောင့် လုံးဝမပြန်ရဲဘဲ မြွေအန္တရာယ်ကို သတိထားနေကြရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော်ရှိလာပြီ

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ စစ်ဘေးဒုက္ခသည် ရှစ်သိန်းတစ်သောင်းကျော် ရှိနေပါတယ်။ စစ်အာဏာမသိမ်းခင် ရှိတဲ့ စစ်ဘေးဒုက္ခသည် လေးသိန်း ကိုးသောင်းနဲ့ ဆိုရင် စုစုပေါင်း ဒုက္ခသည် ၁၃ သိန်းကျော်ရှိနေပြီလို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ စစ်ဘေးဒုက္ခသည်အများဆုံးကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး စုစုပေါင်း နှစ်သိန်းလေးသောင်းကျော်၊ ကယားကတော့ နှစ်သိန်းကျော်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

မြန်မာစကားပုံတွေဖြစ်တဲ့ " ဘူးလေးရာ ဖရုံဆင့်၊ မြွေပူရာ ကင်းမှောက်" ဆိုတဲ့အတိုင်း စစ်ဘေးကိုကြောက်လို့ရှောင်ရင်း ဒုက္ခအပေါ် သောကတွေဆင့်ရင်း တိုင်းပြည်အနာဂတ်လို့ပြောရမယ့် အသက် ၆ နှစ်အရွယ်မယွန်းဝတီတို့လို ကလေးငယ်တွေ၊ အလုပ်လုပ်နိုင်တဲ့အရွယ် လူငယ်လူရွယ်တွေအပြင် အသက်အရွယ်အိုမင်းကာမှ စစ်ပြေးရင်း အသက်ဆုံးရှုံးကြွေလွင့်ရသူတွေရှိလာပါတော့တယ်။